မေသက်ခိုင်က ဒါရိုက်တာမီးပွားနဲ့ သမဝါယမအသင်း (ဗဟို) ဇာတ်လမ်းတို ရိုက်ကူး ခဲ့ပါတယ်။ ဆင်းရဲ သား လူတန်းစား ပပျောက်ရေးအတွက် ရိုက်ကူးခြင်းဖြစ်ကြောင်း သိရပါတယ်။ မေသက်ခိုင်က နယ်တွေမှာ သီချင်းတွေလည်း ဆိုဖြစ်နေကြောင်း ပြောပြီး ယောက်ျားလေး သီချင်းတွေ ပိုဆိုဖြစ်ကြောင်း ပြောပါတယ်။ သီချင်းခွေထုတ်ဖို့တော့ အစီအစဉ် မရှိကြောင်းကို မေသက်ခိုင်က..
“နယ်ကျတော့ ပရိသတ်က ကိုယ်သီချင်းဆိုမယ်ဆိုကတည်းက သရုပ်ဆောင်တွေဆိုတော့ ချစ်လို့လာပြီး အားပေးတာလေ။ ကိုယ်မှားပဲဆိုဆို၊ လွဲပဲဆိုဆို ဘယ်သူမှဘာမှ မပြောဘူး။ အခွေကျတော့ တတ်တဲ့လူတွေ၊ ဝါရင့်အဆိုတော်တွေလည်း ရှိတော့ သူတို့ရှေ့မှာ ဆိုပြဖို့လောက်တော့ အဆင်မပြေဘူး။ ပရိသတ်နဲ့ ရင်းနှီးအောင်ဆိုတာပါ” လို့ ပြောပါတယ်။ အခုဆိုရင် မေသက်ခိုင်ရဲ့ အနုပညာသက်တမ်းက ၅ နှစ် ရှိနေပြီဖြစ်ပြီး အဒေါ်ဖြစ်သူ မေသဉ္ဇာဦးရဲ့တူမ ဖြစ်တဲ့အတွက် အသစ်တွေထက်စာရင် ဒီလောကထဲကို ဝင်လာရတဲ့လမ်းက ပိုပြီးလွယ်ကူကြောင်း၊ အဒေါ်နဲ့ခင်တဲ့ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေက ခေါ်ရိုက်လို့ ပရိသတ်ကသိပြီး အားပေးခဲ့ကြတာလို့ ပြောပါတယ်။ ငယ်ငယ်တုန်းကတည်းက အဒေါ်ရဲ့ ရှုတင်ကို လိုက်ခဲ့တာဖြစ်ပြီး ဒီလောကထဲက လူတွေရဲ့ရှေ့မှာပဲ ကြီးလာတာဖြစ်တဲ့အတွက် မင်းသမီးလို့တောင် မထင်ကြဘဲ ကလေးလို့ပဲ ထင်နေကြကြောင်း ပြောပါတယ်။
“ကိုယ်စစချင်း သရုပ်ဆောင်လုပ်တုန်းက စကားပြောရင် အဖြတ်အတောက် မှားတယ်။ ဖလိုးလည်း မှားတယ်။ စကားကို တန်းတန်းကြီး ပြောသွားတယ်။ စာကျက်နေသလိုတော့ မဟုတ်ဘူး။ အခုချိန်မှာ ပြန်ပြီးနားထောင်ရင် ဘယ်လိုမှ နားထောင်လို့မရဘူး။ အိုက်တင်ဘယ်လောက်ပဲ လုပ်တတ်လုပ်တတ်လေ။ အသံက တန်းတန်းကြီးထွက်နေတော့ သနားစရာလည်း မကောင်းဘူး။ မျက်ရည်တွေတော့ ကျနေတယ်။ ဒါပေမဲ့ ဘယ်လိုမှ သနားစရာ မကောင်းသလို ခံစားလို့လည်း မရဘူး။ အခုနောက်ပိုင်းတော့ အဆင်ပြေပြီး ပြောင်းလာရတာပေါ့။ ကိုယ့်ကိုယ်ကိုယ် အဆင်ပြေပြေလေးနဲ့ အဖြတ်အတောက်တွေ မှန်လာတယ်လို့ ထင်တယ်” လို့ သုံးသပ် ပြောပြခဲ့ပါတယ်။
မေသက်ခိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ “လျှမ်းလျှမ်းကိုထနေတာပဲ” ဇာတ်ကားထွက်လာပြီး အရင်က “လက်လက်ကိုထနေတာပဲ” လို့ ပေးထားတာဖြစ်ကြောင်း သိရပါတယ်။ လူငယ်အကကိုတော့ ကဖူးပေမယ့် နတ်ပွဲကတော့ တစ်ခါမှ မမြင်ဖူးဘဲ ဒီဇာတ်ကား ရိုက်ကူးမှပဲ မြင်ဖူးတာဖြစ်ပြီး မနှဲလေး ဝတ်စုံဝတ်ဖြစ်ခဲ့ရကြောင်းကို မေသက်ခိုင်က.. “အကဆိုတာတော့ သူငယ်ချင်းနဲ့ ကိုယ်နဲ့ နယ်တွေမှာလည်း ကနေကျဆိုတော့ ဒါပဲကပေးလိုက်လို့ ရတယ်။ နတ်ကတာကျတော့ ကိုယ်မမြင်ဖူးတာ ဆိုတော့ ကိုယ့်အတွက် ထူးဆန်းတာပေါ့။ ဟိန်းဝေယံတောင် နတ်ဝင်မလိုဖြစ်သေး တယ်ထင်တယ်။ မူးလို့ ခဏနားလိုက်ရတယ်။ မနှဲလေး ဝတ်စုံဝတ်ရတယ်။ နတ်ကတဲ့ လူတွေဆီမှာ ဝတ်စုံငှားရတာပေါ့။ ကိုယ်နဲ့ မတော်တာများနေတော့ တော်တော် ရွေးလိုက်ရတယ်။ အမှတ်တရ ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။
မေသက်ခိုင်က ၈ လပိုင်းမှာ မလေးရှားမှာ သွားရောက် ဖျော်ဖြေမှာဖြစ်ပြီး နယ်အနှံ့မှာ သွားရောက်ဖျော်ဖြေခဲ့ပေမယ့် နိုင်ငံခြားကို ပထမဦးဆုံးအကြိမ် သွားရောက် ဖျော်ဖြေမှာ ဖြစ်ကြောင်း ပြောပါတယ်။ နိုင်ငံခြားကို ဖျော်ဖြေရေးအနေနဲ့ သွားရမှာကို အဆိုတော် မဟုတ်တဲ့အတွက် ယုံကြည်မှုနည်းပြီး ကြောက်မိကြောင်း ပွင့်လင်းစွာ ပြောပါတယ်။ မေသက်ခိုင်က မလေးရှားကို R ဇာနည်၊ ထွန်းအိန္ဒြာဗို၊ စိုင်းစိုင်းခမ်းလှိုင်၊ ချစ်သုဝေ၊ ရတနာမိုင်တို့နဲ့အတူ သီချင်းသွားဆိုမှာ ဖြစ်ပါတယ်။ ကိုယ့်ထက် အသံတအားကောင်းတဲ့လူတွေနဲ့ သွားဖျော်ဖြေရမှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေကြောင်း ပြောပါတယ်
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com