![](http://www.weeklyeleven.com/images/stories/july12/we/w7_42_10.jpg)
သားဖြစ်သူ အဗ္ဗကာဒါဂီလာနီ(ယာ)၏ ရွေးကောက်ပွဲအောင်ပွဲတွင် ထောက်ခံသူများအား မိန့်ခွန်းပြောနေသည့် ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဂီလာနီ(အလယ်)
ရာထူးမှ ထုတ်ပယ်ခြင်းခံရသော ပါကစ္စတန် ၀န်ကြီးချုပ်ဖြစ်သူ၏ အကြီးဆုံးသားသည် ဖခင်၏ လစ်လပ်သွားသော အမတ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရွေး ကောက်ခံခဲ့ရကြောင်း သိရသည်။
ယူဆွတ်ရာဇာဂီလာနီအား လက်ရှိသမ္မတ အဆစ်ဖ်အလီဇာဒါရီ၏ လာဘ်စားမှုကိစ္စရပ်များကို ပြန်လည် စစ်ဆေးရန်ငြင်းဆန်ခဲ့သည့်အတွက် ၀န်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရပြီး တစ်လအကြာတွင် သားဖြစ်သူ အဗ္ဗဒူလ်ကာဒါးဂီလာနီသည် ကြားဖြတ်ရွေးကောက်ပွဲ၌ မိသားစု မဲဆန္ဒနယ်ဖြစ်သည့် Multan မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အဗ္ဗဒူလ်ကာဒါးဂီလာနီသည် မဲ ၆၄၆၂၈ မဲရရှိခဲ့ကာ အဓိကပြိုင်ဘတ်ဖြစ်သူ ၆၀၅၃၂ မဲ ရရှိခဲ့သည့် Shaukat Bosan အားအနိုင်ရရှိခဲ့ကြောင်း ဒေသခံမီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည်။
ယင်း Shaukat Bosan အား ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ် ဦးဆောင်သော Pakistan Muslim League-N ပါတီနှင့် ခရစ်ကတ်က စားသမားဘ၀မှ နိုင်ငံရေးသမားဘ၀သို့ ကူးပြောင်းလာသော အီမရန်ခန်း၏ Pakistan Tehreek-e-Insaaf ပါတီတို့မှ ထောက်ခံပေးထားခဲ့ခြင်း ဖြစ်သည်။
ရုပ်မြင်သံကြားလိုင်းတစ်ခုတွင် ၀န်ကြီးချုပ်ဟောင်း ယူဆွတ်ရာဇာဂီလာနီသည် သားဖြစ်သူ၏ အောင်မြင်မှုအတွက် ဂုဏ်ပြုပွဲကျင်းပနေသည်ကို ထုတ်လွှင့်ပြသခဲ့ပြီး အဗ္ဗဒူလ်ကာဒါးကလည်း ထောက်ခံသူများ အားကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
သမ္မတဇာဒါရီကလည်း အဗ္ဗဒူလ်၏ အောင်မြင်မှုအတွက် ဂုဏ်ပြုကြောင်းနှင့် ''ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံးမှာ အခြားသူတွေရဲ့ ဝေဖန်ချက်တွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
ပါကစ္စတန် တရားရုံးချုပ်သည် ပြီးခဲ့သည့်အပတ်က ၀န်ကြီးချုပ်သစ် ရာဇာပါဗက်ဇ်အက်ရှ်ဖက်အား ဇူလိုင်လ ၂၅ ရက်နေ့ မတိုင်မီ ဆွစ်ဇာလန် အာဏာပိုင်များထံ ၂၀၀၈ ခုနှစ် ဇာဒါရီသမ္မတရာထူး စတင်ရရှိစဉ်က ရွှေ့ဆိုင်းထားသော အကျင့်ပျက်ခြစားမှုဆိုင်ရာ အမှုများအား ပြန်ဖွင့်ပေးရေး စာရေးသားရန် ညွှန်ကြားထားခဲ့သည်။
ထို့ပြင် တရားရုံးချုပ်က အက်ရှ်ဖက်သာ ယင်းကိစ္စအားလိုက်နာခြင်း မရှိပါက အခြေခံဥပဒေနှင့် ဥပဒေအရ သင့်တော်သလို ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဆိုလိုသည့်အဓိပ္ပာယ်မှာ ယခုနှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲ စောခေါ်ရန် ဖိအားပေးမည့်သဘော ဖြစ်သည်။
Ref:AFP
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com