နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ လယ်သမား ၁၂၅ ဦးအား သစ်တောမြေအတွင်း ကျူးကျော်နေထိုင်သည့်အတွက် တရားစွဲဆိုထားပြီး ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ယနေ့(စက်တင်ဘာလ ၁၃ ရက်နေ့)က ရုံးတင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့ပတ်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအကြား ပလွေးသစ်တောကြိုးဝိုင်းအကွက်အမှတ် ၂/၃ အတွင်း ခန့်မှန်းမြေပုံအညွှန်း ဗွီ ၄၇၀၉၃၈ အတွင်းတွင် ကျူးကျော်ဝင်ရောက်နေထိုင်သည့် ရွှေခဲအင်းကျေးရွာနှင့် ဥနှစ်လုံးဆည်စုကျေးရွာတွင် နေထိုင်သော တောင်သူလယ်သမားမိသားစုဝင်များမှ အသက် ၁၆ နှစ်အထက် စုစုပေါင်း ၁၂၅ ဦးအားအမှု ၅၈ မှုနှင့် သစ်တောမြေ ကျူးကျော်ဝင်ရောက်နေထိုင်သည့်အတွက် ပုဒ်မ ၄၀(က) ဖြင့် ဒက္ခိဏသီရိ သစ်တောဦးစီးဌာနမှ တရားစွဲဆိုထားကြောင်း သိရသည်။
''၂၀၁၂ခုနှစ် ခြောက်လပိုင်း ၁၂ ရက်နေ့က ကျွန်တော်တို့ ရွာနှစ်ရွာရှိ အိမ်ထောင်ဦးစီး ၆၃ ဦးကို သစ်တောကျူးကျော်ဖြင့် တရားစွဲဆိုခဲ့သေးတယ်။ အဲဒီအမှုကို သြဂုတ်လ ၆ ရက်နေ့မှာ တရားသူကြီးက ဖျက်သိမ်း တယ်ဆိုပြီး ရုပ်သိမ်းခဲ့တယ်။ အခု စက်တင်ဘာ ၈ ရက်နေ့က ရွာမှာရှိတဲ့ လယ်သမား မိသားစုတွေအပြင် ၁၆ နှစ်အထက် ရွာသားတိုင်းကို ရွာလူကြီးက ၂၀၁၅ မဲအတွက် သန်းခေါင်စာရင်းကောက်တယ်ဆိုပြီး ကောက်ယူခဲ့ပါတယ်။ အဲဒီစာရင်းအတိုင်း တရားစွဲဆိုခဲ့တာပါ။ ဒီမှာနေထိုင်ခဲ့တာ နှစ်၃၀ လောက်ရှိပါပြီ။ အခုလိုလုပ်တာကို မကျေနပ်လို့ ဆန္ဒဖော်ထုတ်ဖို့အတွက် ၃ ကြိမ် တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက လွှတ်တော်သွားရာ လမ်းပိတ်ဆို့မှာဆိုးတာရယ်၊ လုံခြုံ ရေး အပြည့်အ၀မပေးနိုင်တာရယ်ကြောင့်လို့ဆိုပြီး ခွင့်မပြုခဲ့ပါဘူး။ ရုံးချိန်းရှိတဲ့အတွက် ကျွန်တော်တို့တစ်တွေ လာခဲ့ကြပါတယ်။ ရုံးချိန်းမလာရင် တရားသူကြီးက တစ်ဦးကို ဒဏ်ငွေနှစ်သိန်းဆောင်ရမယ်လို့ ပြောပါတယ်'' ဟု ဥနှစ်လုံးဆည်စုကျေးရွာမှ တောင်သူ ဦးတင်မြင့်က ပြောပြခဲ့သည်။
တရားစွဲဆိုခံထားရသည့် ရွာသူရွာသားများသည် ယခင်က စပါးစိုက်ခြင်း၊ ကြံ စသည့်သီးနှံများကို စိုက်ပျိုးခဲ့ကြပြီး ၂၀၁၀ခုနှစ်ဝန်းကျင်တွင် ရွှေခဲအင်းနှင့် ဥနှစ်လုံးဆည်စုကျေးရွာအနီးရှိ လယ်မြေဧက ၁၅၀ခန့်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ၂၅ ဧကခန့်တွင် လယ်သမားများက သစ်တောပိုင်မြေအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သည်ဟုဆိုကာ ဒုတိယအကြိမ်မြောက်အဖြစ် ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း ရွာသားများက ပြောပြခဲ့သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com