22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

တရုတ်နယ်စပ်ရွှေလီတွင် မြန်မာအလုပ်သမားများအား ပိုမိုတင်းကျပ်စစ်ဆေး

ရွှေလီမြို့ မှ ကုန်စုံဆိုင်တဆိုင် (ဓါတ်ပုံ-ညီမင်းဆန်း)
မေ ၁၀၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး  (YPI)

မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများကို သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက တင်းကျပ်စွာစစ်ဆေးမှုများရှိလာကြောင်း ရွှေလီမြို့မှ မြန်မာအလုပ်သမားများကပြောသည်။

မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့များရှိ တရုတ်နံပါတ်တပ် ယာဉ်အမျိုးမျိုးအား မေလမှစတင်၍ ညအိပ်ရပ်နာခွန် ကောက်ခံရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဧပြီ ၂၆ ရက်နေ့ရက်စွဲဖြင့် ပေးပို့ညွှန်ကြားခဲ့ပြီး အဆိုပါ ညွှန်ကြားချက်အား နယ်စပ်မြို့များတွင် ထုတ်ပြန်ကြေညာပေးပြီးနောက် ရက်ပိုင်းအတွင်း ရွှေလီရှိ မြန်မာအလုပ်သမား များကို ပိုမိုတင်းကျပ်စွာ စစ်ဆေးလာခဲ့ကြောင်း ရွှေလီမြို့ရှိ အလုပ်သမားများနှင့် မူဆယ်မြို့ခံ ကုန်သည်များကပြောသည်။

“ဒီရက်ပိုင်းတွေမှာ ရွှေလီကရဲတွေ စစ်ဆေးတာပိုတင်းကျပ်လာတဲ့အတွက် အလုပ်သမားတွေ အပြင်တောင် မထွက်ရဲဘူးဖြစ်နေတယ်” ဟု ရွှေလီမြို့၌ လုပ်ငန်းလုပ်ကိုင်လျှက်ရှိသော အလုပ်သမား တစ်ဦးကပြောသည်။

ယခင်မြန်မာနိုင်ငံဘက်မှ သွားရောက်လုပ်ကိုင်သော အလုပ်သမားများကို တစ်ဖက်နိုင်ငံအာဏာပိုင် များမှ စစ်ဆေးမည်ဆိုပါက အလေးပြုပြီးမှသာ စစ်ဆေးပြီး တရားဝင်စာရွက်စာတမ်မပါဘဲ ၀င်ရောက်လာသော အလုပ်သမားများတွေ့ရှိပါ က မြန်မာအာဏာပိုင် ဘက်သို့ ပြန်လည်အပ်နှံခဲ့ကြောင်း မြန်မာအလုပ်သမားများကို စစ်ဆေးမှုမှာလည်း အလွန်နည်းပါးခဲ့ကြောင်း မြန်မာအလုပ်သမားများ ကပြောသည်။

“အရင်ကအခြေအနေတွေနဲ့ တော်တော်ကွာသွားပါပြီ။ မသင်္ကာတာနဲ့ စစ်တာဘဲ။ ယာယီပတ်စပို့မရှိရင် ဒါမှမဟုတ် ရက်လွန်နေတာကိုတွေ့ရင် ချက်ချင်းဖမ်းပြီး ဆေးဖြတ်တဲ့ စခန်းတွေကို တန်းပို့ပါတယ်”ဟု  ရွှေလီမြို့တွင် သွားရောက်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးက ပြောသည်။

မြန်မာအလုပ်သမားများအားထိန်းသိမ်းထားရန် နေရာသီးသန့်မရှိသောကြောင့် ဆေးဖြတ်စခန်းများတွင် ယာယီထိန်းသိမ်းခြင်းဖြစ်ပြီး အဆိုပါ ဆေးဖြတ်စခန်းများသို့ ရောက်ရှိသွားသော အလုပ်သမားများကို မိဘဆွေမျိုးများမှ သွားရောက် ရွေးယူပါက တရုတ်ယွမ်ငွေ ၅၀၀ ဒဏ်ကြေးအဖြစ်ပေးဆောင်ရသည်။ အဖမ်းခံရသည့်နေရာ၊အချိန်နှင့် နာမည်အပြည့်အစုံ ပြောနိုင်မှသာ ပြန်လည်ရွေးယူရန် လွယ်ကူကြောင်း ဒဏ်ကြေးပေးဆောင်ခဲ့ဖူးသူတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်များအတွက် မူဆယ်၊ ကြယ်ခေါင်တရုတ်ပြည်နယ်စပ်၊ နန်းတော်စစ်ဆေးရေး ဂိတ်ပေါက်ရှိ တဖက်နိုင်ငံ တာဝန်ကျဝန်ထမ်းတစ်ဦးအား မေးမြန်းရာ “တရားမ၀င် ၀င်ရောက်လာတဲ့သူတွေကိုပဲ အရေးယူတာပါ။
''လာလည်တဲ့ဧည့်သည်တွေ၊ ဈေးလာဝယ်တဲ့သူတွေ၊ ကုန်သည်တွေနဲ့ တရားဝင်အလုပ်သမားတွေကို ဖမ်းဆီးခြင်းလုံးဝမလုပ်ပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရွှေလီမြို့တွင် အလုပ်လုပ်လိုသော မြန်မာအလုပ်သမားများကို တစ်ဖက်နိုင်ငံ အာဏာပိုင်များက နေထိုင်ခွင့် အစိမ်းရောင်စာအုပ် ထုတ်ပေးကြောင်း၊ အဆိုပါအစိမ်းရောင်စာအုပ်ရရှိရန်အတွက် မြန်မာနိုင်ငံ လ.၀.က မှ ထုတ်ပေးသော အနီရောင်ယာယီနိုင်ငံကူး လက်မှတ်စာအုပ်၊ ရွှေလီရှိအိမ်ရှင် ထောက်ခံစာ၊ အိမ်ရှင်မှတ်ပုံတင်၊ စသည့်စာရွက်စာတမ်းများ တင်ပြရန် လိုအပ်ကြောင်း ရွှေလီမြို့နေ မြန်မာအလုပ်သမားများကပြောသည်။

ရွှေလီမြို့တွင် အစိမ်းရောင်စာအုပ်ရရှိရန် မြန်မာ လ.၀.က မှထုတ်ပေးသည့် အနီရောင်စာအုပ်ရှိရန်လိုအပ်ပြီး မူဆယ်တွင် သန်းခေါင်စာရင်းရှိသူများကိုသာ အနီရောင်စာအုပ် ထုတ်ပေးသောကြောင့် တစ်ဖက်နိုင်ငံသို့ တရားမ၀င်သွားရောက် အလုပ်လုပ်သူများပြားကြောင်း မူဆယ်ဒေသခံများကပြောသည်။

တစ်ဖက်နိုင်ငံနယ်စပ် ရွှေလီမြို့တွင် မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင် နေထိုင်ရန် အတွက် လိုအပ်သော စာရွက်စာတမ်းများ၊့ ရုံးလုပ်ငန်းဆိုင်ရာများနှင့် ငွေကြေးအခက်အခဲများ၊ အချိန်အခက်အခဲများရှိသည့်အတွက် လွယ်ကူသော နည်းလမ်းဖြစ်သည့်တရားမ၀င် သွားရောက်  လုပ်ကိုင်မှုများ များပြားခဲ့ခြင်းဖြစ်ကြောင်း အငြိမ်းစား လ.၀.က ဦးစီးမှူးတစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံမူဆယ်မှ တရုတ်နိုင်ငံကြယ်ခေါင်နှင့်ရွှေလီမြို့သို့ သွားရောက်လိုသူများအတွက် မြန်မာဖက်ခြမ်းတွင် လ.၀.က လက်အောက်ရှိ နိုင်ငံခြားသားတရားမ၀င်ကာကွယ် တားဆီးရေး အဖွဲ့များမှ ခုနစ်ရက်သက်တမ်းရှိ ယာယီနိုင်ငံကူးကဒ်ပြား အပြာရောင်ထုတ်ပေးပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလမတိုင်မီအချိန်ထိ အဆိုပါကဒ်ပြားကိုအသုံးပြု၍ ရွှေလီမြို့တွင် ခြောက်ညအိပ် ခုနစ်ရက်အထိ တည်းခိုနေထိုင်အလုပ်လုပ်ကိုင်နိုင်သော်လည်း ဧပြီလဆန်းပိုင်းမှစတင်၍ တစ်ဖက်နိုင်ငံတွင် ညအိပ်နေထိုင်ခွင့် မရှိတော့ကြောင်း မူဆယ်နှင့်ရွှေလီမြို့ရှိ မြန်မာအလုပ်သမားများကပြောသည်။

“ ဟိုက(ရွှေလီ) အလုပ်သမားတွေက ခုနစ်ရက်ကိုတစ်ကြိမ် မြန်မာဘက်ကိုလာပြီး ကဒ်ပြားအသစ် ပြန်လုပ်ပြီးတော့မှ ရွှေလီကိုပြန်ဝင်ပြီး အလုပ်လုပ်လေ့ရှိတော့ အဲဒီတုန်းကဆို အဆင်ပြေခဲ့ပါတယ်”ဟု ရွှေလီမြို့တွင်တရားဝင်နေထိုင်ခွင့်ရရှိပြီး ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကပြောသည်။   ။
Yangon Press International
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )