22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 25, 2012

စီးပွားရေးဇုန်စီမံကိန်း နေရာပြောင်းရွှေ့ပေးရန် ဒေသခံတောင်သူများ တောင်းဆို

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ မိုင်းနား၊ လဝမ်၊ ရွှေကျင်၊ နောင်တာလော အစရှိတဲ့ ကျေးရွာ ၁၇ ရွာက တောင်သူတွေ လက်ငုတ် လက်ရင်း လုပ်ကိုင်လာတဲ့ လယ်ယာဥယျာဉ်ခြံမြေ ဧက ၄၅၀၀ ကျော်ပေါ်မှာ ကချင်ပြည်နယ် အစိုးရရဲ့ စက်မှုဇုန်၊ ကုန်သွယ်မှုဇုန်နဲ့ အိမ်တွင်းမှုလုပ်ငန်းများ အကောင်အထည်ဖော်မဲ့ စီမံကိန်းကို တခြားနေရာကို ပြောင်းရွှေ့ပေးဖို့ တောင်သူတွေ အားလုံးက ဒီကနေ့ ဆန္ဒဖော်ထုတ် တောင်းဆိုလိုက်ကြပါတယ်။
ဒီကနေ့မနက်ပိုင်းက ဝိုင်းမော်မြို့နယ်၊ လဝမ်ကျေးရွာမှာ ပြုလုပ်တဲ့ တောင်သူ လူထုဆန္ဒခံယူပွဲမှာ တက်ရောက်လာတဲ့ ဒေသခံ တောင်သူတွေ အားလုံးက တညီတညွတ်တည်း အခုလို ဆန္ဒဖော်ထုတ်ခဲ့ကြပြီး စီမံကိန်းကို ကန့်ကွက်တာ မဟုတ်ကြောင်း တစ်ခြားနေရာကို ပြောင်းရွှေ့ခိုင်းခြင်းသာဖြစ်ကြောင်း မိုင်းနားကျေးရွာက တောင်သူ ဦးအောင်ထွေးက RFA ကိုပြောပါတယ်။
စီမံကိန်းတစ်ခုခု အကောင်အထည် ဖော်မယ်ဆိုပါက ပြည်သူလူထုကို အသိပေးဖို့ လိုအပ်ကြောင်း တောင်သူတစ်ဦးဖြစ်တဲ့ လဝမ်ကျေးရွာသူ တစ်ဦးကလည်း အခုလိုပြောပါတယ်။
"အခုလို စီမံကိန်းတွေ ဝင်လာမယ်ဆိုရင် တောင်သူတွေအတွက် ဆုတ်ယုတ်မှုအများကြီး ရှိလာမယ်။ ဒီနီးနီးနားနားမှာ လုပ်လို့ရှိရင် ပြည်သူတွေအတွက် ဆိုးကျိုးတွေ အများကြီးရှိလာမယ်။ လေထုညစ်ညမ်းမယ်။ ရေညစ်ညမ်းမယ်။ စိုက်ပျိုးရေး ဆိုရင်လည်း နီးနီးနားနားမှာ လုပ်စားလို့ မရတော့ဘူး။ တောင်သူတွေအတွက် အများကြီးဆုတ်ယုတ်မှု ရှိလာမဲ့ အတွက်ကြောင့် ဒီစီမံကိန်းကို ကန့်ကွက်တာ မဟုတ်ဘဲနဲ့ တခြားနေရာ ပြောင်းရွေ့ပေးဖို့ ဆန္ဒရှိပါတယ်လို့။ တကယ်တမ်း စီမံကိန်းတစ်ခုခု ချမှတ်တော့မယ်ဆိုရင် ပြည်သူလူထုတွေကိုတော့ တိုင်ပင်သင့်တယ်။ ပြည်သူလူထုတွေကို အသိပေးသင့်တယ်။ အသိပေးပြီးမှ ပြည်သူလူထုရဲ့ ဆန္ဒအရသာ ဒီစီမံကိန်းကို ထုတ်ဖော်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်"
မိုင်းနားကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ ဒီစီမံကိန်း အကောင်အထည် ဖော်မဲ့ကိစ္စကို သူ မသိရှိထားဘူးလို့ ဒီကနေ့ ဆန္ဒခံယူပွဲမှာ တောင်သူတွေကို ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ဆန္ဒဖော်ထုတ်ပွဲကို ဒေသခံပြည်သူနဲ့ တောင်သူ ၇၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တော်ဝင် သစ်အချောထည်စက်ရုံ အလုပ်သမားဆန္ဒပြ

ရန်ကုန်တိုင်း၊ ၀ါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ တော်ဝင် သစ်အချောထည် စက်ရုံမှာ စက်ရုံဝင်းအတွင်းရော အပြင်မှာပါ အလုပ်သမား ၄၀၀ နီးပါးလောက်က အလုပ်ရှင်၊ အလုပ်သမားကြား နှစ်ဖက်သဘောတူ ချုပ်ဆိုထားတဲ့ အချက် (၈) ချက်ပါဝင်တဲ့ စာချုပ်ကို အလုပ်ရှင်ဘက်က မလိုက်လျောလို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်း၊ ၀ါးတစ်ရာစက်မှုဇုန်ရှိ တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားများ ဆန္ဒပြ တောင်းဆိုနေစဉ်။

စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို ပြိုကွဲနိုင်တဲ့ ရည်ရွယ်ချက်မျိုးတွေနဲ့ လုပ်တဲ့ကိစ္စတွေကိုလည်း အလုပ်သမားတွေက မကျေနပ်ကြဘူးလို့ ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမားတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"အလုပ်သမားတွေက တောင်းဆိုထားတယ်လေ။ အချက် (၈) ချက်ကို မြို့နယ်လူကြီးတွေရှေ့မှာ လက်မှတ်ထိုးပြီး သဘောတူပြီးမှ ဘာမှလိုက်လျော မပေးဘူးပေါ့နော်။ အဲဒါတွေကို အလုပ်သမားတွေက ဒီနေ့ ဆန္ဒဖော်ထုတ်တာပေါ့။ အလုပ်သမားအဖွဲ့အစည်း ပျက်စီးသွားအောင် ရည်ရွယ်ချက်နဲ့ ဒီခေါင်းဆောင်ပိုင်းတွေရော၊ အဖွဲ့ဝင်တွေကိုရော အပြင်ဆိုဒ်တွေကို လူပြန့်သွားအောင် ရည်ရွယ်ချက်နဲ့ သူတို့က လွှတ်တယ်ပေါ့။ အဲဒါတွေကိုလည်း အလုပ်သမားတွေက လက်မခံချင်ဘူးပေါ့နော်"
တော်ဝင်သစ်အချောထည် စက်ရုံမှာ အလုပ်သမား ၇၀၀ နီးပါးခန့်ရှိပြီး စက်တင်ဘာလ (၁၃) ရက်နေ့မှာ စက်ရုံတွင်း အလုပ်သမား (၅၀) နီးပါးလောက်က အချက် (၈) ချက်ကို နောက်ဆုံးဆန္ဒပြ တောင်းဆိုခဲ့ရာမှာ အလုပ်ရှင်ဘက်က လိုက်လျောဖို့ သဘောတူညီခဲ့ပေမယ့် အခုအချိန်အထိ မရသေးတဲ့အတွက် အလုပ်သမားတွေက ဒီနေ့ထပ်မံ ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။
အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေကတော့ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပေးရေး၊ လူမှုဖူလုံရေးကတ်တွေကို တစ်ပတ်အတွင်း ထုတ်ပေးရေး၊ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အလုပ်ခိုင်းရင် တစ်နေ့တာရဲ့ လုပ်ခကို နှစ်ဆပေးရေး စတဲ့အချက်တွေ အပါအ၀င် အချက် (၈) ချက်ကို တောင်းဆိုခဲ့တာပါ။

Sunday, September 23, 2012

ငြိမ်းချမ်းရေးကျောက်တိုင် ဖြိုဖျက်ခံရ

န်ကုန်တက္ကသိုလ်အနီး အင်ယားကန်ဘောင်မှာ ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းရေး ဆန္ဒပြသူတွေ မနေ့က အင်္ဂတေနဲ့ စိုက်ထူထားခဲ့တဲ့ ငြိမ်းချမ်းရေး ကျောက်တိုင်ကို ဒီကနေ့ ဖြိုဖျက်ခံထားရတာ တွေ့ရတယ်လို့ ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် မခင်စန္ဒာညွှန့်က RFA ကို အတည်ပြု ပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ က ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်ရန် အရပ်ဖက် အဖွဲ့ အစည်းများ စုပေါင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ်။ 

ငြိမ်းချမ်းရေးကျောက်တိုင် ဖျက်ဆီးခံရမှုဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင်မှုဖြစ်ပြီး မနေ့က ဆန္ဒဖော်ထုတ်ပွဲအပြီးမှာ နောက်ယောင်ခံ လိုက်ခံရတာ၊ လူကြားထဲဆွဲခံရတာ၊ မြို့နယ်က တရားစွဲခံရတာတွေလည်း ရှိခဲ့တယ်လို့ မခင်စန္ဒာညွှန့်က ပြောပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ တာဝန်ခံတွေဖြစ်တဲ့ ကိုမိုးသွေး၊ ကိုကျော်ကိုကို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည် မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။
ဒီအတောအတွင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေးနဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူ သံဃာတော် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပညာဝံသကို ဒီကနေ့မှာ မြို့နယ်သံဃာ့ မဟာနာယကက ခေါ်ယူပြီး ခံဝန်ကတိ လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ ဦးပညာဝံသက ပြောပါတယ်။
တချိန်တည်းမှာဘဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်မြို့မှာ လုပ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးဝိမလကိုလည်း သာသနာရေးရုံးက ခံဝန်ကတိ လက်မှတ်ရေး ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
မနေ့က ရန်ကုန်ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူတွေထဲက လောလောဆယ်အထိ (၉) ဦး တရားစွဲဆို ခံထားရတယ်လို့လည်း သိရပါတယ်။

ဒဂုံမြောက်ပိုင်း မြို့နယ်လျှပ်စစ်ရုံးမှ မီတာခ အပိုငွေပြန်မအမ်းမှု တိုင်ကြားခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၇ရပ်ကွက် စွမ်းအင်မှတ်တိုင်ရှိ မီတာဆောင်ရသောရုံးတွင် လျှပ်စစ်ဓာတ် အား သုံးစွဲခများကို ပေး ဆောင်ရာ၌ ပိုငွေများကို ပြန်မအမ်းသည့်အပေါ် စက်တင်ဘာလ ၂၁ရက် (သောကြာနေ့)တွင် ရပ်ကွက်နေသူများက မြို့နယ်အုပ်ချုပ်ရေး ရုံးသို့ တိုင်ကြားမှုများ ရှိသည်။
DSC07515
ယင်းသို့ တိုင်ကြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ပြန်လည်စိ စစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးရုံးမှ ပြောဆိုခွင့်ရှိ သူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “ကျနော်တို့ သွားရောက်ပြီး စစ်ဆေးဆောင်ရွက်ပေးပါ့မယ်။ ဒဂုံမြောက်ပိုင်းမှာက ရုံးခွဲတွေ အများကြီး ရှိတာဖြစ်လို့ ဘယ်ရပ်ကွက် မှာ ရှိတဲ့ရုံးလဲဆိုတာ သေချာပြောပြရပါမယ်။ ဘယ်နေ့မှာ သွားဆောင်လို့ ဖြစ်တာလဲဆိုတာကိုလည်း ပြောပြရပါမယ်။ နာမည်လိပ်စာနဲ့ ဖော်ပြရင် ပိုကောင်းမှာပါ။ အဲဒါဆို ကျနော်တို့ ချက်ချင်းလုပ်ဆောင်ပေးမှာပါ”ဟု ပြောသည်။

ထိုနေ့တွင် မီတာခ သွားရောက်ပေးဆောင်သူ ၃၆ရပ်ကွက်မှ ဦးစောဖရပ်က “ကျနော်ရှေ့မှာ အမျိုးသမီး တစ်ယောက် မီတာရုံးက စာရေးမလေးကို မေးနေတာတွေ့တယ်။ ပိုငွေပြန်အမ်းသလားတဲ့။ မျက်မှန်တပ်ထားတဲ့ စာရေးမက အမ်းစရာမလိုဘူးတဲ့။ အဲဒီအမျိုးသမီး က ဘာမှမပြောဘူး။ သူ့ငွေနဲ့ ဘောက်ချာစာရွက်ကို သေချာကြည့်ပြီး ပြန်သွားတာ တွေ့ရတယ်”ဟု ဆိုသည်။

ထိုကဲ့သို့ မီတာခအပိုငွေများမှာ ပမာဏ မများသော်လည်း ပုံမှန်အားဖြင့် ပြန်လည်အမ်းပေးရမည်ဖြစ်ပြီး ယခုလို ပြန်မအမ်းသည်မှာ ယခင် လများကလည်း ရှိခဲ့ကြောင်း ၎င်းလျှပ်စစ်ရုံးတွင် မီတာခသွားရောက်ပေးဆောင်နေ သူများက ပြောဆိုသည်။

“ကျနော်တို့အတွက် ပိုငွေက ဘယ်လောက်မှမများပါဘူး။ တစ်ခါတလေ ၄၅ကျပ်။ တစ်ခါတလေ ၇၀ကျပ်ပါပဲ။ ဒါပေမယ့် သူတို့စားပွဲပေါ် မှာ အကြွေ ၅ကျပ်ကအစ တင်ထားတာမို့ ပြန်အမ်းရမယ်လေ။ အကြွေမရှိဘူးဆိုရင် လည်း ရှိအောင်၊ အဆင်ပြေအောင် လုပ်ပေးရမယ့် တာဝန်ရှိတယ်လို့ ကျနော်မြင်တယ်။ အကြွေပြန်အမ်းဖို့ ပြောရင်လည်း အမ်းဖို့ မလိုဘူးလို့ ပြောသေးတာ”ဟု ၃၇ရပ်ကွက်မှ ဦးမျိုးဆန်းက ပြောသည်။

မြို့နယ်လျှစ်စစ်ဌာနသို့ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ မီတာခဆောင်သောဌာနများအတွက် ငွေအကြွေ များ အဆင်ပြေစေရန် ထားရှိ ပေးထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသော်လည်း လက်တွေ့တွင်မူ ပြန်လည် အမ်းပေးခြင်းမရှိဘဲ ယခင် စစ်အစိုးရလက်ထက်အ တိုင်း လုပ်ဆောင်လျှက်ရှိသည်ဟု ဝေဖန်မှုများ ရှိနေသည်။

ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များမှာ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခကို ၅၀၀ကျပ်မှ ၁၀၀ကျပ်သို့ တိုးမြှင့်ဝန် ဆောင်မှု ပေးရပြီးနောက် လျှပ်စစ်မီးနှင့်ပတ်သက်၍ မြို့နယ်လျှပ်စစ်ဌာန ဖုန်း(၀၉- ၅၁၂၆ ၁၇၂)အပြင် မြို့နယ်အုပ်ချုပ်ရေးရုံး ဖုန်း(၀၉- ၅၁၉၇ ၀၂၈)သို့လည်း တိုင်ကြားအသိပေးနိုင်ကြောင်း သိရသည်။

Saturday, September 22, 2012

လုပ်ပိုင်ခွင့်အာဏာကို ရှေ့တန်းတင်ပြီး အာဏာပြနေသော ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဒုပါမောက္ခချုပ်အကြောင်း (ပေးစာ)

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဒုတိယ
ပါမောက္ခချုပ်သည် အဂတိလိုက်စားသော
 အထက်အရာရှိများနှင့်ပူးပေါင်းကာ
အဝေးသင်တက္ကသိုလ်ဝင်းအတွင်းတွင်
 မြန်မာ့ဆက်သွယ်ရေးတာဝါတိုင် ဆောက်

လုပ်ခွင့်ပြုခြင်းတွင် ကျပ်သိန်ပေါင်း ၂၅၀၀၀၀၀ (နှစ်ဆယ့်ငါးသိန်း) လာတ်စားမှုရှိခဲ့တယ်။

ဒါ့အပြင် ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ဆရာ/မ များအား ကျောင်းမတက်ဘဲ အပြင်တွင် အဝေးသင်ကျောင်းသား/သူများကို

ကျူးရှင်ပြနေကြသည်ဟု စွပ်စွဲခြင်း၊ အမှန်တကယ်က သူကိုယ်တိုင် တက္ကသိုလ်ဝင်တန်း
(ဆယ်တန်း)နှင့် အဝေးသင်ကျောင်းသား/သူ အချို့ကို အိမ်တွင်ခေါ်ကာ ကျူရှင်သင်နေ
သည်ကို လူသိမှာ၊ လူတွေပြောမှာကို စိုးရိမ်ပြီး ရှိရှိသမျှ ဆရာ/မ တွေကို ၀ါးလုံးရှည်ဖြင့် လှမ်းရိုက်ခြင်းပုံစံဖြစ်သည်။

သြဂုတ်လ တတိယအပတ်ကဆိုရင်(ယခု သြဂုတ်လ) သက်ဆိုင်ရာ ဘာသာရပ်ဌာနတွေကို

 လိုက်ပြီး အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်ပဲ ခွင့်ယူထားသော ဆရာ/မ တွေကိုဆိုရင် ကျောင်းချိန်မှာ ကျူရှင် ထွက်သင်နေ ကြတယ် ပါမောက္ခ ဌာနမှူးများ ဒီကိစ္စကိုမသိကြဘူးလား၊ ပါမောက္ခဌာနမှူးလုပ်ပြီး ဒီလောက်တောင် အသုံးမကျဘူးလား———!
 ဆိုပြီး ရိုင်းစိုင်းစွာ ပြောဆိုသွားတာတို့ ဌာနအချို့တွင် ရှိခဲ့ပါတယ်။

နာယကဂုတ် (၆) ပါးမှာတစ်ပါးနှင့်မျှ မညီဘူး။ မိမိရာထူးတက်ဖို့အတွက် အထက်ဖားအောက်ဖိလုပ်ခြင်းသာဖြစ်တယ်။ တကယ်ဆိုရင် ဘယ်တက္ကသိုလ်က ဒုတိယပါမောက္ခချုပ်ပဲဖြစ်ဖြစ် အဝေးသင်ကျောင်းသား/သူများကို ကျူရှင် မပြသင့်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့လက်ထဲမှာ အဝေးသင်မေးခွန်းရှိတယ်လေ။ နောက်ပြီး သူတို့မှာ နိုင်ငံတော်က ပေးထားတဲ့ facility အပြည့်အ၀လည်း ရထားတယ်။


အခွင့်အရေးလိုချင်လို့ ဒီလိုပြောတာ မဟုတ်ပါဘူး၊ မပြောမဖြစ် ပြောရာတာပါ။ သူကိုယ်တိုင်မဟုတ်တာတွေကို လျှောက်လုပ်ပြီး လူတကာတွေကို လိုက်စွပ်စွဲတာ

မဖြစ်သင့်တဲ့ ကိစ္စပါ၊ လူကြီးမဆန်ပဲ တော်တော်ရိုင်းတယ်။ ကျူရှင်ပြတဲ့ ဆရာ/မ များ
လည်းရှိကောင်းရှိမှပါ ဒါပေမဲ့ မပြတဲ့ဆရာ/မတွေအတွက် အခုလိုစွပ်စွဲတာဟာ
လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာနဲ့ အတူတူပါပဲ။

နောက်ပြီး အခုလက်ရှိ အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်ကို အဘက်ဘက်က

 ပြုပြင်ပြောင်းလဲနေတဲ့ အချိန်မှာ ပညာရေးလည်း အဓိကအခန်းကဏ္ဍတက ပါဝင်နေတာ
ကို လူတိုင်းအသိ အကြီးအကဲများကလည်း တက္ကသိုလ် ဆရာ/မများ၏ အရည်အသွေးမြင့်မား
ရန် တစ်ခန်းတစ်ကဏ္ဍတက ကူညီဆောင်ရွက်ပြီး ပြုလုပ် နေတဲ့အချိန်မှာ ပြည်ပနိုင်ငံများက ပညာတော်သင်ခေါ်ရင် သက်ဆိုင်ရာသတ်မှတ်ချက်များပြည့်မီသော်လည်း ပညာတော်သင် လျှောက်လို့မရအောင် ဘက်ပေါင်းစုံမှ နှောင့်နှေးအောင်ပြုလုပ်ခြင်း၊

သက်ဆိုင်ရာဘာသာရပ်ဌာနများသို့ အကြောင်းကြား စာကို အချိန်နောက်ကျမှပေးပို့ခြင်း၊

ထို့အပြင် စီမံရေးရာဌာနမှူးများမှလည်း အချိန်မီ မဆောင်ရွက်ခြင်း၊
 ကျောင်းအုပ်ကြီး ထံ ထပ်ဆင့်တင်ပြမှုများကိုလည်း နောက်ကျမှသွားရောက်
တင်ပြခြင်း၊

ရုံးဝန်ထမ်းများလုပ်ရမည့်အလုပ်ကို ဆရာ/မများကို ပြန်လည်ခိုင်းစေခြင်း၊


သက်ဆိုင်ရာဘာသာရပ်ဌာနများနှင့် ကာယကံရှင် ဆရာ/မ ထံသို့ ပြန်လည် အကြောင်းကြား

ခြင်း တို့ကို အချိန်နှင့် တပြေးညီ မပြုလုပ်တာကြောင့် အထက်ကနိုင်ငံတော်အကြီး
အကဲ၏ ချမှတ်သောမူဝါဒတွေ မည်မျှပင် ကောင်းနေပါစေ ဒီလိုကျောင်းအုပ်ကြီးမျိုးနှင့်
လိုက်ဖက်ညီသော စီမံရေးရာမှ ၀န်ထမ်းများ ရှိနေသရွှေ့ ဤတက္ကသိုလ် တိုးတက်ဖို့
မလွယ်ပါဘူး။
ကျပ်သိန်ပေါင်း ၂၅၀၀၀၀၀ (နှစ်ဆယ့်ငါးသိန်း) လာတ်စားမှုဖြင့် ဆောက်လုပ်ခွင့်ပြုထားသော ဆက်သွယ်ရေးတာဝါတိုင်

ကျပ်သိန်ပေါင်း၂၅၀၀၀၀၀(နှစ်ဆယ့်ငါးသိန်း) လာတ်စားမှုဖြင့် ဆောက်လုပ်ခွင့်ပြုထားသော ဆက်သွယ်ရေးတာဝါတိုင်

ထို့အပြင် အပတ်စဉ်၊ လစဉ် ဌာနမှူးများ အစည်းအဝေးတွင် ဆရာ/မများ အရည်အသွေး မြင့်မားရန် ပြုလုပ်ရမည်ဟု အစည်းအဝေးတိုင်းတွင် မှာကြား
သည်ကို သက်ဆိုင်ရာ ပါမောက္ခဌာနမှူးများမှတဆင့် ပြန်လည်ပြောကြား၍ သိရှိရသည်။ နိုင်ငံတော်အကြီးအကဲများမှလည်း ဤကဲ့သို့မှာကြားထား
သည်ကို သိရှိရပါတယ်။

သို့သော် အဝေးသင်တက္ကသိုလ်တွင် အမှန်တကယ်လက်တွေ့မှာတော့အဲဒီလိုမဟုတ်ပါဘူး။

 စီမံနှင့် ဒုချုပ်ကို ဖားနိုင်သူကိုမှသာ အဆင်ပြေကြောင်း တွေ့ရပါတယ်။

ဆရာ/မများ အငယ်ပိုင်းတွေဆိုရင် preliminary (PhD) အကြိုသင်တန်း၊ Global English သင်တန်း၊

ဆီမီယိုနှင့် အခြားသော ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းများ တက်ရောက်ရန် ခွင့်ပြုချက် တောင်းခံသောအခါ၊ လူစားပေးမှ တက်ခွင့်ရမှာတို့၊ မူလတာဝန်ပျက်ကွက်မှု မရှိရတို့
စသည်ဖြင့် နည်းမျိုးစုံနှင့် ၀င်ခွင့်လျှောက်လွှာ တင်ရမည့်ရက်ထက် နောက်ကျအောင်
 ပြုလုပ်ဖန်တီးပြီး သင်တန်းတက်ခွင့်မရအောင်ပြုလုပ်နေပါတယ်။ အပြောနှင့်အလုပ်
 တော်တော်ကိုက်တဲ့ ဒုတိယပါမောက္ခချုပ်ပါလား။

မြန်မာနိုင်ငံပညာရေးလောက အထူးသဖြင့် အဆင့်မြင့်ပညာဦးစီးဌာနမှာ ဤကဲ့သို့

ဝန်ထမ်းမျိုး ရှိနေသရွေ့တော့ မြန်မာ့ ပညာရေးကို ရင်လေးမိပါတယ်။

လူကသာ အဆင့်မြင့်ပညာဦးစီးဌာနအောက်မှာ တာဝန်ထမ်းဆောင်နေတာ

 စိတ်ဓါတ် ကတော့ ဘယ်လောက်မြင့်လဲဆိုတာ ကိုယ်ကိုတိုင် စစ်ဆေးကြည့်
ဖို့လိုပါလိမ့်မယ်။

အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများ

Wednesday, September 19, 2012

နိုင်/ကျဉ်း အပေါ် ကန့်သတ်မှုများ ပယ်ဖျက် ပေးစေလို

လွှတ်ပေး ပြီး နိုင်/ကျဉ်း များအပေါ် ထားရှိသည့် ကန့်သတ်ချက်နှင့် သတ်မှတ် စောင့်ကြည့် ကာလများ၊ ခွဲခြား ဆက်ဆံ မှုများကို ပယ်ဖျက် ပေးရန်နှင့် ကျန်ရှိ နိုင်/ကျဉ်း များကိုလည်း ခြွင်းချက် မရှိ လွှတ်ပေး သင့်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်မှ ပြောသည်။
AAPP အတွင်းရေးမှူး ကိုတိတ်နိုင် (ဓါတ်ပုံ - ကိုတိတ်နိုင် Facebook)
AAPP အတွင်းရေးမှူး ကိုတိတ်နိုင် (ဓါတ်ပုံ - ကိုတိတ်နိုင် Facebook)
“နိုင်/ကျဉ်း တွေကို စောင့်ကြည့် ကာလ ထားတယ်၊ ဗီဇာ၊ ခရီးသွား လက်မှတ်၊ ရှေ့နေ လိုင်စင်၊ ကျောင်းပြန် တက်ခွင့် တစ်ချို့ ထုတ်ပေးပြီး တစ်ချို့ မပေးဘူး၊ အကန့်အသတ် ထားမယ် ဆိုရင်လဲ တပြေးညီပဲ ထားပေးဖို့ လိုတယ်” ဟု ကိုတိတ်နိုင်မှ ပြောပါသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်လည်း အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ကာ ၀ါရှင်တန် အခြေစိုက် National Endowment for Democracy – NED မှ ပေးအပ်သည့် ဒီမိုကရေစီ ဆုကို လက်ခံရယူရန် အတွက် ကနဦး အစီအစဉ် ရှိသော်လည်း အစိုးရမှ နိုင်ငံကူး လက်မှတ် ကန့်သတ်၍ မမျှမတ ထုတ်ပေး ခဲ့၍ အဆိုပါ ဆုသွား ယူမည့် ခရီးစဉ်အား ဖျက်သိမ်း ခဲ့ပါသည်။

အဆိုပါ ဆုပေးပွဲကို အမေရိကန် နိုင်ငံ ဝါရှင်တန်ရှိ NED ၌ ပြုလုပ်မည် ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင်ဒင်တို့ (၅) ဦးအား ဆု ပေးအပ် ချီးမြှင့်ရန် ရှိသည်။ ၄င်း အခမ်းအနားသို့ ဒေါ်အောင်ဆန်း စုကြည် ကလည်း တက်ရောက်၍ မိန့်ခွန်း ပြောကြား မည်ဖြစ်သည်။

“ အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရာကျော် ကျန်နေတဲ့ ကိစ္စ အပေါ်မှာ အစိုးရက သဘောထားမှန်ရင် ဒီကနေ့လည်း လွှတ်ပေး လို့ရပါတယ်၊ လွတ်မြောက် ပြီးတဲ့ လူတွေ ကိုလည်း ခရီးသွားလာခွင့် လက်မှတ်တွေ ကန့်သတ် ထုတ်ပေးနေတာ၊ ခွဲခြားမှုတွေ ရှိတယ်၊ ဒါနဲ့အတူ ဥပဒေဟောင်း တစ်ချို့ တွေကလည်း ကန့်သတ် ချုပ်ချယ် ထားတုန်းပါပဲ၊ အဲဒါတွေကို ထုတ်ပယ်ပေးဖို့ သင့်နေပါပြီ” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အာရှဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ ဖီးလ်ရောဘတ်ဆန်က ပြောသည်။

သမ္မတနှင့် အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ အမေရိကန် နိုင်ငံ ခရီးစဉ် အတွင်း လွှတ်ပေးခဲ့သည်မှာ ယခု အပတ် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် လွတ်မြောက် လာသည့် နိုင်/ကျဉ်း များ၏ ထူးခြား ချက်ပင် ဖြစ်သည်။

“သမ္မတက တစ်ကယ် စေတနာ မှန်ရင် တစ်ပွဲသွား တစ်ခါလွှတ်၊ ဟိုအခမ်းအနား တစ်ခါလွှတ် အဲလိုမျိုး လုပ်မယ့်အစား အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသင့် ပါတယ်၊ ဒီလို လုပ်ရင် နိုင်ငံ အတွက်လည်း ဂုဏ်သိက္ခာ ပိုရှိသလို၊ နိုင်ငံတကာရဲ့ ပိတ်ဆို့ မှုတွေလဲ အများကြီး လျော့ကျ သွားနိုင်ပြီး ပပျောက် လောက်နီးပါး ဖြစ်သွားမှာပါ” ဟု ထိုင်းနိုင်ငံ အခြေစိုက် နှိုင်ငံရေး လှုပ်ရှားသူ ခေါင်းဆောင် တစ်ဦးမှ သုံးသပ် ပါသည်။

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အကျဉ်းသား (၅၁၄) ဦး လွတ်ပေး ခဲ့ပါသည်။ ၄င်းအနက် နိုင်/ကျဉ်း (၈၈) ဦး လွတ်မြောက် လာပြီး ဖြစ်သည်ဟု AAPP မှ အတည်ပြုပါသည်။ AAPP မှ ပြုစု ထားသည့် စာရင်းအရ နိုင်ငံရေး အကျဉ်းသား (၃၉၆) ဦး ရှိပြီး အန်အဲလ်ဒီမှ ပြုစု ထားသည့် နိုင်/ကျဉ်း စာရင်းတွင် (၂၈၀) ဦး ရှိကာ စာရင်း နှစ်ခုမှာ ကွာဟလျက် ရှိပါသည်။

AAPP ကမူ နယ်စပ် အခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်း များမှ ပေးပို့သည့် အကျဉ်းသား စာရင်းကိုလည်း ထည်သွင်း ပြုစု ထားပြီး လက်နက် ကိုင်နှင့် လက်နက် မကိုင်သည့် သာမာန် နိုင်ငံရေး အကျဉ်းသား များကိုလည်း ထည့်သွင်း ပြုစု ထားခြင်းကြောင့် ကွားခြား မှုများ ရှိကြောင်း ပြောကြား ခဲ့သည်။

ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွှတ်ပေးခြင်း ဖြစ်ပြီး လွှတ်မြောက် လာသူ နိုင်/ကျဉ်းများ လှုပ်ရှားမှုဖြင့် နောက်တစ်ခါ ပြစ်ဒဏ်ဖြင့် ပြန်လည် ဖမ်းဆီး ခံခဲ့ရလျှင် ကျန်ရှိ ပြစ်ဒဏ် များကိုလည်း နောက်ကြောင်းပြန် သက်ရောက်မှု ရှိစေ ရမည်ဟု ပါရှိပါသည်။

AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အား ၂၀၀၀ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ဟောင်းများ စုစည်းပြီး ကို ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ AAPP အဖွဲ့သည် လွတ်လပ်ပြီး အမှီအခို ကင်းသည့် ကိုယ်ကျိုး အတွက်မဟုတ်ပဲ နိုင်ငံရေး အကျဉ်းသား များအတွက် အကူအညီ ပေးရန် ရည်ရွယ်၍ ဖွဲ့စည်း ထားသည့် အဖွဲ့ ဖြစ်သည်။

Tuesday, September 18, 2012

ရဲတွေက ဓမ္မဆရာတဦးအား အာဏာသုံးပြီး ကိုယ်ထိလက်ရောက် စော်ကား

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် တာဝန်ကျ ဒု ရဲအုပ် ထွန်းလွင်ဆိုသူက ယခုလ ၁၂ ရက်နေ့ည ၉း၀၀ နာရီခန့်က  လူငယ် တဦးကို ကျောက်ခဲဖြင့် ထုပြီး လူငယ်၏ နေအိမ်အား ကျောက်ခဲဖြင့် ပစ်ပေါက်သည်ဟု ကြားသိရသည်။
ဖြစ်စဉ်မှာ  အရက်မူးနေသည့် ဒုရဲအုပ် ထွန်းလွင်သည် ဓမ္မဆရာ ကျုံးအောင်နှင့် အဖော် တဦး တို့ ၄င်းတို့ အိမ်အောက် ကွပ်ပျစ်ပေါ်တွင် ဓမ္မသီချင်း သီဆိုနေသည်ကို ဆဲဆိုရာမှ  ပြသာနာ ကြီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ရဲတွေက ဆရာကျုံးအောင်၏ နေအိမ်အား ကျောက်ခဲဖြင့် ထပ်မံ ပစ်ပေါက်ခဲ့ရာ ပြုတင်းပေါက် မှန်များကွဲကုန် ကြောင်း ၊ အိမ်တခုလုံး ကျောက်ခဲနှင့် ပုလင်းကွဲများဖြင့် ပြည့်နှက်နေကြောင်း လည်း ပြောကြသည်။

ယင်းကိစ္စကို မိန်းကလေးတဦးက ရဲတွေကို သွားရောက်ပြောကြားသဖြင့် ရဲ သုံးဦး ထပ်မံ ရောက်ရှိလာပြီး ယခုကဲ့သို့ နေ အိမ်အား ခဲဖြင့် ပစ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။

“ အိမ်နီးနားချင်းတွေရောက်လာလို့ ရဲတွေ ထွက်ပြေးသွားကြတယ်၊ ဒါပေမဲ တရားခံ ထွန်းလွင်နဲ့ ကျော်မြင့်ဆွေ၊ အောင်ဖိုး လှိုင် တို့သုံးဦးကို သက်ဆိုင်ရာ ရဲနဲ့ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်” ဟု အိမ်ရှင် က ပြောသည်။

အိမ်ရှင်တွေက အမှုမဖွင့်ယင်လည်း သက်ဆိုင်ရာ ရဲက အဆိုပါ တရားခံတွေကို အရေးယူမှု ပြုလုပ်သွားမှာဖြစ် သည်ဟု ဒေသ ထုတ် သတင်းတွေ မှာ ဖော်ပြ ထားသည်။

ယင်းအမှုသည် ဒုရဲအုပ်ထွန်းလွင်က ၄င်း၏ ရည်းစားထံ လာရောက်လည်ပတ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

Sunday, September 16, 2012

ကျပ်သန်းထောင်ချီ ကြေးနီ အလွဲသုံးစားမှု စတင်အရေးယူ

 
ဝန်ထမ်း ၄၆ ဦးက အသိပေး ဖော်ထုတ်ခဲ့သည့် ကျပ်သန်းပေါင်း ၂၇၀၀ကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ကျော် အလွဲ သုံးစားမှုတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ကြေးနီ စီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်း တစ်ဦးတို့က ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားပြီး တရားစွဲဆိုနိုင်ရန် အမှုတည်ဆောက်နေကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးလှငွေက အတည်ပြု ပြောကြားသည်။
ဒေါ်လာ ၃ ဒသမ နှစ်သန်းကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ ကျော် အလွဲ သုံးစားမှုမှာ စစ်ဆေးဆဲ ဖြစ်နေသဖြင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်း ခံထားရသော ကြေးနီ စီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်း တစ်ဦးတို့ကို တရားရုံး တင်မည့်ရက် ရွှေ့ဆိုင်း၍ ရမန်ကြီး တစ်ပတ် ထပ်ယူထားကြောင်း ၎င်းက ဆိုသည်။
ထိန်းသိမ်း ခံထားရသည့် မုံရွာ ကြေးနီ စီမံကိန်း စက်ရုံမှူး ဦးအောင်လောဟာ နှင့် ကြေးနီပို့ တာဝန်ခံ ဦးကျော်ဆွေတို့ ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ဖမ်းဆီးထားခဲ့ပြီး ၁၄ ရက် ပြည့်မြောက် ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့ တွင် တရားရုံးသို့ ရုံးတင် စစ်ဆေးရန် စီစဉ်ထားကြောင်း၊ သို့သော် ယင်းနေ့ နေ့လယ်ပိုင်းတွင် ကျောင်းဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်လာသော သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း၏ ခရီးစဉ် ရှိသောကြောင့် မြို့နယ် တရားသူကြီးမှာ ညနေ ၄ နာရီကျော်မှ တရားရုံးသို့ ပြန်လည် ရောက်ရှိပြီး မြို့နယ် ဥပဒေ အရာရှိမှာ လည်း ယင်းအမှုအတွက် ကြည့်ရှုရမည့် စာရွက်စာတမ်း အထောက်အထားများ မှာ အလွန် များပြားသည့်အတွက် သေချာစွာ ဖတ်ရှုနိုင်ရန် ရမန်ကြီး တစ်ပတ် ထပ်ယူ ခဲ့ရကြောင်း ထိန်းသိမ်း ခံထားရသူများ၏ အကျိုးဆောင် ရှေ့နေ ဦးဝင်းမြင့်က ပြော ကြားသည်။
သတ္တုတွင်း ဝန်ကြီးဌာနနှင့် အိုင်ဗင်ဟိုး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခဲ့သော အဆိုပါ ကြေးနီ စီမံကိန်း ကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင် ကုမ္ပဏီတို့ထံ လွှဲပြောင်း ရောင်းချခဲ့သည့် အတွက် ၂၀၁၀ ပြည့် နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင် မှစတင်ပြီး ထုတ်လုပ်မှု ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ အထိ တရားမဝင် စက်လည်ပတ်၍ ကြေးနီတန်ချိန် ၃၃၈ ဒသမ ၉၃၂ တန်ကို အလွဲသုံးစား ပြုလုပ် ခဲ့သဖြင့် ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက ၂၀၁၁ ခုနှစ် စက်တင် ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးထံသို့ တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း၊ သို့သော် အရေးယူ ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိသောကြောင့် နိုင်ငံတော် သမ္မတကြီးထံသို့ တိုင်ကြားစာ ထပ်မံ ပေးပို့ခဲ့ရကြောင်း ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။ အဆိုပါ အလွဲသုံးစားမှုကို အရေးယူ ဆောင်ရွက်ပေးရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် သတ္တုတွင်း ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဖေသိန်းက ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်း၌ (ပ) နံပါတ် ၂၈၅/၂၀၁၁ ဖြင့် တိုင်ကြား ခဲ့သော်လည်း တစ်နှစ်နီးပါး ကြာမြင့်လာသည့် တိုင်အောင် ထိရောက်သော အရေးယူ ဆောင်ရွက်မှု မရှိကြောင်း၊ ပြစ်မှု ကျူးလွန်သူများတွင် အဓိက ပါဝင်ဖွယ်ရှိသော နိုင်ငံခြားသား အထွေထွေ မန်နေဂျာနှင့် အတွင်းရေးမှူးတို့မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ လဆန်းကပင် ပြည်ပနိုင်ငံသို့ အလွယ်တကူ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း ကြေးနီသတ္တုတွင်း ဝန်ထမ်းများနှင့် ထိန်းသိမ်း ခံထားရသူနှစ်ဦး၏ မိသားစုဝင်များက ပြောကြားသည်။
ယင်းကဲ့သို့ အမှုကိစ္စ ကြန့်ကြာရမှု အခြေအနေနှင့် ပတ်သက်၍ The Voice Weekly က စက်တင်ဘာလ ၆ ရက်နေ့ ၌ ဒဂုံမြို့နယ် တရားရုံးတွင် သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကို ကို မေးမြန်းခဲ့ရာ ပုဒ်မ ၆/၁ ဖြင့် ဝန်ထမ်း နှစ်ဦးကို ဖမ်းဆီး ထားသည်ဟု ကြားသိရ ကြောင်း၊ အဆိုပါ အမှုကို ဌာန ဆိုင်ရာ စုံစမ်း စစ်ဆေးမှု သာမက တိုင်းဒေသကြီး စာရင်းစစ် အဖွဲ့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနတို့က ဝင်ရောက် စစ်ဆေး နေသောကြောင့် ကြန့်ကြာ ခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။
ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစား မှုနှင့် ပတ်သက်၍ အသိပေး ဖော်ထုတ် တိုင်ကြားခဲ့သော ဝန်ထမ်း ၄၆ ဦးကို သတ္တုတွင်း ဝန်ကြီးဌာန အမှတ်(၁)သတ္တု တွင်းလုပ်ငန်း ခေတ္တ ဦးဆောင် ညွှန်ကြား ရေးမှူးနှင့် အကြီးတန်း အရာရှိများက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ တွင် လာရောက် တွေ့ဆုံခဲ့ပြီး အလွဲသုံးစားမှု မှန်ကန်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာကို ဖတ်ပြ၍ မုံရွာမြို့တွင် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အမှုစစ်ဆေး နေစဉ်မှာပင် ကြေးနီသတ္တုများ ပြန်လည် သိမ်းဆည်း မိကြောင်း အသိပေးခြင်း၊ နိုင်ငံတော် သမ္မတကြီး၏ နှုတ်မိန့်အရ အဆိုပါ သိမ်းဆည်းရမိသော ကြေးနီများကို လေလံတင် ရောင်းချရာမှ ရရှိသော နိုင်ငံခြားငွေများ ကို ဘဏ်တွင် အပ်နှံခြင်း၊ ယင်းငွေထဲမှ ရန်ကုန်နှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီး များတွင် ကင်ဆာရောဂါကုစက်များ လှူဒါန်း ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့ကို အသိပေး ပြောကြားခဲ့သည်ဟု ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက ပြောကြားသည်။
ရန်ကုန်နှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီးတို့တွင် သတ္တုတွင်းဝန်ကြီး ဌာနကသော်လည်းကောင်း၊ မြန်မာအိုင် ဗင်ဟိုး ကုမ္ပဏီက သော်လည်းကောင်း ကင်ဆာ အထူးကု စက်များ လှူဒါန်းထားမှုရှိ မရှိကို The Voice Weekly သတင်း အဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့တွင် အတည်ပြု မေးမြန်းခဲ့ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အများ စုပေါင်း လှူဒါန်း ထားသော ကင်ဆာ ဓာတ်ရောင်ခြည် စက်နှစ်လုံးသာ ရှိပြီး အလှူရှင်များ စာရင်းတွင် သတ္တုတွင်း ဝန်ကြီးဌာနပါဝင် ခြင်း မရှိကြောင်း ကင်ဆာ ဓာတ်ရောင်ခြည် ဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ စိုးဦးမောင်က ပြောကြားသည်။
မန္တလေး ပြည်သူ့ ဆေးရုံကြီး ကင်ဆာဌာနတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် ဝယ်ယူထား သော ဓာတ်ရောင်ခြည် စက်နှစ်လုံးသာ ရှိပြီး တစ်လုံးမှာ တပ်ဆင်ထားခြင်း မရှိသေးသော စက်အသစ်ဖြစ်ကြောင်း အဆိုပါ ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ပထမပတ်က ဖြစ်ပေါ်ခဲ့သော ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစားမှုတွင် ကြေးနီစက်ရုံ ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီး ထားသော်လည်း အဆိုပါ ကြေးနီများကို ရန်ကုန်မြို့အထိ သယ်ယူခဲ့ရာ၌ ပါဝင်ခဲ့သူများနှင့် ရှစ် လ နီးပါးကြာ လက်ခံ သိမ်းဆည်း ထားသူများကိုမူ အရေးယူနိုင်ခြင်း မရှိသေးကြောင်း ကြေးနီ သတ္တုတွင်း ဝန်ထမ်းများ နှင့် ထိန်းသိမ်းခံရသူ နှစ်ဦး၏ မိသားစုဝင်များက ပြောကြားသည်။
“ဒီတန်ချိန် ၃၀၀ ကျော်ကြီးကို ဒီနှစ်ယောက် တည်းနဲ့တော့ လုံးဝ မဖြစ်နိုင် ပါဘူး။ ကြီးကြီးပိုင်းက မပါဘဲ နဲ့တော့ လုပ်ရဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကလည်း အမှန်အတိုင်း ဖြစ်စေချင်ပါတယ်” ဟု ဆားလင်းကြီး ရဲတပ်ဖွဲ့ စခန်း တွင် ထိန်းသိမ်း ခံထားရသော ကြေးနီ စီမံကိန်း ဝန်ထမ်း ဦးကျော်ဆွေ၏သား ဖြစ်သူ ဦးသက်ဝင်းထွန်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီသို့ ပေးပို့သော ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အရေးကြီးသော စစ် ဆေး တွေ့ရှိချက် အစီရင်ခံစာ ၃/၂၀၁၂ တွင် ကြေးနီ ၃၃၈ ဒသမ ၉၃၂ တန်ကို စာရင်း မဖော်ပြဘဲ မမှန်မကန် ထုတ်ယူခဲ့ သည့် မှတ်တမ်း အထောက်အထားများ ကြိုတင် ဖျောက်ဖျက်ထားခြင်း များကို မြန်မာအိုင်ဗင်ဟိုး ဝန်ထမ်းများ ဖြစ်သော ဌာနမှူး ဦးအောင်လောဟာ၊ General Manager Mr.Glenn E.Forl နှင့် ဒေါ်သီရိတို့က ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ တိုင်စာကို စစ်ဆေးရာမှ အစုရှယ်ယာ ရောင်းချခြင်း တွင် ကျသင့်ငွေ ဒေါ်လာသန်း ၁၀၀ ကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်က ပေးချေခြင်း မဟုတ်ဘဲ ဝမ်ဘောင် ကုမ္ပဏီက ပေးချေ ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြ ထားသည်။
ဇန်န၀ါရီလ ၁ ရက်နေ့မှ ၄ ရက် နေ့အထိ လေးရက်တာ ကာလအတွင်း ဒေါ်လာသုံးသန်းကျော် တန်ဖိုးရှိသော ကြေးနီ တန်ချိန် ၃၃၈ ဒသမ ၉၃၂ တန် ကို ထုတ်လုပ် နိုင်ခဲ့သော မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီ၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း ကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သို့ ဒေါ်လာသန်း ၁၀၀ ဖြင့် ရောင်းချခဲ့ခြင်း မှာ မေးခွန်း ထုတ်ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း အမျိုးသား လွှတ်တော် သတ္တုနှင့် သယံဇာတ ကော်မတီဝင် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“ကျွန်တော် အမှန်အတိုင်း ပြောရရင် MEC နဲ့ ဦးပိုင်မှာ စီမံခန့်ခွဲရေး လုပ်နေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုကို အယုံအကြည် မရှိဘူး။ တပ်မတော်က လုပ်တဲ့ စီးပွားရေး လုပ်ငန်းတွေက ရှုံးတာ များတယ်။ မြင်းခြံ သံမဏိ စက်ရုံကို ဝန်ကြီးဌာန လက်ထဲ ပြန်လွှဲပြောင်း လိုက်သလို၊ ဦးပိုင်က လုပ်နေတဲ့ လုပ်ငန်းတွေ ကိုလည်း ဝန်ကြီးဌာန လက်ထဲ လွှဲပြောင်း ပေးရင်၊ ပုဂ္ဂလိကပိုင် ပေးမယ်ဆိုရင်လည်း Open Tender ပေးစေ ချင်တယ်” ဟု ဦးဖုန်းမြင့်အောင် က ဆိုသည်။
အနာဂတ် ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း များကို ဒေသခံများ၏ သဘောဆန္ဒ ရယူပြီးမှ ဆောင်ရွက်သွားရန်နှင့် စီမံကိန်းပါ အချက်အလက်များနှင့် ရရှိမည့် အကျိုး အမြတ်များကို ပွင့်လင်း မြင်သာမှု ရှိစွာဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မုံရွာမြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီက ဝက်မှေး ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
“လေးရက်ကို ဒေါ်လာသုံးသန်းနဲ့ တွက်မယ် ဆိုရင် ခြောက်လ ကြာတာနဲ့ အရင်းကျေပြီ။ လျှော့ဈေးနဲ့ လက်သိပ် ထိုးရောင်း မရောင်းဆိုတာ ကာယကံရှင်တွေပဲ သိနိုင်မှာပါ။ အသွင် ကူးပြောင်းရေး ကာလ ဖြစ်တဲ့အတွက် နိုင်ငံပိုင် လုပ်ငန်း တွေကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်းတာတွေ အများကြီး ရှိခဲ့တယ်” ဟု ပြည်သူ့ လွှတ်တော် ငွေစာရင်း ကော်မတဝင်တစ်ဦး က ပြောကြားသည်။
အဆိုပါ မုံရွာ ကြေးနီ စီမံကိန်း အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာ လေးရွာမှာ ရွှေ့ပြောင်းပေးရန် ဖိအားပေး ခံခဲ့ရခြင်း၊ လယ်ယာမြေ ဧကပေါင်း ၇၈၀၀ ကျော် သိမ်းဆည်း ခံခဲ့ရသဖြင့် တောင်သူများ ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရခြင်း၊ ကြေးနီ စီမံကိန်း စွန့်ပစ် မြေစာပုံများကြောင့် သဘာဝပတ်ဝန်း ကျင် ပျက်စီးခြင်းများ ကြုံတွေ့နေရခြင်း စသည့် ရလဒ်များကြောင့် ဒေသခံများမှာ အဆိုပါ စီမံကိန်း ရပ်ဆိုင်းရန် ဇွန်လ ပထမပတ်မှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုလျက် ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ပေါ်သို့ ကူးစက်ခဲ့သည်။ 

Thursday, September 13, 2012

သျှမ်းပြည်တပ်မတော်၏ အဖမ်းခံရသူများ ၀ တပ်ဖွဲ့မလွတ်ပေးသေး (ဆက်သွယ်မေးမြန်းချက်)

သျှမ်းပြည်တပ်မတော်၏ တပ်သားများနှင့်အတူ ဒေသခံလူထုအချို့အား ဝ တပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားသည်မှာ လဝက် ခန့်ရှိပြီဖြစ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိသေးဟု သိရပါသည်။  အဆိုပါအဖမ်းခံရသူများ လွှတ်မြောက်ရေးအတွက် သျှမ်းပြည်တပ်မတော်မှ မည်သို့ကြိုးပမ်းနေသနည်း။ အကြောင်းစုံသိရအောင် သျှမ်းပြည်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။
http://blog.sina.com.cn/burma မှ ဖော်ပြထားသော ဝ တပ်ဖွဲ့မှ ဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်သားများပုံ
http://blog.sina.com.cn/burma မှ ဖော်ပြထားသော ဝ တပ်ဖွဲ့မှ ဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်သားများပုံ

မေး။    ။ဝ ပြည်သွေးစည်းရေးတပ်မတော်က ဖမ်းဆီးထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ တပ်သားတွေ ကိုပြန်လွှတ်ပြီလား။

ဖြေ။    ။ မလွှတ်သေးဘူးဗျ။ ဝ ဘက်က ၂ ကြိမ်လူလွှတ်လာတယ်။ ဆွေးနွေးဖို့ အတွက် ကိုယ်စား လှယ်လွှတ်ဖို့။ ကျနော်တို့ဘက်က မိုင်းဆတ်မှာရုံးထိုင်တဲ့အရာရှိတယောက်ကို လွှတ်လိုက်တယ်။ သူက တိုင်းရင်းသားနဲ့ ဗမာအာဏာပိုင်တွေကို ဆက်ဆံတဲ့လူပေါ့။ ကျနော်တို့ ၂ ကြိမ်လွှတ်တယ် ။ တကြိမ်မှ မဆွေးနွေးခဲ့ရဘူး။

မေး။။ဆွေးနွေးမှုမရှိခဲ့ဘူးဆိုတာ ဘာကြောင့်လဲ။ ရာထူး အဆင့်အတန်းသတ်မှတ်ထားတာကြောင့်လား။

ဖြေ။    ။ သူတို့က ရာထူး အဆင့်အတန်း သတ်မှတ်ထားတယ်လဲ မပြောဘူး။   ဘာကြောင့်မဆွေးနွေးခဲ့တာလဲဆိုတာကိုတော့ ကျနော် မသိရပါဘူး။

မေး။    ။သျှမ်းပြည်တပ်မတော်ရဲ့ ဗိုလ်စိုင်းခိုင်ကို ပန်ဆန်းမှာသွားလွှတ်လိုက်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။    ။ ဘာမှမကြားရသေးဘူးဘဲ။

မေး။    ။အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးပြီးဆိုပေမယ့် မြန်မာစစ်တပ်နဲ့ တိုက်နေရသေးတယ်။ ၀ တပ်ဖွဲ့နဲ့လည်းဆက်ဆံရေး အခြေအနေက သိပ်မကောင်းဘူး။ ဒီပြဿနာဖြေရှင်းဖို့ သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်ပေါ်လစီကိုသုံးမလဲ။

ဖြေ။    ။ အစိုးရနဲ့ဘဲဖြစ်ဖြစ် တိုင်းရင်းသားတွေနဲ့ဘဲဖြစ်ဖြစ် ဆက်ဆံတဲ့အခါမှာ ကျနော်တို့ က စည်းလုံးညီညွတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ သဘောတူညီမှုရရှိရေး ဆိုတဲ့ပေါ်လစီကိုသုံးပါတယ်။ ဒါကြောင့်အခု ဖြစ်နေတဲ့ပြဿနာဟာ ဖြေရှင်းလို့ရတဲ့ပြဿနာဖြစ်ပါတယ်။  ဒီပြဿနာဖြေရှင်းနိုင်ဖို့ အတွက် ဖြေရှင်းချင်တဲ့ဆန္ဒရှိရမယ်။ ငြိမ်းချမ်းစွာတွေ့ဆုံဆွေး နွေးပြီးတော့ဖြေရှင်းသွားတာ အကောင်းဆုံးဘဲလို့မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီနည်းကိုဘဲသုံးသွားမှာဖြစ်ပါတယ်။

မေး။    ။အဖမ်းခံရတဲ့လူတွေပြန်လည်လွှတ်မြောက်နိုင်ဖို့အတွက် သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်လို ပြင်ဆင်ထားသလဲ။

ဖြေ။    ။ ကျနော်ခုနပြောသလိုဘဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းချင်တယ်။ ဒါကြောင့် ဝ တပ်မတော်ဘက်က ဘယ်လိုပြောလာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။  သူတို့ဘက်က ဆန္ဒကိုသိရမှ ကျနော်တို့ လိုက်ပြီးလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

မေး။    ။ သျှမ်းပြည်က ပရိသတ်တွေက သျှမ်းသံတော်ဆင့်ကိုဆက်သွယ်မေးမြန်းလာတယ်။ သျှမ်းပြည်တပ်မတော်က အဖမ်းခံရတဲ့တပ်သားတွေလွှတ်မြောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်တဲ့ သတင်းမကြားမိဘူး တဲ့။  လူထုရဲ့ မျှော်လင့်ချက်အပေါ်  ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။

ဖြေ။    ။ ဟုတ်ကဲ့။ ငြိမ်းချမ်းရေးနဲ့ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ဘက်ကဘဲ လုပ်ချင်နေရုံနဲ့ မလုပ်နိုင်ပါ ဘူး။ သူ့ဘက်ကလည်း လုပ်ချင်တဲ့စိတ်ရှိမှပါ။ စည်းလုံးညီညွတ်ရေးဆိုတာလဲအတူတူဘဲ။ ဒါကြောင့် သူတို့ဘက်က ဘာဖြစ်ချင်လဲ ပြောဆိုလာမှ ဆက်လုပ်နိုင်ပါမယ်။ အရောင်းအဝယ်လုပ်တဲ့သဘောပါဘဲ။ ရောင်းချင်တဲ့လူက ဈေးခေါ်မယ်။ ဝယ်မယ့်လူကလဲ သူဘယ်လိုပစ္စည်းမျိုးနဲ့ ဘယ်လောက်တန်ဖိုးရှိ တဲ့ဟာမျိုး လိုချင်တယ်ပြောပြီးမှ အရောင်းအဝယ်လုပ်ဖြစ်မှာပါ။

မေး။    ။အဖမ်းခံရတဲ့လူ အမှန်ကဘယ်နှစ်ယောက်ရှိလဲခင်ဗျ။

ဖြေ။    ။ ၁၄ ယောက်ပါ။

မေး။    ။ဟုတ်ကဲ့။ လူထု ကိုဘယ်လို ပြောပြချင်ပါသလဲ။

ဖြေ။    ။ ကျနော်တို့တပ်ဖွဲ့နဲ့တပ်သားထုအပေါ် အလေးထားမှုကိုကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဖြစ်အောင်ကျနော်တို့လုပ်သွားမယ်လို့ကတိပေးပါတယ်။

အဖမ်းခံရသည့် မိမိတပ်သားများ ပြန်လည်လွတ်မြောက်ဖို့အတွက် သျှမ်းပြည်တပ်မတော်ကတော့ ဝ တပ်ဖွဲ့ဘက်က ကမ်းလှမ်းပြောဆိုမှုကိုစောင့်နေကြောင်း  သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။

ဂျူလိုင် ၃၀ ရက်က ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည် တပ် မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်း ဘက်၌ စိုက်ပျိုးရေးလုပ်ရာတွင်   ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော် လာသည်ဟုဆိုကာ သျှမ်းပြည်တပ်မတော်၏ တပ်သားတချို့ကို ဝ ပြည်သွေးစည်းရေးတပ်မတော်ကဖမ်းဆီးထားခဲ့သည်။ ကိုယ်စားလှယ်လွှတ်၍ဆွေးနွေးရန် ဝ ဘက်မှတောင်းဆိုသည့်အတိုင်း သျှမ်းတပ်ဖွဲ့ကလွှတ်ပေးသော်လည်း ဆွေးနွေးမှုမရှိဘဲ တပ်သား ၁၄ ဦးမှာ ယနေ့တိုင် အဖမ်းခံထားရဆဲဖြစ်သည်။

သဘောတူချက်များကို အလုပ်ရှင် ချိုးဖောက်နေဆဲဟု အလုပ်သမားဆို

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းမှုများလုပ်၍ သဘောတူညီချက်များ ရှိခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ဆောင်ရွက်ပေးရန် ပျက်ကွက်မှုများ ရှိနေသေး ကြောင်း အလုပ်သမားရေးရာ ကူညီဆောင်ရွက်သူများနှင့် အလုပ်သမားများက ပြောဆိုနေကြသည်။
လုပ်ငန်းခွင် သန့်ရှင်းသာယာရေးနှင့် အန္တရာယ်ကင်းရှင်းရေး၊ တရက်တာ အလုပ်ချိန်အတွက် လုပ်ခ ကျပ် ၃,၀၀၀ သတ်မှတ်ပေး ရေးနှင့် လစာနှုန်းထားများ သတ်မှတ်ပေးရေး အစရှိသည့် အကြောင်းများနှင့် ပတ်သက်၍ သြဂုတ်လ နှောင်းပိုင်းနှင့်စက်တင်္ဘာ လဆန်းပိုင်းများတွင် အလုပ်သမား ဦးစီးဋ္ဌာန တာဝန်ရှိသူများ ရှေ့မှောက်၌ အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းပြီး သဘောတူခဲ့ကြသည်။

“ညှိနှိုင်းတုန်းက သတ်မှတ်ထားတဲ့ လစာ ပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သတ်မှတ်လစာ ၉၂,၂၆၀ ကျပ် ဖြစ်ခဲ့ပေမယ့် လက်ရှိ အများဆုံးရရှိမှုက ကျပ် ၇၀,၀၀၀ ကျော်သာ ရှိနေတယ်” ဟု Luck Shoe ဖိနပ် စက်ရုံမှ ကျွမ်းကျင်အဆင့် အလုပ်သမား မသင်းသင်းချို က ပြောသည်။

ထို့အပြင် စက်ရုံထွက် စွန့်ပစ်ပစ္စည်းများကို အလွယ်တကူ မီးရှိုဖို့စေခိုင်းခြင်းများ ရှိနေပြီး ဖိနပ်စက်ရုံ ဖြစ်သည့်တွက် မီးလောင်ကျွမ်း ကူးစက်နိုင်ခြေများကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် အခြေခံ အလုပ်သမားတဦး၏ တနေ့ လုပ်အားခမှာ ၁၀ ဒေါ်လာခန့် ရှိသည့်အတွက် တနေ့ လုပ်အားခ ကျပ် ၃,၀၀၀ သတ်မှတ်ပေးရန် တောင်းဆိုမှုသည် များသည်ဟု မဆိုသာကြောင်း အလုပ်သမားအရေး တက်ကြွစွာ
ဆောင်ရွက်နေသူ ဦးဋ္ဌေး က ပြောသည်။

ထိုသို့ သဘောတူခဲ့သည့် အချက်များအား အလုပ်ရှင်များဘက်မှ လိုက်နာခြင်း မရှိသည့်အပေါ် တာဝန်ရှိသူများ ကလည်း တစုံတရာ အရေးယူ ဆောင်ရွက်မပေးဘဲ သမဂ္ဂများ ပေါ်ပေါက်လာသော်လည်း ညှိနှိုင်းချက်များအတိုင်း မလုပ်သည်ကို အရေးယူဆောင်ရွက်ရန် လိုသေးသည်ဟု ရှေ့နေလိုင်စင်လည်း အသိမ်းခံထားရသည့် ဦးဋ္ဌေး က ဆိုသည်။

အလုပ်သမား ဦးစီးဋ္ဌာနမှ ညွန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်ကမူ “အလုပ်သမားဝန်ကြီးဋ္ဌာနအနေနဲ့ ၂၀၁၅ အထိ ဝန်ထမ်း များကို ၁,၂၃၀ ကျော်အထိ တိုးမြှင့်ခန် ထားမယ်။ ရုံးခွဲ ပေါင်း ၃၀၀ ကျော်ထိ ဖွင့်လှစ်ရန် ရည်ရွယ်ထားတယ်” ဟု ဆိုသည်။

အလုပ်သမားဘက်မှ လုပ်ချင်စိတ် ရှိမှသာ အချိန်ပို ခိုင်းစေနိုင်မည်ဖြစ်ပြီး မတရားခိုင်းစေနိုင်မှု ရှိပါက သက်ဆိုင်ရာ ဋ္ဌာနအား တိုင်ကြားနိုင်သလို မိဒီယာများအား မှန်မှန်ကန်ကန်ပြောပြပြီး အကူညီ ရယူရန် လိုအပ်သည်ဟု ဦးဝင်းရှိန် က ပြောသည်။

အထည်ချုပ် လုပ်ငန်းရှင်များအသင်းဝင် ဒေါက်တာခင်မောင်အေးကမူ ပြည်ပမှ ကုန်မှာယူသူ ရက်ချိန်းအတိုင်း ပေးပို့နိုင် ရန် အချိန်ပို ဆင်းနိုင်သည့် အလုပ်သမားများအား ဆင်းခွင့်ပေးထားပြီး မဆင်းနိုင်သူများကိုလည်း ခွင့်ပြုထားကြောင်း စက်တင်္ဘာ လ ၆ ရက်နေ့ တွေ့ဆုံညှိနှိုင်းပွဲတွင် ပြောကြားသွားသည်။

အလုပ်သမား ဥပဒေမှာ အတည်ပြုပြီး ဖြစ်သော်လည်း ကောင်းကျိုးကို အလုပ်သမားများ မခံစားရသေးကြောင်း ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူ က ပြောဆိုသွားသ
ည်။

မန္တလေးတိုင်းတွင် မြေကွက် ၃၀၀၀ ကျော်ကို စည်ပင်က ဖယ်ရှားခိုင်း

မန္တလေးတိုင်း ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့နယ်တွေက မြေကွက် ၃၃၄၄ ကွက်ကို လာမယ့် ၁၆ ရက်နေ့မှာ အပြီးပြောင်းရွှေ့ပေးဖို့ မန္တလေးမြို့တော်ဝန်က ခေါ်ယူ သတိပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒေသခံတွေဝယ်ယူထားတဲ့ မြေကွက်ပေါင်း ၃၃၄၄ ကွက်ကို မြို့တော်ဝန် နဲ့ မြို့တော်စည်ပင်သာရေးအဖွဲ့တွေက ဖယ်ရှားခိုင်းခဲ့တယ်လို့ မန္တလေးမြို့ခံ ဦးကိုလေးက ပြောပါတယ်။
“မဖယ်ရှားရင် လူအင်အား၊ စက်အင်အားနဲ့ ၀င်ထိုးပြီး ဖျက်ဆီးပစ်မယ်ဆိုတဲ့ ပုံစံမျိုး။ ၁၆ ရက်နေ့မှာ အားလုံး မိမိစရိတ်နဲ့ မိမိဘာသာ အပြီးဖယ်ပေးဖို့။ စည်ပင်သာယာရေး ကော်မတီကနေ သူတို့ပိုင်ဆိုင်ကြောင်း ကြေညာတယ်။ တကယ်တမ်းဆိုရင် စီးပွားရေးလုပ်ငန်းရှင်နဲ့ စည်ပင်သာယာအဖွဲ့အစည်း ပေါင်းပြီး ပြည်သူလူထုကို နှိပ်စက်တဲ့ ပွဲတပွဲ၊ မောင်းထုတ်တဲ့ ပွဲတပွဲလို ဖြစ်နေတဲ့အတွက် စိတ်မကောင်းစရာ ဖြစ်ရတယ်။ ”
ပြောင်းရွှေ့ရမယ့်အိမ်မြေတွေကတော့ ချမ်းမြသာစည်မြို့နယ်က အောင်သာယာ၊ ကန်သာယာ ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်က ကန်ကြီးကုန်၊ ဇီးအုပ် ရပ်ကွက်တွေနဲ့ အမရပူရမြို့နယ်က ကုန်းတန်းနဲ့ ရေအိုးစဉ်တန်း ရပ်ကွက်တွေက မြေကွက်ပေါင်း ၃၃၄၄ ကွက်ဖြစ်ပါတယ်။
နဂိုကတည်းက ဒီမြေကွက်အရောင်းအ၀ယ်မှာ တရားဝင်ဖြစ်မှုအတွက် မြေဂရမ်တွေ ပါဝင်ခြင်း မရှိဘဲ စွန့်စားပြီး ၀ယ်ယူကြတာ ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။
ကနဦးပိုင်းက မြို့ပြင်မှာ ဖြစ်ပေမယ့် နောက်ပိုင်းမြို့တွေ ချဲ့ထွင်လာတဲ့အခါ မြေနေရာတွေ ဈေးကောင်း လာပြီး အခုလို ဖယ်ခိုင်းလာတာဖြစ်တဲ့အကြောင်းနဲ့ ဩဂုတ်လတုန်းကလည်း ဒီနေရာတွေကနေ ဖယ်ပေးဖို့ သတင်းစာတွေကနေ သတိပေးခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒီမြေနေရာတွေကို တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်ကတည်းက လယ်သမားတွေဆီကနေ သိမ်းယူခဲ့ပါတယ်။ အဲဒီအချိန်က လျော်ကြေးတစုံတရာ မပေးဘဲ သိမ်းခဲ့ပေမယ့် မနေ့ကလုပ်တဲ့ အစည်းအဝေးမှာ တောင်သူတွေကို လျော်ကြေးပေးပြီး သိမ်းခဲ့တယ်လို့ ပြောဆိုတာဟာ  မမှန်ကန်ကြောင်းလည်း တောင်သူကြီးဖြစ်ခဲ့တဲ့ ဦးကျော်ညွန့်က ပြောပါတယ်။
“မနေ့က မြို့တော်ဝန်ကြီး ပြောခဲ့တဲ့ စကားက တောင်သူတွေကို တဧကကို ၄၀၀၀ နှုန်းပေးတယ်။ ၃ ဧကအထက်ကို မြေနှစ်ကွက် သုံးကွက်ပေးတယ်ဆိုတာ မဟုတ်ပါဘူးဗျာ။ မမှန်မကန်ပြောတာပါ။ တောင်သူတွေ မရပါဘူး။ မရတာကို အခြေခံပြီး တောင်သူတွေက အကွက်တွေ ရိုက်ပြီး ရောင်းပါတယ်။ ရောင်းပြီးနေတဲ့သူတွေကို သူတို့ အဓမ္မ ဖယ်ရှားမယ်လို့ သူတို့ လုပ်ပါတယ်။ ဒါကို နေထိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်း အစိုးရ၀န်ထမ်းတွေ အများကြီးပါပါတယ်။ ရပ်ကွက်ထဲမှာ သိန်း ၅၀၀၊ ၁၀၀၀ ဖြစ်တော့ မ၀ယ်နိုင်တော့ ဒီဘက်မှာ ၀ယ်နေကြတာပါဗျ။”
အဆိုပါမြေနေရာကို ၀ယ်ယူတဲ့သူအများစုဟာ ၀န်ထမ်းဟောင်းတွေနဲ့ မရှိဆင်းရဲသားတွေ များပြီး မြို့တွင်းမြေနေရာတွေ ဈေးကြီးတဲ့အတွက် မြို့စွန်တွေမှာ ၀ယ်ယူနေထိုင်ကြရတာ ဖြစ်ပါတယ်။
လာမယ့် ၁၆ ရက်နေ့ အပြီးမပြောင်းပေးရင် ၀င်ရောက် ဖျက်ဆီးမယ် ဆိုတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့လည်း ဦးကျော်ညွန့်က ပြောပါတယ်။

ကျိုင်းတုံမြို့ EPC ၀န်ထမ်းများ၏အကျင့်ပျက်ခြစားမှု


ကျိုင်းတုံမြို့ မီးလင်းရေး အတွက် ကျိုင်းတုံမြို့(ရှမ်းအရှေ့)၏ မိုင်းခွန်ရေအား လျှပ်စစ်ဓါတ် အားပေးစက်ရုံကို ၁၉၉၂ခုနှစ်မှ စတင်တည်ဆောက် ခဲ့ပါသည်။ မိုင်းခွန်ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံကို တည်ဆောက်ရာတွင် ပြည်သူလူထုဘက်မှ ထည့်ဝင်ငွေများ လည်းပါရှိပါသည်။ ငွေလက်ခံဖြတ်ပိုင်းနှင့် တကွပူးတွဲးတင်ပြပါသည်။---


Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )