မြန်မာနိုင်ငံအတွင်း စီးဝင်လာသော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်ဗဟိုဘဏ်မှ စောင့်ကြည့်သွားမည်ဖြစ်ပြီး ကာလတို ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော ငွေပူ (Hot Money) များကို စိစစ်တားဆီးနိုင်ရန် ပြင်ဆင်နေကြောင်း ဗဟိုဘဏ်နှင့် နီးစပ်သည့် စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
''နိုင်ငံတိုင်းရဲ့ ဗဟိုဘဏ်တိုင်းမှာ ဒီလို စောင့်ကြည့်ထိန်းသိမ်းနိုင်ဖို့ တာဝန်ရှိပါတယ်။ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းလည်း ရှိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ နိုင်ငံတွင်းကို စီး ၀င်လာတဲ့ ရင်းနှီးငွေတွေကိုစိစစ်ရ တယ်။ သဘော သဘာဝကိုသိရှိဖို့လို တယ်။ ဒါမှကာလတိုဈေးကစားတာ ကြောင့် စီးပွားရေးမတည်မငြိမ်ဖြစ် တာကိုရှောင်ရှားနိုင်မှာပါ''ဟု ဗဟို ဘဏ်နှင့်နီးစပ်သည့် စီးပွားရေးပညာ ရှင်တစ်ဦးက ပြောကြားပါသည်။ လက်ရှိ အစိုးရလက်ထက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို လွတ် လပ်ပြီး သီးခြားရပ်တည်နိုင်ရန် ပြင် ဆင်ဆောင်ရွက်လျက်ရှိပြီး ဗဟို ဘဏ်ဥပဒေကိုပြင်ဆင်ရေးဆွဲလျက် ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် မကြာမီ ကမ္ဘာ့ငွေကြေးဈေးကွက်နှင့် ပိုမိုချိတ်ဆက်လာမည်ဖြစ်ခြင်းကြောင့် နိုင်ငံတကာ ငွေကြေးဈေးကွက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများကို စောင့်ကြည့် သတိပြုသင့်ကြောင်း၊ နိုင်ငံအတွင်း ရင်းနှီးငွေ စီးဝင်မှုများကို စိစစ်ပြီး ကာလရှည်ရင်းနှီးမှုနှင့် ကာလတိုရင်းနှီး မှုတို့ကို ခွဲခြားစိစစ်နိုင်မှသာ ဗဟိုဘဏ်အနေဖြင့် မှန်ကန်သင့်လျော်သော မူဝါဒများဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေးတည်ငြိမ်မှု ရရှိစေရန် စွမ်းဆောင်နိုင် မည်ဖြစ်ကြောင်း ပါမောက္ခဒေါ်ရီရီမြင့်က ဆိုပါသည်။
''ရင်းနှီးငွေတစ်ခု စီးဝင်တာ၊ စီးထွက်တာဆိုတာ ပြည်တွင်း စီးပွားရေး၊ ပြည်တွင်း ငွေကြေးစနစ်နဲ့ မပတ်သက်ဘဲလည်း ဖြစ်နိုင်တယ်။ ဘဏ္ဍာရေးဈေးကွက်တွေ ပေါင်းစည်းလာမယ်ဆိုရင် တစ်နေရာကနေ တစ်နေရာကို ငွေကြေးစီးဆင်းတာ အလွန်မြန်ပါတယ်။ ဒါကို မသိလိုက်ဘူး ဆိုရင်၊ ပြည်တွင်းဈေးကွက်အသီးသီးမှာ ကာလတို ဈေးလာကစားတဲ့ ငွေပူတွေကို မထိန်းနိုင်ဘူးဆိုရင် ပြည်တွင်း စီးပွားရေးအခြေအနေ ယိမ်းယိုင်သွားနိုင်တယ်'' ဒေါ်ရီရီမြင့်က ဆက်လက်သုံးသပ်ပါသည်။ ထိုသို့ ကာလတို ရင်းနှီးမြှုပ်နှံမှုများဖြစ်သော ငွေပူများ စီးဝင်ခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားစေပြီး ဘဏ္ဍာငွေနှင့် အိမ်ခြံမြေ ဈေးနှုန်းများ ထိုးတက်နိုင်ကြောင်းနှင့် အဆိုပါငွေပူပမာဏ အလွန်များပြားလာပါက ပြည်တွင်း အတိုးနှုန်းများနှင့် ငွေကြေးလဲလှယ်မှုနှုန်းကိုပါ မြင့်တက်စေနိုင်ကြောင်း ပညာရှင်များက ထင်မြင်သုံးသပ်ပါသည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com