22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 21, 2012

လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။
 
မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။
 
သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။

`` ကျွန်တော့်တာဝန်ကတော့ ရလာတဲ့လျှပ်စစ်မီးကို ညီတူညီမျှရအောင် လုပ်ပေးရမယ့်တာဝန် ရှိပါတယ်။ အဲဒီတာဝန်ကို မကျေရင် ကျွန်တော် ထွက်မှာပါ ´´ ဟု ဒေါက်တာမြင့်ကြူက ပြောကြားသည်။ မုတ်သုန်ရာသီဝင်ရောက်လာပြီဖြစ်၍ ယခုထက်စာလျှင် ပိုမိုပေးနိုင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။


အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူ ၊ မန္တလေးတိုင်းလျှပ်စစ်ရုံးမှ တိုင်းအင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်းနှင့် အခြားတာဝန်ရှိ သူများတက်ရောက်ခဲ့သည်။


ယခုကဲ့သို့ လျှပ်စစ်မီးများမပေးနိုင်ခြင်းသည် ကေအိုင်အေမှ ရွှေလီမှလာသော လျှပ်စစ်မီးတန်းများ သွယ်တန်းရာ တာဝါတိုင်များကို ဖျက်ဆီးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းတို့က ဖြေရှင်းချက် ပေးခဲ့သည်။

 
မန္တလေးမြို့လျှပ်စစ်မီးများ ယခုထက်ပိုမိုပေးဆောင်နိုင်ရန်အတွက် မီးစက်(၁၀)လုံး ရောက်ရှိလာမည်ဖြစ်ပြီး အရေးကြီး သည့်နေရာများတွင် သာ  တပ်ဆင်သွားမည်ဖြစ်ကြောင်းကိုလည်း ဒေါ်အေးအေးမင်းက ပြောကြားခဲ့သည်။
 
``ရုံးချုပ်က ကျမတို့ဆီကိုပို့ပေးပါတယ် ၊ ရပ်ကွက်တွေက ထရန်စဖာမာတွေရဲ့ခြေရင်းမှာ ချပေးထား မယ် ၊ ကျမတို့လဲ ပေးချင်ပါတယ် ၊ အခြေအနေရက တစ်နိုင်ငံလုံးမှာဖြစ်နေတာပါ ၊ လုပ်ငန်းပဲ သုံးသုံး ဘာပဲသုံးသုံး အပြည့်ပေးချင်ပါတယ်။ ကြိုးစားပြီးမျှတအောင်   ဆောင်ရွက်သွားပါမယ် ´´ဟု ဒေါ်အေးအေးမင်းက ပြောသည်။
 
၂၀၁၂ခုနှစ် မေလ(၂၀)ရက်နေ့ ည(၇)နာရီအချိန်တွင် မန္တလေးမြို့၌ လျှပ်စစ်မီး(၂၄)နာရီပြန်လည်ရရှိလိုမှုဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲကို မြို့နေလူထုက စုပေါင်းဆန္ဒထုတ်ဖေါ်ပြသခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို (၂၆)လမ်းနှင့် (၇၈)လမ်းထောင့်ရှိ မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့တွင် စတင်ကျင်းခဲ့ပြီး ထိုမှတဆင့် ကျုံးဘေးတစ်လျှောက်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖေါ်ပြသခဲ့သည်။

 
ထိုဆန္ဒပြပွဲတွင် လူဦးရေ(၃၀၀၀)ကျော်ပါဝင်ခဲ့ပြီး အလွှာပေါင်းစုံ အရွယ်ပေါင်းစုံပါဝင်ပူးပေါင်းကာ ဖယောင်း တိုင်များကိုင်ဆောင်ပြီး   ကြွေးကြော်သံအချို့ကို ကြွေးကြော်ခဲ့ကြသည်။
 
`` မန္တလေးမြို့ကြီးကို နှစ်ဆယ့်လေးနာရီမီးရချင်လို့ ခုလိုလာရောက်ပါဝင်တာပါ ´´ ဟု မန္တလေးမြို့ ဒေ၀န်း အရှေ့တွင်နေထိုင်သူ အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်သင်္ကြန်နောက်ပိုင်းမှစတင်ကာ မီးပျက်မှုပိုမိုဆိုးရွားလျှက်ရှိပြီး ထိုကဲ့သို့ မီးပျက်မှု ကြောင့် လူအများ ရာသီဥတုဒဏ်ပိုမိုခံစားရခြင်း ရေလုံလောက်စွာမရရှိခြင်းများကို ကြုံတွေ့နေရခြင်းများ ကြောင့် ယခုကဲ့သို့  ဆန္ဒပြပွဲများ   ပေါ်ပေါက်လာခြင်းဖြစ်သည်။


`` အမှောင်ထဲမှာ နေနေရတာပါ ၊ မီးမလာလို့ ရေလဲမလာဘူး ၊ ရေမလာတဲ့အတွက် အဲဒီရေကို ညနက်သန်းခေါင်ထိ ထိုင်စောင့်ရတယ် ၊ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ သဘာဝသယံဇာတတွေ အရင်းအမြစ် တွေကို နိုင်ငံခြားရောင်းစားနေပြီး ကျနော်တို့မြန်မာနိုင်ငံ သားတွေကြတော့ ကိုယ့်ရဲ့ လူ့အစွမ်းအား အရင်းအမြစ်တွေက အလကားနေအလကား ဆုံးရှုံးနေရတယ် ´´ ဟု ရွှေလှံရပ်ကွက်တွင်   နေထိုင်သော အမျိုးသားတစ်ဦးက ကျုံးဘေးဆန္ဒပြပွဲတွင် ပြောပြသွားသည်။


မန္တလေးမြို့တွင် ခြောက်နာရီလာ ဆယ့်နှစ်နာရီပျက်စံနစ်ဖြင့် မီးများပေးလျှက်ရှိပြီး တောင်ကြီး ၊ နေပြည်တော် တို့တွင် မီးလုံးဝပျက်ခြင်းမရှိကြောင်းသိရသည်။


ဆန္ဒပြသူများသည် မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့ ၊ ကျုံးဒေါင့်ဆီဒိုးနားဟိုတယ်ရှေ့နှင့် တရုတ်ကောင်စစ်ဝန် ရုံးများရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြပြီး ယခုလိုဆန္ဒပြမှုကို တစ်စုံတရာ အရေးယူခြင်းမရှိကြောင်းကိုလည်း တွေ့ရသည်။



Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )