ရန်ကုန်၊ မေ ၃။ ၂၀၁၂ ၊ သူရမျိုး-YPI
အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျ မီဒီယာသမားများနည်းတူသတ်မှတ်ပြီး မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရစေရန် စဉ်းစားဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၂) အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက ပြောကြားသည်။
“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျမီဒီယာများ နည်းတူသတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ ရပိုင်ခွင့်များခံစားနိုင်ဖို့ အတွက်လည်း စဉ်းစားဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဦးစိုးဝင်းက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။
၂၀၁၃ တွင် အတည်ပြုရန်ရှိသည့် ပုံနှိပ်မီဒီယာဥပဒေတွင် သတင်းအေဂျင်စီများထူထောင်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက်အလက်များဖြန့်ဝေလိုပါက စနစ်တကျ မှတ်ပုံတင်ပြီး ဆောင်ရွက်ခွင့်ရရှိစေရန်လည်း စဉ်းစားထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
ယခုလောလောဆယ်တွင် ပြည်တွင်းအွန်လိုင်း မီဒီယာများ အနေဖြင့် စာပေစိစစ်ရေး သို့ တင်ပြစရာ မလိုပဲ ဖေါ်ပြလျှက်ရှိရာ မကြာမီလွှတ်တော်တွင် တင်ရန်ရှိသည့်မီဒီယာဥပဒေ အတည်ပြု ပြဋ္ဌာန်း ပြီးနောက် မှတ်ပုံတင်ခွင့်ပြုရန် ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
ပြည်တွင်း အခြေစိုက်သည့် အွန်လိုင်း မီဒီယာအနေဖြင့် ယခုလောလောဆယ် မြစ်မခမီဒီယာနှင့် Yangon Press International တို့ရှိပြီး ကျန်မြန်မာ အွန်လိုင်း မီဒီယာများမှာ ပြည်ပတွင် အခြေစိုက်သည့် သတင်းမီဒီယာများဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းက အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် အွန်လိုင်းမီဒီယာများသည် ဆက်သွယ်ရေး ဥပဒေဖြင့် ဆက်စပ်နေသဖြင့် မြန်မာ့ဆက်သွယ်ရေး နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနတွင် မှတ်ပုံတင်ရမည် ဟူသည့်သဘော ပြောဆိုခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် အွန်လိုင်းမီဒီယာများကို ပြန်ကြားရေး ၀န်ကြီးဋ္ဌာနလက်အောက်တွင် တပေါင်းတစည်းထည်း ထားမည်ဟု ပြန်လည် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဆက်သွယ်ရေး ဥပဒေနှင့် အွန်လိုင်းမီဒီယာ နှင့် သက်ဆိုင်သည့် အီလက်ထရွန်းနစ် ဥပဒေအရ ဆိုပါက ယင်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။
နောင်နှစ် ဆန်းပိုင်း အတည်ပြုရန်ရှိသည့် မီဒီယာဥပဒေနှင့် ပတ်သက်၍ ပြည်တွင်း အွန်လိုင်း မီဒီယာ တခုဖြစ်သည့် မြစ်မခမီဒီယာ ထူထောင်သူ ဒေါ်မေသင်္ကြန်ဟိန်က “ကျွန်မအနေနဲ့ကတော့ မူကြမ်းထွက်လာတဲ့အခါမှ ကြည့်ပြီးပြောနိုင်ပါမယ်။ ခုနေမှာတော့ ခန့်မှန်းကြည့်ဖို့ဆိုတာ မသေချာဘူးလေ။ ထွက်လာတဲ့ ဥပဒေပေါ်မှာပဲ ကြည့်ပြီး ပြောရမှာပါ ”ဟု ၀ိုင်ပီအိုင်သို့ပြောသည်။
ဒုတိယ၀န်ကြီး ဦးစိုးဝင်းက အွန်လိုင်သတင်းသများအား ကျန်စာနယ်ဇင်းသမားများအပေါ် တန်းတူရပိုင်ခွင့်များ၊ အကာအကွယ်များ ကျင့်ဝတ်များရရှိကျင့်သုံးစေနိုင်ရန် ထွက်ရှိလာမည့် မီဒီယာလောတွင် စဉ်းစားဆောင်ရွက်ထားကြောင်းပြောကြားသည်။
ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားထုတ်ပြန်ကြေငြာချက်တွင်လည်း သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှအစ ပုံနှိပ်ဖြန်ချီသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ကြောင်း ထွက်ရှိလာမည့်မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ဖေါ်ပြရေးသား ထားသည်။
အွန်လိုင်းသတင်းသမားရပိုင်ခွင့်နှင့် ပါတ်သက်၍ မမေသင်္ကြန်ဟိန်းက “ရပိုင်ခွင့်လို့ ဆိုရာမှာလည်း အစိုးရဆီကမှ မဟုတ်ဘူး၊ ကိုယ့်မီဒီယာကိုယ့်သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ဘယ်သူ့ ဆီကပဲ ဖြစ်ဖြစ် ကိုယ့်ရပိုင်ခွင့်ကို ကိုယ်က သိရမယ်၊ မသိရင် သိအောင်လုပ်ရမယ်၊ မရရင် ရအောင် လုပ်ကြရမှာပါ”ဟု သုံးသပ်ပြောဆိုသည်။ ။
Yangon Press International

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com