22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 19, 2012

ဗန်ပါစီ ခေတ်လွန် အာဆင်နယ် အသင်းက ပိုကောင်းလာကြောင်း ဝင်းဂါးသုံးသပ်


 

အာဆင်နယ် အသင်းသည် ရော်ဘင်ဗန်ပါစီ ခေတ်လွန်တွင် ပိုမို၍ ခြေစွမ်း တက်လာကြောင်း အသင်းမန်နေဂျာ အာစင်ဝင်းဂါးက သုံးသပ် ပြောဆိုလိုက်သည်။

အာဆင်နယ်သည် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း အားထားရသည့် အသင်းခေါင်းဆောင် တိုက်စစ်မှူးကို မန်ချက်စတာ ယူနိုက်တက်သို့ ရောင်းချခဲ့သည်။ အာဆင်နယ်သည် ရာသီအဖွင့် ပွဲစဉ် (၂)ပွဲတွင် ဂိုးမသွင်းနိုင်ဘဲ ရုန်းကန် ခဲ့ရသည့်တိုင် နောက်ဆုံး ကစားသည့် လီဗာပူးလ်နှင့် ဆောက်သမ်တန်တို့နှင့် (၂)ပွဲတွင် (၈)ဂိုးသွင်းကာ တိုက်စစ် စွမ်းအားကောင်းကို ပြသနိုင်ခဲ့သည်။ အသက်(၂၉)နှစ်ရှိ နယ်သာလန် လက်ရွေးစင် ဗန်ပါစီက အမ်းမရိတ်စ်ကို ကျောခိုင်း သွားခြင်းသည် အာဆင်နယ်၏ တိုက်စစ်ကို ပိုမြိုင်လာစေသည်ဟု မိမိယူဆကြောင်း ဝင်းဂါးက ဆိုသည်။

"တစ်ခါတစ်လေတော့ တစ်ဦးချင်း ထူးချွန်မှု ကြီးထွားလာတာဟာ အဲဒီကစားသမားရဲ့ ဩဇာကို တစ်သင်းလုံးက အာရုံ စိုက်ရသလို ဖြစ်သွားတတ်ပါတယ်။ ဗန်ပါစီဟာ တစ်ရာသီတည်းမှာ ပရီးမီးယားလိဂ် ဂိုး(၃၀) သွင်းခဲ့တယ်။ ဂိုး(၃၀) သွင်းတဲ့ လူမျိုးဆီကိုပဲ လူတိုင်းက ဘောလုံးပေးချင်မှာပါပဲ။ ဒါက ရိုးရှင်းပါတယ်။ ခုတော့ သူမရှိတဲ့ အချိန်မှာ အာဆင်နယ်ဟာ တစ်ဦးချင်း မှီခိုမှုကို လျှော့ချနိုင်ခဲ့ပါတယ်"ဟု ဝင်းဂါးက ပြောကြားခဲ့သည်။ ၎င်းက "ခုချိန်မှာ အာဆင်နယ် အသင်းသားတွေဟာ အတူတွဲပြီး တာဝန်ခွဲယူဖို့ စိတ်ဓာတ်ပိုပြီး ပြင်းပြလာပါတယ်။ ခုချိန်မှာ အာဆင်နယ်ဟာ အသင်းတစ်သင်းနဲ့ ပိုတူလာတယ်။ အတူတွဲ ကစားရတာကို ပိုပြီး နှစ်သက်လာတယ်။ ဒါဟာ အာဆင်နယ်ရဲ့ အနေအထားကို ပိုကောင်းလာစေသလို အာဆင်နယ်ရဲ့ ဟန်ပန်ကလည်း စိတ်ဝင်စားစရာ ဖြစ်လာစေပါတယ်"ဟု ဆက်လက် ပြောဆိုသွားခဲ့သည်။
ဗန်ပါစီဟာ တစ်ရာသီတည်းမှာ ပရီးမီးယားလိဂ် ဂိုး(၃၀) သွင်းခဲ့တယ်။ ဂိုး(၃၀) သွင်းတဲ့ လူမျိုးဆီကိုပဲ လူတိုင်းက ဘောလုံးပေးချင်မှာပါပဲ။ ဒါက ရိုးရှင်းပါတယ်။ ခုတော့ သူမရှိတဲ့ အချိန်မှာ အာဆင်နယ်ဟာ တစ်ဦးချင်း မှီခိုမှုကို လျှော့ချနိုင်ခဲ့ပါတယ်...

အာဆင်နယ်နှင့် ရီးယဲလ်တို့ အနိုင် ရခဲ့သည့် ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်များ

ယမန်နေ့ညက ယှဉ်ပြိုင် ကစားသည့် ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲစဉ်များတွင် အာဆင်နယ် အသင်းသည် ပြင်သစ်ချန်ပီယံ မွန့်ပယ်လီယေးကို အဝေးကွင်းတွင် အနိုင် ကစားနိုင်ခဲ့ပြီး စပိန် လာလီဂါ ချန်ပီယံ ရီးယဲလ်မက်ဒရစ်မှာ အင်္ဂလန် ချန်ပီယံ မန်ချက်စတာ စီးတီးကို အနိုင် ရရှိခဲ့သည်။

မွန့်ပယ်လီယေး ၁ - ၂ အာဆင်နယ်
အာဆင်နယ်သည် အစောပိုင်းတွင် ပေးလိုက်ရသည့် ပင်နယ်တီဂိုးကို မြန်မြန်ဆန်ဆန်ပင် လိုက်လံချေပကာ အနိုင်ဂိုးထိ သွင်းယူပြီး အဖွင့်(၃)မှတ် ရရှိလာခဲ့သည်။ မွန့်ပယ်လီယေး အသင်းတွင် ဆူလီမိန်း ကာမာရာ၊ ရာမီ ကာဘယ်လာ၊ ယူနက်စ် ဘယ်လ်ဟန်ဒါ၊ အန်သိုနီ မူနီယာ၊ မာကို အက်စ်ထရာဒါ၊ ဂျာမဲလ် ဆီဟိုင်၊ ဟီလ်တန် အစရှိသည့် ကစားသမားများ ပါဝင် ကစားခဲ့သည်။ အာဆင်နယ် အသင်းတွင်မူ မွန့်ပယ်လီယေး တိုက်စစ်မှူးဟောင်း အိုလီဗာဂီရော့ဒ်အပြင် လူးကက်စ်ပိုဒေါ့စကီး၊ ဆန်တီကာဇိုလာ၊ မစ်ကယ် အာတီတာ၊ ဂါဗင်ဟို၊ အဘူဒီယာဘီ၊ သောမတ်စ် ဗာမေလန်၊ ကားလ်ဂျန်ကင်ဆန် အစရှိသည့် ကစားသမားများနှင့် လူစုံခဲ့သည်။



ပွဲအစ (၉)မိနစ် ကတည်းက အိမ်ရှင်အသင်း ဦးဆောင်ဂိုး ရရှိသည်။ ဘယ်လ်ဟန်ဒါကို ပင်နယ်တီ ဧရိယာ စည်းအစပ်တွင် ဗာမေလန် ဝင်ဖျက်ရာ ဒိုင်လူကြီးက မွန့်ပယ်လီယေးကို ပင်နယ်တီကန်ရန် ခွင့်ပြုခဲ့သည်။ ယင်းပင်နယ်တီကို ဘယ်လ်ဟန်ဒါကပင် ဂိုးသမား ဗီတို မန်နိုနီကို လှည့်စားပြီး ဂိုးအလယ်တည့်တည့်သို့ အသာအယာ ခုပ်ကန်ကာ ဂိုးသွင်းယူသွားသည်။ သို့သော်လည်း ပွဲချိန် (၁၆)မိနစ်တွင်ပင် အာဆင်နယ်အတွက် ပိုဒေါ့စကီးက ချေပဂိုး ပြန်သွင်းသည်။ အာဆင်နယ်၏ ဟန်အတိုင်း အနီးကပ် အပေးအယူ ပြုလုပ်ပြီး ကာဇိုလာ ထုတ်ပေးလိုက်သော ဘောလုံးကို ဂီရော့ဒ်က ပိုဒေါ့စကီးထံ ခင်းပေးလိုက်ရာ ဂျာမန်သားက ဂိုးသမား ဂေါ်ဖရီ ဂျော်ဒရန်နှင့် အနီးကပ် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၂)မိနစ် အကြာတွင် အာဆင်နယ်အသင်း နောက်တစ်ဂိုး ရသည်။ ကွင်းလယ်မှ ဂါဗင်ဟိုထံ ထုတ်ပေးသော ဘောလုံး နားလည်မှု လွဲကာ လိုရာမရောက်ခဲ့သော်လည်း ဂျန်ကင်ဆန်ထံ ရောက်သွားပြီး ညာခြမ်းမှ ၎င်းဖြတ်ပို့လိုက်သည်ကို ဂိုးရှေ့တွင် နေရာယူထားသည့် ဂါဗင်ဟိုက အနီးကပ် ပိတ်သွင်းသွားသည်။

(၃၄)မိနစ်တွင် ကိုက်(၂၀) အကွာမှ အက်စ်ထရာဒါ အနိမ့်လှမ်းကန်သော ဘောလုံးကို အီတလီသား ဂိုးသမား မန်နိုနီ တားဆီးနိုင်ခဲ့သည်။ (၄၈)မိနစ်တွင် ဒီယာဘီ အမှားမှ ကာဘယ်လာ အကောင်းဆုံး အခွင့်အရေး ရခဲ့သော်လည်း ဖြုန်းတီးပစ်ခဲ့သည်။ (၅၅)မိနစ်တွင် မန်နိုနီ ရှေ့တက်နေသည်ကို အခွင့်ကောင်းယူကာ ကာဘယ်လာ ကျော်ကန်သော ဘောလုံး အာဆင်နယ် ဂိုးဘားတန်းကို ထိထွက်ခဲ့သည်။ (၅၇)မိနစ်တွင် ကာဇိုလာ၏ ကန်ချက်ကို ဂျော်ဒရန် ပုတ်ထုတ်ခဲ့ရသည်။ (၈၁)မိနစ်တွင် ပါးမာတီဆက်ကာကို လှည့်ထုတ်ပြီး ဘယ်လ်ဟန်ဒါ အကောင်းဆုံး ကန်သွင်းခွင့် ရခဲ့သော်လည်း Playmaker၏ ကန်ချက်သည် မန်နိုနီ ရင်ဘတ်ထဲ တည့်တည့်ရောက်သွားသဖြင့် မွန့်ပယ်လီယေးတို့ အိမ်ကွင်းတွင် ချေပဂိုးပင် မသွင်းနိုင်ဘဲ ရမှတ်ဗလာ ဖြစ်ခဲ့ရသည်။

ရီးယဲလ်မက်ဒရစ် ၃ - ၂ မန်ချက်စတာစီးတီး
ဘာနေဗျူးတွင် ရီးယဲလ်မက်ဒရစ်အား ခံစစ်ပိတ် ကစားပြီး တန်ပြန် တိုက်စစ်နှင့် ပြစ်ဒဏ်ဘောများကို အားပြုထိုးဖောက်သည့် မန်ချက်စတာ စီးတီး၏ ဗျူဟာ အလုပ်ဖြစ်ခဲ့သော်လည်း အိမ်ရှင်အသင်း၏ စိတ်ဓာတ်ကောင်းကောင်း အားထုတ်မှုကို မလှန်နိုင်ခဲ့ပေ။ ရီးယဲလ် အသင်းတွင် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဂွန်ဇာလို ဟီဂူအင်း၊ ရှာဘီအလွန်ဆို၊ အိန်ဂျယ်လ် ဒီမာရီယာ၊ မိုက်ကယ် အက်ဆီယန်၊ ဆမ်မီ ခီဒီရာ၊ မာဆယ်လို၊ ပီပီနှင့် ရာဖေးလ် ဗာရိန်း အစရှိသည့် ကစားသမားများ ပွဲထွက်လာသည်။ မန်စီးတီးတွင် ကားလို့စ်တီဗက်ဇ်၊ ဆမ်မီ နာဆရီ၊ ဂါရတ်သ်ဘယ်ရီ၊ ယာယာတိုရေး၊ ဒေးဗစ်ဆေးလ်ဗား၊ ဟာဗီဂါစီယာ၊ ဗင်းဆင့် ကွမ်ပနီ၊ မာတီဂျာ နက်စ်တာဆစ်တို့ ပါဝင် ကစားသွားသည်။

ပွဲချိန် (၈)မိနစ်တွင် ရော်နယ်လ်ဒို စတင်ခြိမ်းခြောက်လာသည့် အားထုတ်မှုကို မန်စီးတီး ဂိုးသမား ဂျိုးဟတ် ကာကွယ်ခဲ့ရသည်။ (၁၂)မိနစ်တွင် ဒီမာရီယာ လှည့်ထုတ်ပေးသည့် ဘောလုံးကို ရော်နယ်လ်ဒို လှမ်းကန်ပြန်သော်လည်း ဟတ်ပင် ကာကွယ်သွားပြန်သည်။ (၃၉)မိနစ်တွင် တိုရေး၏ ခင်းပေးလိုက်သော ဘောလုံးကို ဆေးလ်ဗား ထိန်းကန်ရန် ကြိုးစားသော်လည်း ရီးယဲလ်နောက်တန်းက ပိတ်ဆို့ခဲ့သည်။ ထို့နောက် ဟီဂူရင်းနှင့် မာဆယ်လိုတို့ ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုပွဲသည် ဒုတိယပိုင်း ပြီးခါနီး မိနစ်(၂၀) ဝန်းကျင်မှ မြိုင်လာခဲ့သည်။



(၆၉)မိနစ်တွင် မန်စီးတီး ဂိုးစသွင်းသည်။ တန်ပြန်တိုက်စစ်မှတစ်ဆင့် တိုရေး အလယ်အူကြောင်းအတိုင်း ဆွဲထွက်လာပြီး ဘယ်ဖက်သို့ ထုတ်ပေးလိုက်သော ဘောလုံးကို လူစားဝင် တိုက်စစ်မှူး အီဒင်ဂျက်ကိုကာ ရီးယဲလ်ဂိုးသမား အိုင်ကာ ကားဆီးလက်စ် မှန်းဆထားသည့်ဘက်နှင့် ဆန့်ကျင်၍ လှိမ့်ဘော ကန်သွင်းသွားခြင်း ဖြစ်သည်။ (၇၆)မိနစ်တွင် ရီးယဲလ်က ချေပဂိုး ပြန်သွင်းသည်။ ဘယ်နောက်ခံ ကစားသမားက ဂိုးဧရိယာ ထိပ်နားတွင် ဘောလုံးရယူထားပြီးနောက် ၎င်းမသန်သည့် ညာခြေဖြင့် အမြင့်ဘော လှမ်းကန်ရာ ဂိုးဘားတန်းနှင့် ရှပ်ပြီး ဝင်သွားခဲ့ခြင်း ဖြစ်သည်။ (၈၅)မိနစ်တွင် အလက်ဇန္ဒား ကိုလာရော့ဗ် အဝေးမှ လှမ်းကန်သော ပြစ်ဒဏ်ဘောကို အလွန်ဆို တားဆီးရန် ကြိုးစားသော်လည်း လွဲချော်ကာ ဂိုးတိုင်ထောင့်ထဲ တန်းနေအောင် ဝင်သွားသဖြင့် မန်စီးတီးတို့ ပွဲကို တစ်ကျော့ပြန် ဦးဆောင်သည်။

ရီးယဲလ်အတွက် ချေပဂိုးကို (၈၇)မိနစ်တွင် လူစားဝင် တိုက်စစ်မှူး ကီရင် ဘန်ဇီးမားက ဒီမာရီယာ ပေးပို့သော ဘောလုံးကို လှည့်ထုတ်ကာ အနိမ့်ကန်သွင်းခဲ့ပြန်သည်။ မန်စီးတီးတို့ အသည်းကွဲစေမည့် ဂိုးကို မိနစ်(၉၀)တွင် ရော်နယ်လ်ဒိုက ရယူသည်။ ဘယ်ခြမ်းမှ ထိုးဖောက်ပြီး ဧရိယာထဲ ချိုးဝင်လာသည့် ပေါ်တူဂီ တိုက်စစ်မှူး၏ ထောင့်ဖြတ်ကန်ချက်သည် ကွမ်ပနီနှင့် ကွယ်နေသဖြင့် မြင်ကွင်းမရှင်းသော ဟတ်၏ လက်ရှေ့တွင် မြေထောက်ကာ ဂိုးထဲ ဝင်သွားသဖြင့် အိမ်ရှင်အသင်း ဘာနေဗျူးတွင် (၃)မှတ်အပြည့်ဖြင့် အောင်ပွဲခံခွင့် ရရှိသွားသည်။

အခြားပွဲစဉ် ရလဒ်များ

ဒိုင်နမို ဇာဂရက်ဘ် ၀ - ၂ ပေါ်တို
PSG ၄ - ၁ ဒိုင်နမိုကိဗ်
အိုလံပီယာကော့စ် ၁ - ၂ ရှော်လ်ကေး
အေစီမီလန် ၀ - ၀ အန်းဒါးလက်ခ်ျ
မာလာဂါ ၃ - ၀ ဇင်းနစ်စိန့်ပီတာစဘာ့ဂ်
ဘိုရပ်ရှားဒေါ့တ်မန် ၁ - ၀ အေဂျက်စ်အမ်စတာဒမ်
Ref: Eurosport

ရီးယဲလ်ကို အလွန်အကျွံ ခံစစ် ကစားခဲ့သော မန်စီးတီး အသင်းသားများအား မန်စီနီ ဝေဖန်

မန်ချက်စတာ စီးတီးအသင်း မန်နေဂျာ ရောဘတ်တို မန်စီနီက ရီးယဲလ်မက်ဒရစ် အသင်းကို အရေး နိမ့်ခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် မိမိ အသင်းသားများ၏ တိုက်စစ်ဖွင့် ကစားရန် သတ္တိကြောင်မှုကို ဝေဖန် ပြစ်တင်လိုက်သည်။

မန်စီးတီးသည် ဘာနေဗျူး ကွင်းတွင် ရီးယဲလ်ကို (၂)ကြိမ်တိုင် ဦးဆောင် ကစားပြီးမှ (၃-၂)ဖြင့် အရေး နိမ့်ခဲ့ရသည်။ ပွဲကြီးပွဲကောင်း ဖြစ်ခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် မိမိ အသင်းသားများသည် ရီးယဲလ်၏ တိုက်စစ်ကို ခုခံရန်သာ ကြိုးစားရင်း အချိန် ကုန်နေခဲ့ခြင်းကို အီတလီသား မန်နေဂျာက ဒေါသ ထွက်နေသည်။ "တကယ်လို့သာ ကျွန်တော်တို့ အလွန်အကျွံ ခံစစ် ကစားနေမှာ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ဂိုးပေးလိုက်စရာ မရှိဘူး" ဟု မန်စီနီက ဆိုသည်။ မန်စီနီသည် ယခုပွဲစဉ်တွင် (၃)ဂိုး ပေးလိုက်ရသည့် ဂိုးသမား ဂျိုးဟတ်ကိုလည်း တိုက်ရိုက် ဝေဖန်ခဲ့သည်။
စိတ်ပျက်နေသည့် ဂျိုးဟတ်

ဒေါသ ထွက်နေသည့် မန်စီးတီး မန်နေဂျာက "ဟတ်ရဲ့ တာဝန်က ဂိုးပေါက်မှာ ရှိနေပြီး ကာကွယ်မှုတွေ လုပ်ဖို့ပါ။ လူတစ်ယောက်က မန်စီးတီးကို ဝေဖန်မယ်ဆို ဟတ်ကို ဦးတည် မနေနဲ့။ ကျွန်တော့်ကိုပဲ ဦးတည်ပါ။ ကျွန်တော်က စီမံသူ မဟုတ်လား။ ဟတ်ကတော့ မဟုတ်ဘူး။ ခုကိစ္စက လက်ခံဖို့ ခက်လွန်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှုံးလို့ ခုလို ပြောနေတာ မဟုတ်ဘူး" ဟုလည်း ဆိုသည်။ ၎င်းက "ရီးယဲလ်လို အသင်းကို ရှုံးတာ လက်ခံပါတယ်။ ဒါပေမဲ့ ခုလိုနည်းနဲ့ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီအခြေအနေကနေ တိုးတက်လာဖို့ လိုပါပြီ။ ကျွန်တော်တို့ ခံစစ်က လွန်လွန်ကျွံကျွံကြီး ဖြစ်သွားတယ်။ ဒါဟာ ပြိုင်ဘက်အတွက် ကစားရတာ လွယ်ကူသွားစေသလို ပင်နယ်တီ ဧရိယာ အစပ်ကနေ အခွင့်အရေးတွေ ပိုရလာစေပါတယ်" ဟုလည်း ထောက်ပြ ပြောဆိုသွားသည်။
ရီးယဲလ်လို အသင်းကို ရှုံးတာ လက်ခံပါတယ်။ ဒါပေမဲ့ ခုလိုနည်းနဲ့ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီအခြေအနေကနေ တိုးတက်လာဖို့ လိုပါပြီ...

ငွေကြေးထက် ဘောလုံးနှင့် ပတ်သက်ပြီး စဉ်းစားကာ အနာဂတ်ကို ရွေးချယ်ရန် ဝဲလ်ကော့ကို ပါလာတိုက်တွန်း

သီအိုဝဲလ်ကော့ အနေဖြင့် ငွေကြေး ကိစ္စထက် ဘောလုံးကိုသာ ဦးစားပေး စဉ်းစားသင့်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ရေးပါလာက တိုက်တွန်းလိုက်သည်။


အသက်(၂၃)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမားသည် အာဆင်နယ်တွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေပြီး အသင်းက တစ်ပတ် ပေါင်စတာလင် (၇၅၀၀၀)ဖြင့် ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို ငြင်းဆန်ထားသည်။ ထိုအခြေအနေသည် အာဆင်နယ်အတွက် ကိုင်တွယ်စီမံရန် ခက်ခဲသော အနေအထားမျိုးထံ ဦးတည်နေပြီး ကစားသမားကို ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့က စိတ်ဝင်စား နေသည်။ ပါလာက ဝဲလ်ကော့သည် မိမိ၏ ဆုံးဖြတ်ချက်ကို ငွေကြေးထက် ဘောလုံးနှင့် ပတ်သက်သော အမြင်ဖြင့် ရွေးချယ်သင့်ကြောင်း တိုက်တွန်းသွားသည်။
စာချုပ်သက်တမ်း တိုးရန် မသေချာသေးသည့် ၀ဲလ်ကော့

ပါလာက "ဝဲလ်ကော့ အာဆင်နယ်မှာ သက်တမ်းတိုး စာချုပ်တာကို မြင်ချင်နေတဲ့သူတွေ အများကြီးပါ။ သူဟာ ကွင်းထဲမှာ အရမ်း အလုပ်ကြိုးစားတဲ့သူပါ။ သူဟာ ကစားသမားကောင်း တစ်ယောက် ဖြစ်ပါတယ်။ ခုချိန်မှာ ဝဲလ်ကော့ အာရုံစိုက်သင့်တာက နေမလား၊ သွားမလား ဆိုတဲ့ ကိစ္စမျိုးထက် ဘောလုံးကို ဘယ်လို ပိုကောင်းအောင် ကစားမယ် ဆိုတာမျိုး ဖြစ်နေရမှာပါ။ စာချုပ်ကိစ္စကြောင့် ကွင်းထဲမှာ သူ့ခြေစွမ်းကို ထိခိုက် လာတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်ကတော့ သူဟာ အနာဂတ်ကို ဆုံးဖြတ်မယ် ဆိုရင် ငွေကြေးထက် ဘောလုံးကိုပဲ အလေးထား ရွေးချယ်စေချင်တယ်" ဟု ပြောကြားသွားသည်။
ခုချိန်မှာ ဝဲလ်ကော့ အာရုံစိုက်သင့်တာက နေမလား၊ သွားမလား ဆိုတဲ့ ကိစ္စမျိုးထက် ဘောလုံးကို ဘယ်လို ပိုကောင်းအောင် ကစားမယ် ဆိုတာမျိုး ဖြစ်နေရမှာပါ...
Ref: Daily Mail

ဟေးလ်ဘရော့ အမှတ်တရ လီဗာပူးလ်နှင့် မန်ယူ ပူးပေါင်းရန် စီစဉ်

ဟေးလ်ဘရော့ ဖြစ်စဉ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ ထွက်ပေါ် ခဲ့သည့်နောက် သေဆုံးခဲ့သော လီဗာပူးလ် ပရိသတ် (၉၆)ဦး အတွက် ဝမ်းနည်းသည့် အထိမ်းအမှတ်ကို စုပေါင်း ပြုလုပ်ရန် လီဗာပူးလ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများ သဘော တူညီခဲ့ကြသည်။

ခါးသီးသော ပြိုင်ဘက်များ အဖြစ် အစဉ်တစိုက် ရပ်တည်ခဲ့ကြသော်လည်း ယခု သီတင်းပတ်ကုန် အန်းဖီးလ်တွင် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်ယူ အသင်းနှင့် လီဗာပူးလ် အသင်းတို့သည် သမိုင်းဝင် ဖြစ်စဉ်ဆိုးကြီး အတွင်း သေဆုံး ခဲ့ရသူများကို အမှတ်တရ ဖြစ်စေမည့် အစီအစဉ်တွင် ပူးပေါင်းမည် ဖြစ်သည်။ (၁၉၈၉)ခုနှစ်က ဖြစ်ပွားခဲ့သော အားကစားကွင်း လူအုပ် ပြိုကျမှုကြီးတွင် လီဗာပူးလ် ပရိသတ်များ၏ စည်းပျက်ကမ်းပျက် နိုင်မှုကို အစဉ်တစိုက် အပြစ် တင်ခဲ့သော်လည်း နောက်ပိုင်း ထွက်ပေါ်လာသည့် မှတ်တမ်းများ အရ အာဏာပိုင်များ၏ စီမံ ကိုင်တွယ်မှု အားနည်းချက်နှင့် အခြားသော အကြောင်းအရာ များစွာကိုလည်း သိရှိလာခဲ့ရသည်။



ယခုအခါ စတီဗင်ဂျရတ်နှင့် နီမန်ဂျာ ဗီဒစ်တို့သည် မိမိတို့၏ သက်ဆိုင်ရာ အသင်းများကို ဦးဆောင်ကာ သေဆုံးသူများ အတွက် ရည်စူး ဂုဏ်ပြုရန် စီစဉ်ထားပြီး ကလပ်အသင်း နှစ်ခုလုံးက အသေးစိတ် အချက်အလက်များကို မကြေညာသေးချေ။ လီဗာပူးလ် စီမံရေးရာ ဒါရိုက်တာ အီယန်အိုင်ရီက မြို့ခံပြိုင်ဘက် အဲဗာတန် အသင်းသည် နယူးကာဆယ်လ် ယူနိုက်တက်နှင့် ရင်ဆိုင်စဉ် ဟေးလ်ဘရော့ ဖြစ်စဉ်အတွင်း သေဆုံးခဲ့ ရသူများ အတွက် ဂုဏ်ပြု အမှတ်ရဖွယ် အခမ်းအနားငယ်လေး တစ်ခု ပြုလုပ်ပေးခဲ့ခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း ပြောဆိုထားသည်။

စတီဗင်ဂျရတ်နှင့် နီမန်ဂျာ ဗီဒစ်တို့သည် မိမိတို့၏ သက်ဆိုင်ရာ အသင်းများကို ဦးဆောင်ကာ သေဆုံးသူများ အတွက် ရည်စူး ဂုဏ်ပြုရန် စီစဉ်ထားပြီး ကလပ်အသင်း နှစ်ခုလုံးက အသေးစိတ် အချက်အလက်များကို မကြေညာသေး...
မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က "ဒီအခြေအနေဟာ လူတိုင်းအတွက် သူတို့ရဲ့ လေးစားမှုကို ထုတ်ဖော် ပြသဖို့ အခွင့်အရေး တစ်ခုပါ။ ကျွန်တော်တို့ဟာ လီဗာပူးလ် ခုလိုကြုံနေရတဲ့ အခြေအနေ အတွက် ကလပ်အသင်း တစ်ခု အနေနဲ့ အပြည့်အဝ ထောက်ခံ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲမှာ ဟေးလ်ဘရော့ ကိစ္စအပေါ် ပြန်ပြီး ဖော်ထုတ်မယ့် လီဗာပူးလ်ရဲ့ အစီအစဉ်ကို ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကူညီပါမယ်။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာကို အသေးစိတ် ဖတ်ခွင့် ရတဲ့အခါ လီဗာပူးလ်ရော၊ သေဆုံးသူတွေရဲ့ မိသားစုတွေပါ ဝမ်းနည်းကြမယ်ဆိုတာ နားလည်ပါတယ်" ဟု ပြောကြားသွားသည်။
Ref: Daily Mail

ပွဲထွက် ဂိုးသမား နေရာကို အတည်ပြု မရွေးချယ်မီ အလှည့်ကျ စနစ်ကို ကျင့်သုံးမည်ဟု ဖာဂူဆန် ပြောကြား

ပွဲထွက် ဂိုးသမား နေရာအတွက် ခိုင်ခိုင်မာမာ မဆုံးဖြတ် ရသေးမချင်း ဂိုးသမား နေရာကို အလှည့်ကျ သတ်မှတ်သွားမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။
စကော့သား မန်နေဂျာကြီးသည် လက်ရှိတွင် စပိန်သား ဒေးဗစ်ဒီဂီယာနှင့် ဒိန်းမတ်သား အန်းဒါးစ် လင်ဒီဂါ့ဒ်တို့ကို တစ်လှည့်စီ ပွဲထွက် အသုံးပြုလျှက် ရှိသည်။ ဖာဂူဆန်က ဂါလာတာဆာရေးနှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ယခင် ပရီးမီးယားလိဂ် (၂)ပွဲဆက် ကိုယ်စားပြုခွင့် ရခဲ့သည့် လင်ဒီဂါ့ဒ်အစား ဒီဂီယာကို ပြန်လည် အသုံးပြုရန် အလွန်ဖြစ်နိုင်ခြေ များကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။ ဒီဂီယာသည် အက်ဒွင်ဗန်ဒါဆားကို ဆက်ခံမည့်သူ အဖြစ် နာမည်ကျော် ခဲ့သော်လည်း အမှား အချို့ကြောင့် ပွဲထွက်နေရာမှ ချန်လှပ်ခံခဲ့ရသည်။


ဖာဂူဆန်က "ကျွန်တော့် ဂိုးသမား နှစ်ယောက်အတွက် အရေးအကြီးဆုံး အရာက အင်္ဂလန်မှာ ကစားတဲ့ အတွေ့အကြုံ ရင့်ကျက်လာဖို့ပါ။ သူတို့ နှစ်ယောက်လုံး အသက်တွေက ငယ်သေးတယ်လေ။ ဒါကြောင့် ဗန်ဒါဆားနဲ့ ပီတာရှမိုက်ကယ်တို့လို အတွေ့အကြုံမျိုး ရှိနေဖို့ မျှော်လင့်လို့ ဘယ်ရမလဲ။ ခုချိန်မှာ အပြောင်းအလဲနဲ့ အသုံးပြုနေဖို့က ကျွန်တော့်အတွက် ပြဿနာ မဟုတ်ပါဘူး" ဟု ဆိုသည်။ လင်ဒီဂါ့ဒ်သည် ဝီဂန်နှင့် ပွဲတွင် မန်ယူ၏ ယခုရာသီ ပထမဆုံး Clean-Sheet ကို ရရှိ ခဲ့သော်လည်း ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲတွင်မူ ဒီဂီယာသာ ပွဲထွက်ရန် အလားအလာ ကောင်းနေကြောင်း သတင်းများက ဖော်ပြသွားသည်။
ကျွန်တော့် ဂိုးသမား နှစ်ယောက်အတွက် အရေးအကြီးဆုံး အရာက အင်္ဂလန်မှာ ကစားတဲ့ အတွေ့အကြုံ ရင့်ကျက်လာဖို့ပါ။ သူတို့ နှစ်ယောက်လုံး အသက်တွေက ငယ်သေးတယ်လေ။ ဒါကြောင့် ဗန်ဒါဆားနဲ့ ပီတာရှမိုက်ကယ်တို့လို အတွေ့အကြုံမျိုး ရှိနေဖို့ မျှော်လင့်လို့ ဘယ်ရမလဲ...

ချန်ပီယံလိဂ် သရဖူကို ကာကွယ်ရန် ခက်ခဲလွန်းကြောင်း ဒီမက်တီယို ဝန်ခံ

ချယ်လ်ဆီး အသင်း မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုက ချန်ပီယံလိဂ် ဆုဖလားကို အောင်မြင်စွာ ကာကွယ်ရန် ဆိုသည်မှာ ခက်ခဲလွန်းသော စိန်ခေါ်မှု တစ်ခုဟု ဝန်ခံလိုက်သည်။


အီတလီသား မန်နေဂျာသည် ချယ်လ်ဆီးကို ယာယီ မန်နေဂျာ အဖြစ် ဦးဆောင်ရင်း ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံး ဥရောပ ချန်ပီယံ ဘွဲ့ကို ရယူပေးခဲ့သည်။ သို့သော်လည်း ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲ ကျင်းပခဲ့သည့် ကာလတစ်လျှောက် (၂)ကြိမ်ဆက် ချန်ပီယံဖြစ်သည့် အသင်းမျိုး ထွက်ပေါ် မလာသော အစဉ်အလာ ဆိုးကို ရင်ဆိုင်ချေဖျက်ရန်မှာ မလွယ်ကူကြောင်း ဒီမက်တီယိုက သုံးသပ်ခဲ့သည်။ ချယ်လ်ဆီးသည် ချန်ပီယံဆု ကာကွယ်သည့် အဖွင့်ခြေလှမ်း အဖြစ် အီတလီ ချန်ပီယံ ဂျူဗင်းတပ်စ်ကို အုပ်စု အဖွင့်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။
ဂျူဗင်းတပ်စ်နှင့် ရင်ဆိုင်ရမည့် ချယ်လ်ဆီး

ဒီမက်တီယိုက "ချန်ပီယံလိဂ်ဟာ ဘယ်အသင်းကိုမှ (၂)ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ မဖြစ်နိုင်ကြောင်း သက်သေပြထားတဲ့ ခက်ခဲလွန်းတဲ့ ပြိုင်ပွဲပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အဲဒီ မဖြစ်နိုင်တာကို ဖြစ်လာအောင် ကြိုးစားကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ သဘောကိုက ပြင်းထန်ခက်ခဲတယ်။ ရာသီတိုင်း အသင်းသစ်၊ အသင်းကောင်းတွေ တိုးလာတယ်။ ဒီနှစ်ဆို PSGနဲ့ ဂျူဗင်းတပ်စ်တို့ ဆိုပါတော့။ ကျွန်တော်တို့ အုပ်စုမှာတင် သက်ဆိုင်ရာ နိုင်ငံအလိုက် ချန်ပီယံ (၃)သင်း ပါဝင်နေတာပါ"ဟု ဆိုသည်။

၎င်းက "မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောဖူးပါတယ်။ ချန်ပီယံလိဂ်ကို (၂)ခါ၊ (၃)ခါလောက် ရဖူးမယ်ဆိုရင် ကိုယ့်အသင်းဟာ ခမ်းနားတဲ့ အသင်းတစ်ခု အဖြစ် အမှတ်ရခြင်း ခံနေရမယ်တဲ့။ တကယ်တော့ ဒီလို သတိရ ခံနေရဖို့ ဘယ်နှခါလောက် ချန်ပီယံ ဖြစ်ရမယ် ဆိုတာ ကျွန်တော် မသေချာပါဘူး။ ဒါပေမဲ့ ဆာအဲလက်စ် ပြောတဲ့ စကားကိုတော့ သဘောကျပါတယ်" ဟုလည်း ပြောကြားသွားသည်။
ချန်ပီယံလိဂ်ဟာ ဘယ်အသင်းကိုမှ (၂)ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ မဖြစ်နိုင်ကြောင်း သက်သေပြထားတဲ့ ခက်ခဲလွန်းတဲ့ ပြိုင်ပွဲပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အဲဒီ မဖြစ်နိုင်တာကို ဖြစ်လာအောင် ကြိုးစားကြမှာ ဖြစ်ပါတယ်...

Tuesday, September 18, 2012

First Eleven Sport Journal

စက်တင်ဘာ ၁၈ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၆



FirstEleven-Vol-13-No-16

မန်ယူ၏ ဥရောပ အရှိန်အဝါကို ထိန်းသိမ်းရန် အသင်းဖော်များကို လင်ဒီဂါ့ဒ် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အန်းဒါးစ် လင်ဒီဂါ့ဒ်က အသင်းဖော်များအား မိမိတို့၏ ဥရောပတွင် လွှမ်းမိုး နိုင်စွမ်းကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ကြိုးစားကြရန် တိုက်တွန်း တောင်းဆိုလိုက်သည်။

မန်ယူ အသင်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ချန်ပီယံလိဂ်တွင် အုပ်စု အဆင့်မှပင် ကျောခိုင်းကာ ယူရိုပါလိဂ်သို့ ဆင်းကစား ခဲ့ရသည်။ မန်ယူသည် ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်တွင် တူရကီကလပ် ဂါလာတာဆာရေးအား လက်ခံ ကစားရမည် ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ဒိန်းမတ် လက်ရွေးစင် လင်ဒီဂါ့ဒ်က မန်ယူ အနေဖြင့် ပြီးခဲ့သည့် ရာသီ အတိတ်ဆိုးများကို ချေဖျက်ပစ်ရန် အတွက် ယခု ရာသီတွင် အကောင်းဆုံး ကြိုးစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လင်ဒီဂါ့ဒ်က "ကျွန်တော်တို့ ပိုကောင်းလာဖို့ လိုပါတယ်။ မဟုတ်ရင် ဘာမဆို စိတ်ပျက်စရာတွေချည်း ဖြစ်လာမှာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ ရာသီကလိုပေါ့။ ကျွန်တော်တို့ဟာ အရမ်းကို နမော်နမဲ့နဲ့ ပေါ့ဆမိခဲ့တယ် ထင်ပါတယ်" ဟု ဆိုသည်။ ၎င်းက "ဘေဆယ်လ်ကို အိမ်ကွင်းမှာ ကစားရတဲ့ ပွဲအပါအဝင် (၂)ပွဲလောက်မှာ ကျွန်တော်တို့ဟာ သရေပဲ ရခဲ့တယ်။ အထူးသဖြင့် (၂-၀)နဲ့ ဦးဆောင် နေပြီးမှ သရေ ကျခဲ့တာမျိုးက ဒေါသ ထွက်စရာပါ။ ဒီရာသီမှာ နောက်တစ်ခါ ဒါမျိုးဖြစ်လို့ လုံးဝ မရတော့ပါဘူး" ဟုလည်း ထောက်ပြသွားသည်။

ကျွန်တော်တို့ ပိုကောင်းလာဖို့ လိုပါတယ်။ မဟုတ်ရင် ဘာမဆို စိတ်ပျက်စရာတွေချည်း ဖြစ်လာမှာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ ရာသီကလိုပေါ့။ ကျွန်တော်တို့ဟာ အရမ်းကို နမော်နမဲ့နဲ့ ပေါ့ဆမိခဲ့တယ် ထင်ပါတယ်...
လင်ဒီဂါ့ဒ်က "တကယ်တော့ ချန်ပီယံလိဂ်မှာ ကစားနေတယ် ဆိုတဲ့ အသင်းတိုင်းက ကိုယ့်သက်ဆိုင်ရာ နိုင်ငံတွေမှာ အဆင့်(၁)ကနေ (၃)လောက် ရနေတာမျိုးပါ။ ဒီအခြေအနေမှာ ပွဲတိုင်းကို ကျွန်တော်တို့ လေးလေးနက်နက် ဂရုစိုက်ဖို့ လိုပါတယ်" ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်။    
Ref: The Sun

ဘာစီလိုနာတွင် ကစားပါက လက်ရှိ အခြေအနေမျိုး ကာကာ ကြုံမည် မဟုတ်ဟု အဲလ်ဗက်စ် မှတ်ချက်ပြု

အကယ်၍ ဘာစီလိုနာ အသင်းတွင်သာ ကစား ဖြစ်ခဲ့ပါက ရီးယဲလ်မက်ဒရစ်တွင် ကြုံနေရသည့် အခြေအနေမျိုးအား ရီကာဒို ကာကာ အနေဖြင့် ရှောင်လွှဲနိုင်မည်ဟု ဒန်နီအဲလ်ဗက်စ်က ပြောကြားလိုက်သည်။

ဘရာဇီးလ် တောင်ပံခံစစ်မှူးက ၎င်း၏ လက်ရွေးစင် အသင်း ကစားဖော် ကွင်းလယ် ဖန်တီးရှင် ကာကာတစ်ယောက် ဘာနေဗျူးတွင် ရုန်းကန်နေရသော အခြေအနေများကြောင့် စိတ်မကောင်းဟု ဆိုသည်။ ကာကာသည် (၂၀၀၇)ခုနှစ်က အေစီမီလန်တွင် ကစားရင်း ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ဖူးသည်။ သို့သော်လည်း နောက်(၂)နှစ် အကြာတွင် ရီးယဲလ်သို့ ပြောင်းရွှေ့ လာပြီးနောက် ဒဏ်ရာများနှင့် ရုန်းကန် ခဲ့ရသလို ယခုအခါ ရီးယဲလ်၏ အရန် ကစားသမား ဘဝတွင်သာ အဓိက အချိန် ကုန်နေခဲ့ရသည်။
ရီးယဲလ်တွင် ရုန်းကန်နေရသည့် ကာကာ

အသက်(၃၀)အရွယ်ရှိ ကာကာသည် နွေရာသီ ဈေးကွက် ကာလအတွင်း အသင်းဟောင်း မီလန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆက်သွယ် ခဲ့သေးသော်လည်း လက်တွေ့ မအောင်မြင်ခဲ့ချေ။ အဲလ်ဗက်စ်က "ကျွန်တော်သာ ကာကာ ဆိုရင်တော့ ဟိုးအရင်ကတည်းက ရီးယဲလ်ကနေ ထွက်လိုက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် ဘဝမှာ ဘောလုံး ကစားခြင်းဟာ အဓိကပဲ။ ကျွန်တော် ချစ်တဲ့အရာနဲ့ ဝေးကွာအောင် လုပ်ထားတဲ့ နေရာမျိုးဟာ ကျွန်တော့် ဘဝကို အနှစ်သာရ မဲ့စေတယ်လေ။ ကျွန်တော် ကာကာအတွက် စိတ်မကောင်းဘူး။ ကျွန်တော် သူ့ကို လေးစားတယ်လေ။ သူ့လို အခြေအနေမျိုးကို ကျွန်တော် လက်ခံရှင်သန်ဖို့ မလွယ်လောက်ဘူး" ဟု ဆိုသည်။

ကျွန်တော်သာ ကာကာ ဆိုရင်တော့ ဟိုးအရင်ကတည်းက ရီးယဲလ်ကနေ ထွက်လိုက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် ဘဝမှာ ဘောလုံး ကစားခြင်းဟာ အဓိကပဲ။ ကျွန်တော် ချစ်တဲ့အရာနဲ့ ဝေးကွာအောင် လုပ်ထားတဲ့ နေရာမျိုးဟာ ကျွန်တော့် ဘဝကို အနှစ်သာရ မဲ့စေတယ်လေ...
၎င်းက ဆက်လက်၍ "သူဟာ ကမ္ဘာ့ဘောလုံး လောကမှာ အကောင်းဆုံး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ခုချိန်မှာတော့ သူဟာ အသင်းရဲ့ လေးစားမှုကို မရတော့ဘူး။ တကယ်လို့ သူသာ ဘာစီလိုနာမှာ ရှိခဲ့ရင် ဒီလို အခြေအနေမျိုးတွေ ကြုံရမယ် မထင်ဘူး" ဟုလည်း ပြောကြားသွားသည်။
Ref: Goal

Saturday, September 15, 2012

၂၀၁၂ ရှုံးထွက်ဖလား မဲခွဲမှု ပြုလုပ် ~ လက်ရှိ ချန်ပီယံ ရန်ကုန်တို့ မကွေးနှင့် ရင်ဆိုင်ရမည်


 

MFF Digicel Cup 2012 မဲခွဲမှုအား စက်တင်ဘာ ၁၄ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ကျင်းပခဲ့ရာ လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် မကွေး အသင်းနှင့် ရှုံးထွက် အဆင့်တွင် စတင် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

မဲခွဲမှု အရ ၂၀၁၀ ချန်ပီယံ ဟံသာဝတီ ယူနိုက်တက် အသင်းမှာမူ ဆောက်သမ်း မြန်မာအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ နာမည်ကြီး အသင်းတစ်သင်း ဖြစ်သည့် ရတနာပုံ အသင်းမှာမူ မနောမြေနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ကမ္ဘောဇ အသင်းမှာမူ ချင်း ယူနိုက်တက် အသင်းနှင့် ပွဲချောင်နေသည်ကို တွေ့ရသည်။ ဧရာဝတီ အသင်းမှာမူ ကာကွယ်ရေး အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ကာ နေပြည်တော် အသင်းမှာမူ ACE နှင့် ထိပ်တိုက် ရင်ဆိုင်နေရသည်။

အဆိုပါ (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်များအား အောက်တိုဘာ ၁၇ရက်နေ့မှ ၁၉ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကာ ရန်ကုန်၊ ကမ္ဘောဇ၊ ရတနာပုံ (၃)သင်းမှာ အိမ်ကွင်းပွဲများ အဖြစ် လက်ခံသွားမည် ဖြစ်သည်။ ကွာတားဖိုင်နယ် အဆင့် ပွဲစဉ် မဲခွဲမှုကိုမူ (၁၆)သင်း အဆင့် ရှုံးထွက်ပွဲများ အပြီးတွင် ဆက်လက် ပြုလုပ်မည် ဖြစ်ကာ ဆီမီးဖိုင်နယ် ပွဲများကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ စနစ်ဖြင့် ဆက်လက် ယှဉ်ပြိုင်စေမည် ဖြစ်သည်။

(၁၆)သင်း အဆင့် ပွဲစဉ်ဇယား

အောက်တိုဘာ ၁၇    ရက္ခပူရ    Vs    ဇွဲကပင်    (သုဝဏ္ဏ)
အောက်တိုဘာ ၁၇    မောဝ်ရ၀တီ    Vs    ဇေယျာရွှေမြေ    (အောင်ဆန်း)

အောက်တိုဘာ ၁၈    ရန်ကုန်    Vs    မကွေး    (YUSC)
အောက်တိုဘာ ၁၈    ကမ္ဘောဇ    Vs    ချင်း    (KBZ)
အောက်တိုဘာ ၁၈    ရတနာပုံ    Vs    မနောမြေ    (ဗထူး)
အောက်တိုဘာ ၁၈    ဟံသာဝတီ    Vs    ဆောက်သမ်း    (သုဝဏ္ဏ)
အောက်တိုဘာ ၁၈    ဧရာဝတီ    Vs    ကာကွယ်ရေး    (အောင်ဆန်း)

အောက်တိုဘာ ၁၉    နေပြည်တော်    Vs    ACE    (အောင်ဆန်း)

အတွေ့အကြုံ တိုးပွားစေရန် ဘာကလေကို ရှက်ဖီးလ်သို့ အဲဗာတန် အငှားစေလွှတ်

အဲဗာတန် အသင်းမှ လူငယ် ကွင်းလယ် ကစားသမားလေး ရော့စ်ဘာကလေသည် ပွဲထွက် ကစားခွင့် အတွေ့အကြုံ ရှာမှီးရန်အတွက် ချန်ပီယံရှစ် ကလပ်အသင်း ရှက်ဖီးလ် ဝက်နက်စ်ဒေးသို့ အငှား ပြောင်းရွှေ့သွားပြီ ဖြစ်သည်။
အသက်(၁၈)နှစ်ရှိ ဘာကလေသည် ဝိန်းရွန်နီ နောက်ပိုင်းတွင် အဲဗာတန် လူငယ် စီမံကိန်းမှ ထွက်ပေါ်လာသည့် အတောက်ပဆုံး သွေးသစ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပွဲထွက်နေရာ ပျောက်ဆုံးကာ မှေးမှိန်လာခဲ့ရသည်။ အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အစောပိုင်းက ပထမ အသင်း ပွဲထွက် လူစာရင်းတွင် အသုံးပြုခဲ့သော လူငယ်လေးအား ဒီဇင်ဘာလက (၅)နှစ် သက်တမ်းတိုး စာချုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပွဲထွက် နေရာ၌ အသုံးမပြုတော့ချေ။


မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီး အသင်းများက ပစ်မှတ် ထားခဲ့ဖူးပြီး ချယ်လ်ဆီးက ပေါင်စတာလင် သန်း(၂၀)ဖြင့် ခေါ်ယူမည်ဟု သတင်းထွက်ခဲ့ဖူးသည့် အင်္ဂလန် လူငယ် ကစားသမားလေးသည် ယခုအခါ ချန်ပီယံရှစ် ကလပ်သို့ အငှားပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ မိုယက်စ်က ကစားသမား၏ အနာဂတ်ကို အရှည်မျှော်တွေးကာ ယခုလို အငှားချခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ရှက်ဖီးလ် မန်နေဂျာ ဒေ့ဗ်ဂျုံးစ်က "ဘာကလေဟာ စွမ်းအင် ပြည့်ဝတဲ့ ကစားသမားပါ။ သူ့ကို ခေါ်ယူနိုင်ခဲ့တာကို ကျေနပ်ပါတယ်" ဟု ဆိုသည်။

ဘာကလေသည် အဲဗာတန်တွင် ပထမ အသင်း ကျောနံပါတ် (၂၄)ကို ဝတ်ဆင်ခွင့် ရခဲ့သူဖြစ်ပြီး ယခုအခါ ရှက်ဖီးလ် အသင်းအတွက် ဘရိုက်တန်နှင့် ပွဲတွင် စတင်ကစားရန် မျှော်လင့်ထားသည်။
အသက်(၁၈)နှစ်ရှိ ဘာကလေသည် ဝိန်းရွန်နီ နောက်ပိုင်းတွင် အဲဗာတန် လူငယ် စီမံကိန်းမှ ထွက်ပေါ်လာသည့် အတောက်ပဆုံး သွေးသစ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ...

မိမိကို မြှင့်တင် ပေးခဲ့သည့် ဝီဂန်ကို ကျေးဇူးတင်ကြောင်း မော့ဆက်စ် ဖွင့်ဟ

မိမိ၏ ကစားသမား ဘဝကို မြှင့်တင် ပေးခဲ့သည့် ဝီဂန်ကို အမြဲတစေ အမှတ်ရ ကျေးဇူး တင်နေမည် ဖြစ်ကြောင်း ချယ်လ်ဆီး ကစားသမားသစ် ဗစ်တာမော့ဆက်စ်က ဖွင့်ဟ ပြောကြားလိုက်သည်။

နိုက်ဂျီးရီးယား လက်ရွေးစင် တိုက်စစ် ကစားသမားသည် ပြီးခဲ့သည့် နွေရာသီက ပေါင်စတာလင် (၉)သန်းဖြင့် ဝီဂန်မှ စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ပြောင်းရွှေ့လာခဲ့သည်။ ၎င်းသည် DW ကွင်းကြီးတွင် အခြေစိုက်သော အသင်း၌ ပြီးခဲ့သည့် ရာသီက (၃၇)ပွဲ ကစားကာ (၂၁)ဂိုး သွင်းယူနိုင်ခဲ့သည်။ အသက်(၂၁)နှစ်ရှိ မော့ဆက်စ်က (၂၀၁၀)ပြည့်နှစ်တွင် ဝီဂန် အသင်းသို့ ပြောင်းရွှေ့ဖြစ်ခဲ့မှုကလည်း မိမိ၏ ကစားသမား ဘဝ တက်လှမ်းမှုကို များစွာ အထောက်အကူ ဖြစ်စေခဲ့သည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့သည့် မော့ဆက်စ်

"ဝီဂန်မှာ ကစားခွင့် ရခဲ့တာက ကျွန်တော့်ကို အများကြီး ဖွံ့ဖြိုး တိုးတက်လာစေပါတယ်။ ရောဘတ်တို မာတီနက်ဇ်ဟာ တကယ့် မန်နေဂျာကောင်း တစ်ယောက်ပါ။ သူက ဘောလုံး ကစားနေရတာကို ချစ်မြတ်နိုးတဲ့သူပါ။ ကျွန်တော်တို့ အနေနဲ့ ဘောလုံးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကစားတတ်အောင် လမ်းညွှန်ပေးတဲ့ မန်နေဂျာ တစ်ယောက်နဲ့ တွဲပြီး အလုပ်လုပ်ခွင့် ရခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ် နည်းလမ်းကျအောင် သင်ယူနိုင်ခဲ့ပါတယ်။ သူနဲ့တူတူ အလုပ်တွဲ လုပ်ရတာဟာ တကယ့်ကို ကျေနပ်စရာပါပဲ" ဟု မော့ဆက်စ်က ပြောကြားသွားသည်။

ကျွန်တော်တို့ အနေနဲ့ ဘောလုံးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကစားတတ်အောင် လမ်းညွှန်ပေးတဲ့ မန်နေဂျာ တစ်ယောက်နဲ့ တွဲပြီး အလုပ်လုပ်ခွင့် ရခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ် နည်းလမ်းကျအောင် သင်ယူနိုင်ခဲ့ပါတယ်...
မော့ဆက်စ်သည် ဩဂုတ်လ (၂၄)ရက်နေ့ ကတည်းက ချယ်လ်ဆီးနှင့် စာချုပ် ဖြစ်ခဲ့သော်လည်း တစ်ပွဲမျှ မကစားရသေးချေ။ မော့ဆက်စ်သည် လန်ဒန်ပြိုင်ဘက် QPRနှင့် တွေ့ဆုံမည့် ယခု သီတင်းပတ် ပွဲစဉ်တွင် ချယ်လ်ဆီး အတွက် ပွဲထွက်ခွင့် ရရန် မျှော်လင့်လျှက်ရှိသည်။
Ref: A Different League

နယူးကာဆယ်လ်တွင်သာ ဆက်ကစားမည်ဟု ကာဘာယီ ကတိပြု

နယူးကာဆယ်လ် ယူနိုက်တက် အသင်း ကွင်းလယ် ကစားသမား ယိုဟန် ကာဘာယီက ၎င်းသည် အသင်းတွင် လက်ရှိ မပျော်ပိုက်နိုင်ဘဲ ဖြစ်နေကြောင်း သတင်းများအား ငြင်းဆိုသွားခဲ့သည်။

ပြင်သစ် လက်ရွေးစင် ကာဘာယီက ဘာစီလိုနာ၊ မန်ချက်စတာ ယူနိုက်တက်နှင့် အာဆင်နယ်တို့ကဲ့သို့ အသင်းများက စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ် နေသည့်တိုင် နယူးကာဆယ်လ်တွင်သာ အခြေချ ကစားလိုကြောင်း ဆိုသည်။ နယူးကာဆယ်လ်သည် ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလအတွင်း အဓိက ကစားသမားများဖြစ်သည့် ကာဘာယီ အပါအဝင် ချိခ်တီယော့တီ၊ ပက်ပစ်ဆစ်ဆေး၊ ဒမ်ဘာဘားတို့ကို အသင်းတွင် ဆက်ရှိနေအောင် ရုန်းကန် ထိန်းသိမ်းထား နိုင်ခဲ့သည်။
နယူးကာဆယ်လ်တွင် ဆက်ရှိနေမည့် ကာဘာယီ

ကာဘာယီက "ကျွန်တော် အသင်းက ထွက်ချင်တယ် ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ ကျွန်တော် ဒီမှာ ပျော်နေပါတယ်။ တခြားဆန့်ကျင်ဘက် ကိစ္စမျိုး ကျွန်တော် လုံးဝ မတွေးခဲ့ပါဘူး။ ဘောလုံးရာသီ တစ်ခုပြောင်းတော့ ကျွန်တော့်အတွက် ခြားနားတဲ့ အတွေ့အကြုံသစ်တွေ ရလာပါတယ်။ လက်ရှိမှာ ကျွန်တော် ကြံ့ခိုင်မှု မပြည့်သေးပါဘူး။ အဲဒီအတွက်လည်း ဆင်ခြေ ပေးနေမှာ မဟုတ်ဘဲ အပြည့်အဝ ကြံ့ခိုင်လာတဲ့ထိ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ" ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။
ကျွန်တော် အသင်းက ထွက်ချင်တယ် ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ ကျွန်တော် ဒီမှာ ပျော်နေပါတယ်။ တခြားဆန့်ကျင်ဘက် ကိစ္စမျိုး ကျွန်တော် လုံးဝ မတွေးခဲ့ပါဘူး...

အာဆင်နယ်ကို အကောင်းဆုံး ကူညီ ပေးသူဟု ကာဇိုလာအား ဝင်းဂါးချီးကျူး

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အသင်း၏ ကစားပုံကို စွဲမက်ဖွယ် ကောင်းလာအောင် ကွင်းလယ်လူ ဆန်တီ ကာဇိုလာက ကူညီ ပေးနိုင်ခဲ့သည်ဟု ချီးကျူး ပြောကြားလိုက်သည်။

မာလာဂါ အသင်းမှ ပေါင်စတာလင် (၁၅)သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိလာသည့် စပိန် လက်ရွေးစင်သည် အမ်းမရိတ်စ်တွင် ခြေစွမ်း ထက်မြက် ပေါ်လွင်စွာ ကစားပြနိုင်ခဲ့ပြီး ပရိသတ် အားပေးမှုကို လျင်မြန်စွာ ရယူနိုင်ခဲ့သည်။ ၎င်းသည် အန်းဖီးလ်တွင် လီဗာပူးလ် အသင်းကို (၂-၀)ဖြင့် အနိုင် ရခဲ့သော အာဆင်နယ် အတွက် ပွဲဦးထွက် ဂိုးကိုလည်း သွင်းယူ ပေးခဲ့သည်။ အသက်(၂၇)နှစ်ရှိ ကစားသမားသည် ယခုအခါ ဆောက်သမ်တန် အသင်းနှင့် ယှဉ်ပြိုင်ရာတွင် အာဆင်နယ် အသင်းအတွက် ပါဝင် ကစားပေးရန် အသင့် ရှိနေပြီ ဖြစ်သည်။
အာဆင်နယ်အတွက် အကောင်းဆုံး ကူညီပေးသည့် ကာဇိုလာ

ဝင်းဂါးက "ကာဇိုလာဟာ အသင်းမှာ လူတိုင်းရဲ့ လေးစားမှုကို လျင်လျင်မြန်မြန် ရလာခဲ့ပါတယ်။ ပြီးတော့ သူဟာ နှိမ့်နှိမ့်ချချ နေတတ်သူ တစ်ယောက်ပါ။ ကာဇိုလာက ပွဲတွေအပေါ် စိတ်နှစ် ကစားတတ်ပြီး ဒီအချက်ဟာ မန်နေဂျာ တစ်ယောက် အတွက် ကစားသမားတိုင်းဆီက တကယ် လိုချင်တဲ့ အရာမျိုးလေ" ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "ကာဇိုလာဟာ ကစားနိုင်သမျှ အားထုတ်လေ့ ရှိပါတယ်။ သူဟာ ပွဲတွေကို ချစ်ခင်တဲ့ စိတ်နဲ့ ကစားတတ်သူပါ။ သူနဲ့ တွဲဖက် ကစားရတဲ့ သူတွေက ကစားကွက်ကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ လွယ်ကူ သွားပါတယ်။ ဒါကြောင့်လည်း လူတိုင်းရဲ့ လေးစားမှုကို သူရနေတာပေါ့" ဟုလည်း မှတ်ချက် ပြုသွားသည်။
ကာဇိုလာက ပွဲတွေအပေါ် စိတ်နှစ် ကစားတတ်ပြီး ဒီအချက်ဟာ မန်နေဂျာ တစ်ယောက် အတွက် ကစားသမားတိုင်းဆီက တကယ် လိုချင်တဲ့ အရာမျိုးလေ...

(၂)နှစ် အတွင်း လေ့ကျင့်ရေးကွင်း အသစ်သို့ ပြောင်းရွှေ့ရန် မန်စီးတီး စီစဉ်

မန်ချက်စတာ စီးတီး အသင်းသည် လာမည့် (၂)နှစ်အတွင်း ၎င်းတို့၏ အဆင့်မြင့် လေ့ကျင့်ရေး ကွင်းသစ်သို့ ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း သိရသည်။

ပေါင်စတာလင် သန်း(၁၀၀) တန်ဖိုးရှိသော ဆောက်လုပ်ဆဲ ကွင်းသစ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး လေ့ကျင့်ရေးကွင်းဟု ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက ကြွေးကြော်ထားဖူးသည်။ မန်စီးတီးသည် ဧက (၈၀) ကျယ်ဝန်းသော မြေနေရာပေါ်တွင် ယင်းလေ့ကျင့်ရေးကွင်းကို ဆောက်လုပ်နေခြင်း ဖြစ်သည်။ မန်ချက်စတာ အရှေ့ပိုင်းတွင် တည်ရှိသော လေ့ကျင့်ရေးကွင်းကို (၂၀၁၄-၁၅) ဘောလုံးရာသီတွင် စတင် အသုံးပြုနိုင်ရန် မန်စီးတီး တာဝန်ရှိသူများက မျှော်လင့်ထားသည်။



လေ့ကျင့်ရေး ကွင်းတွင် ဘောလုံးကွင်းပေါင်း (၁၇)ကွင်း ပါဝင်ပြီး အရန်အသင်း ကစားရန်အတွက် ပရိသတ် (၇၀၀၀) ဝင်ဆံ့သည့် ကွင်းတစ်ကွင်းကိုလည်း ထည့်သွင်း ဆောက်လုပ်ထားသည်။ ကျန်ကွင်းများ အနက် အများစုမှာ လူငယ်အသင်းမှ ကစားသမားများ လေ့ကျင့်ရန် ဖြစ်သည်။ မန်စီးတီး၏ သံတမန်တစ်ဦး ဖြစ်သော ပက်ထရစ် ဗီအဲရာက "ဒါဟာ ကမ္ဘာပေါ်မှာ အားကစားနည်း အားလုံးနဲ့ ယှဉ်ရင်တောင် အကောင်းဆုံး လေ့ကျင့်ရေးကွင်း တစ်ခု ဖြစ်ပါလိမ့်မယ်" ဟု ကြွေးကြော်ခဲ့သည်။

မန်စီးတီးသည် လေ့ကျင့်ရေး ကွင်းမှ ကွင်းပေါင်း (၁၇)ကွင်းအနက် (၁၂)ကွင်းကို အသက်(၈)နှစ်မှ (၂၁)နှစ်ထိ လူငယ် အသင်းများ အတွက် အသီးသီး အသုံးပြု သွားမည်ဟုလည်း သိရှိရသည်။
ဒါဟာ ကမ္ဘာပေါ်မှာ အားကစားနည်း အားလုံးနဲ့ ယှဉ်ရင်တောင် အကောင်းဆုံး လေ့ကျင့်ရေးကွင်း တစ်ခု ဖြစ်ပါလိမ့်မယ်...

ဘင်ဖီကာ တိုက်စစ်မှူး အိုလီဗီရာကို မန်စီးတီးနှင့် ချယ်လ်ဆီး အပြိုင် စိတ်ဝင်စား

ဘင်ဖီကာ အသင်းမှ တိုက်စစ်မှူး နယ်လ်ဆင် အိုလီဗီရာကို ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများက အပြိုင် ကြိုးပမ်းနေကြောင်း သိရှိရသည်။


အသက်(၂၀)သာ ရှိသေးသော်လည်း တောက်ပသော ခြေစွမ်းကို ပြသနေသည့် ကစားသမားလေး၏ ပေါက်ဈေးသည် ပေါင်စတာလင် (၂၄)သန်းထိ မြင့်တက်လျှက် ရှိနေသည်။ အိုလီဗီရာအား ဥရောပ ကလပ်အသင်း အမြောက်အမြားက စောင့်ကြည့်နေသော်လည်း မန်စီးတီးနှင့် ချယ်လ်ဆီးတို့သည် ရှေ့ဆုံးမှ ဦးဆောင်နေသည်ဟု ယူဆရသည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့် ရာသီကုန်က အော်စကာ ကာဒိုဇိုအစား လူစားဝင် ကစားပြီး အိုလီဗီရာ အထူးတလည် ခြေစွမ်းပြခဲ့သည့် နောက်ပိုင်း အိုလီဗီရာကို တောက်လျှောက် စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။
U-20 ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဒုတိယ အကောင်းဆုံး ဆုရှင် အိုလီဗီရာ

လက်ရှိတွင် ဘာစီလိုနာကလည်း ကစားသမားလေးအား လေ့လာနေသလို ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုကလည်း ၎င်း၏ အေးဂျင့် ဂျော့ဂ်ျမန်းဒက်စ်ပင် ကိုယ်စားပြုထားသည့် လူငယ်လေးအား နှစ်သက် သဘောကျနေသည်။ အရပ်(၆)ပေ၊ (၁)လက်မ မြင့်သော အိုလီဗီရာသည် မြန်နှုန်းမြင့်မားသလို အသင်းဖော်များနှင့် ချိတ်ဆက် ကစားမှု ကောင်းမွန်ပြီး အဆုံးသတ်ပိုင်း သပ်ရပ်ကြောင်း ချီးကျူး ခံထားရသည်။ ၎င်းသည် ပြီးခဲ့သည့်နှစ်က အသက်(၂၀)အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဒုတိယအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

အရပ်(၆)ပေ၊ (၁)လက်မ မြင့်သော အိုလီဗီရာသည် မြန်နှုန်းမြင့်မားသလို အသင်းဖော်များနှင့် ချိတ်ဆက် ကစားမှု ကောင်းမွန်ပြီး အဆုံးသတ်ပိုင်း သပ်ရပ်ကြောင်း ချီးကျူး ခံထားရ...
လက်ရှိတွင် အိုလီဗီရာသည် ပထမအသင်း အတွေ့အကြုံ ပြည့်ဝရန် စပိန်ကလပ် ဒီပို့တီဗို လာကရူးနားတွင် တစ်ရာသီ အငှားကစားလျှက် ရှိသည်။ ၎င်းသည် ဘင်ဖီကာနှင့် (၂၀၁၇)ထိ စာချုပ်ရှိနေပြီး စာချုပ်ပါ တန်ကြေး သတ်မှတ်ချက်မှာ ပေါင်စတာလင် (၂၄)သန်းဟု သတင်းများက ဖော်ပြသွးသည်။
Ref: Daily Mail

အတိတ်ကို မေ့ပစ်ပြီး ပရော်ဖက်ရှင်နယ် ပီသကြရန် တယ်ရီနှင့် ဖာဒီနန်ကို ဒီမက်တီယို တောင်းဆို

ချယ်လ်ဆီး အသင်း မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုက မိမိ၏ အသင်းခေါင်းဆောင် ဂျွန်တယ်ရီနှင့် QPR ခံစစ်မှူး အန်တန် ဖာဒီနန်တို့၏ ပြဿနာကို အဆုံး သတ်စေချင်ကြောင်း ပြောကြားလိုက်သည်။

လိုတက်ဖ်ရုဒ်တွင် QPRအသင်းနှင့် သွားရောက်ရင်ဆိုင်မည့် ချယ်လ်ဆီးအသင်း၏ အင်္ဂလန် ခံစစ်မှူး တယ်ရီမှာ ဖာဒီနန်ကို လူမျိုးရေးခွဲခြား ဆဲရေးခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားရုံးတွင် စွဲချက် တင်ခံခဲ့ရသည်။ တယ်ရီသည် ယင်းအမှုတွင် လွတ်မြောက်ခဲ့သော်လည်း စည်းမျဉ်းများအရ FAက ၎င်းကို သီးခြား အရေးယူ စစ်ဆေးရန် စီစဉ်ထားသည်။ အစောပိုင်းက ဖာဒီနန်သည် ပွဲမကစားမီတွင် တယ်ရီရော၊ တယ်ရီဘက်မှ ထောက်ခံထွက်ဆိုခဲ့သည့် အက်ရှ်လေကိုးလ်ကိုပါ လက်ဆွဲနှုတ်ဆက်ခြင်း မပြုရန် ဆုံးဖြတ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။



အီတလီသား မန်နေဂျာ ဒီမက်တီယိုက အဆိုပါပွဲကို ကမ္ဘာပေါ်တွင် သန်းပေါင်းများစွာသေ  ပရိသတ်များက စောင့်ကြည့်နေမည် ဖြစ်ရာ နှစ်ဖက်စလုံးက ကောင်းမွန်သော ဥပမာတစ်ခုကို ပြသသည့် အနေဖြင့် လက်ဆွဲ နှုတ်ဆက်ရန် တိုက်တွန်းခဲ့သည်။ "အတိတ်ကို ချန်ထားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ဖို့ ပြောင်းလဲပစ်ရအောင်။ ပရိသတ်တွေကလည်း ဘောလုံးပွဲကောင်း တစ်ပွဲကို စောင့်မျှော်နေတာပါ။ ကျွန်တော်တို့ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေဟာ ဘာမှ ပြဿနာ မဖြစ်ဘဲ ဘောလုံးပွဲ တစ်ပွဲကိုပဲ အာရုံစိုက် ကြည့်ရှုဖို့ ကျွန်တော်တို့ ကူညီသင့်တယ် မဟုတ်လား"ဟု ဒီမက်တီယိုက ဆိုသည်။

ကျွန်တော်တို့ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေဟာ ဘာမှ ပြဿနာ မဖြစ်ဘဲ ဘောလုံးပွဲ တစ်ပွဲကိုပဲ အာရုံစိုက် ကြည့်ရှုဖို့ ကျွန်တော်တို့ ကူညီသင့်တယ် မဟုတ်လား...
၎င်းက ဆက်လက်၍ "QPRဘက်ကလည်း စည်းမျဉ်းတွေကို လေးစားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ဘောလုံးကို အာရုံစိုက်ရမှာပါ။ ကစားသမားတွေမှာ သက်ဆိုင်ရာ တာဝန် ယူမှုတွေ ရှိရပါမယ်။ ကျွန်တော်တို့ဟာ ခုပွဲကို ကြည့်မယ့် ကလေးငယ်တွေ အတွက် စံနမူနာဖြစ်မယ့် ပရော်ဖက်ရှင်နယ်တွေဆိုတာ မမေ့သင့်ဘူးလေ" ဟုလည်း ပြောဆိုသွားသည်။
Ref: Daily Mail

Friday, September 14, 2012

အီတလီ လူငယ် တိုက်စစ်မှူး ဘီရာဒီကို ဂျူဗင်းတပ်စ်နှင့် အပြိုင် မန်ယူကြိုးပမ်း

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဆယ်ကျော်သက် လူငယ် တိုက်စစ်မှူးလေး တစ်ဦးကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။


အီတလီ စီးရီးဘီ ကလပ်အသင်း ဆက်ဆူအိုလို အသင်းမှ အသက်(၁၈)နှစ်အရွယ် လူငယ် ကစားသမားလေး ဒိုမီနီကို ဘီရာဒီအား ခေါ်ယူရန် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အထူးတလည် စိတ်ဝင်စားနေကြောင်း သက်ဆိုင်ရာ အသင်း၏ အထွေထွေ ဒါရိုက်တာက ပြောကြားခဲ့သည်။ လက်ရှိတွင် ဘီရာဒီသည် စီးရီးဘီတွင် တောက်ပသော ရာသီအစကို ဖြတ်သန်းနေပြီး (၁)ဂိုး သွင်းကာ အသင်းဖော်များ ဂိုးသွင်းနိုင်အောင် (၂)ကြိမ် ဖန်တီး ပေးထားပြီး ဖြစ်သည်။

ဘီရာဒီအား စီးရီးအေ လက်ရှိ ချန်ပီယံ ဂျူဗင်းတပ်စ်ကလည်း မျက်စိကျလျှက် ရှိနေသည်။ ဆက်ဆူအိုလို အသင်းမှ အထွေထွေ ဒါရိုက်တာ နီရီရို ဘိုနာတိုက အင်္ဂလန်နှင့် အီတလီတို့၏ အစဉ်အလာ အကြီးမားဆုံး ကလပ်ကြီးများက မိမိတို့ ကစားသမားကို စောင့်ကြည့်နေကြောင်း အတည်ပြုခဲ့သော်လည်း ခိုင်မာသည့် ကမ်းလှမ်းမှု မရှိသေးဟု ပြောကြားသွားသည်။ "မန်ယူဆီက စိတ်ဝင်စားမှု အကြောင်းလား။ ဟုတ်ကဲ့။ သူ့ကို မန်ယူ၊ ဂျူဗင်းတပ်စ်တို့အပြင် ကလပ်အသင်း တော်တော်များများက စိတ်ဝင်စား နေတယ်။ မကြာသေးခင်က ပွဲစဉ်တွေမှာ ဥရောပ ကလပ်တွေက ဘီရာဒီရဲ့ ခြေစွမ်းကို လာကြည့်ကြပါတယ်။ ကျွန်တော် ပြောနိုင်တာက လောလောဆယ် ဘယ်အသင်းကမှ ခိုင်ခိုင်မာမာ မကမ်းလှမ်း သေးပါဘူး။ ကျွန်တော်တို့ ခုချိန်မှာ ဘီရာဒီရဲ့ တိုးတက်မှုကို အကောင်းဆုံး ဖြစ်အောင် ပျိုးထောင်ပေးဖို့ပဲ စဉ်းစား  နေပါတယ်" ဟု ဘိုနာတိုက ဆိုသည်။

မန်ယူဆီက စိတ်ဝင်စားမှု အကြောင်းလား။ ဟုတ်ကဲ့။ သူ့ကို မန်ယူ၊ ဂျူဗင်းတပ်စ်တို့အပြင် ကလပ်အသင်း တော်တော်များများက စိတ်ဝင်စား နေတယ်...
ဘီရာဒီသည် ဆက်ဆူအိုလို အသင်းနှင့် (၂၀၁၅)ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေသော်လည်း သင့်တော်သည့် ကမ်းလှမ်းမှု ရှိပါက အသင်းမှ ထွက်ခွာ နိုင်ကြောင်းလည်း ဘိုနာတိုက အတည်ပြုခဲ့သည်။ "ကျွန်တော်တို့ ဖြစ်နိုင်ခြေ အားလုံးကို လမ်းဖွင့် ပေးထားတယ်။ အခြေအနေတွေ ဘယ်လို တိုးတက် ပြောင်းလဲလာတယ် ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့် နေဆဲပါ။ သူဟာ အသင်းနဲ့ (၂၀၁၅)ထိ စာချုပ် ထားပါတယ်။ ဒါပေမဲ့ အသင်းကြီးတွေက သူ့အတွက် ရှေ့တိုးလာမယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် အခြေအနေ တစ်ရပ်ကို ကျွန်တော်တို့ ရွေးချယ်မှာပါ" ဟု ဘိုနာတိုက ပြောဆိုသွားသည်။ 
Ref: Sky Sports

မန်ယူမှ စောစော ထွက်ခဲ့သင့်ကြောင်း အိုဝင်ဝန်ခံ

မန်ချက်စတာ ယူနိုက်တက် အသင်းထံမှ ယခုထက် စော၍ ထွက်ခွာ ခဲ့သင့်ကြောင်း မိုက်ကယ်အိုဝင်က ထုတ်ဖော် ဝန်ခံလိုက်သည်။

အင်္ဂလန် လက်ရွေးစင်ဟောင်း တိုက်စစ်မှူးသည် မန်ယူအသင်းတွင် ၎င်း၏ ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ရရှိခဲ့သည့်တိုင် (၃)နှစ်တာ ကာလအတွင်း ဒဏ်ရာများဖြင့် ရုန်းကန်နေခဲ့ရသည်။ ထို့နောက်တွင်မူ ပြီးခဲ့သည့် နွေရာသီက စာချုပ်သက်တမ်း ကုန်ဆုံးပြီး အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာကာ စတုတ်ခ်စီးတီး အသင်းနှင့် စာချုပ်ဖြစ်ခဲ့သည်။ ၎င်းသည် မန်ယူအတွက် နောက်ဆုံး ကိုယ်စားပြု ပွဲစဉ်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပါဝင်ကစားပေးခဲ့သည်။
စတုတ်ခ်စီးတီး အသင်းတွင် လေ့ကျင့်ခန်းဆင်းနေသည့် အိုဝင်


အသက်(၃၂)နှစ် ရှိပြီဖြစ်သော လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် နယူးကာဆယ်လ် ယူနိုက်တက် တိုက်စစ်မှူးဟောင်းက "ပြန်ကြည့်ရင်တော့ ကျွန်တော်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ တခြားရွေးချယ်မှု တစ်ခုကို လုပ်သင့်ခဲ့တယ် ထင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒဏ်ရာတွေက ကျွန်တော့်အတွက် အဟန့်အတား ဖြစ်စေခဲ့တယ်။ ကျွန်တော် မန်ယူက ခုထက်စောပြီး ထွက်သင့်တယ်လို့တော့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပါးစပ်ကတော့ မန်ယူနဲ့ ပတ်သက်ပြီး အဆိုးမြင် စကား တစ်ခွန်းမှ ပြောမှာ မဟုတ်ပါဘူး။ မန်ယူမှာ ကျွန်တော် ခမ်းနားတဲ့ အချိန်မျိုး ပိုင်ဆိုင်ခဲ့ပါတယ်" ဟု ပြောကြားသွားသည်။

ကျွန်တော် မန်ယူက ခုထက်စောပြီး ထွက်သင့်တယ်လို့တော့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပါးစပ်ကတော့ မန်ယူနဲ့ ပတ်သက်ပြီး အဆိုးမြင် စကား တစ်ခွန်းမှ ပြောမှာ မဟုတ်ပါဘူး...
၎င်းက စတုတ်ခ်နှင့် အနာဂတ် အပေါ်တွင်လည်း "ကျွန်တော့်ကို မန်နေဂျာက ဘယ်လို သုံးမလဲ ဆိုတာ သေချာ မသိသေးဘူး။ ကျွန်တော့် အနေနဲ့ ပွဲတစ်ပွဲမှာ ပါဝင် ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရနေပြီလို့ (၁၀၀)ရာခိုင်နှုန်း မယုံကြည်သေးဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေအနေကို ကျွန်တော် ပျော်ရွှင်ပါတယ်။ ကျွန်တော် ပွဲကစားခွင့် ရမယ့် ကာလက သူ့ဖာသာသူ ရောက်လာမှာပါ" ဟုလည်း မှတ်ချက်ပြုသွားသည်။
Ref: The Sun

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )