မြန်မာ့ လက်ရွေးစင် အသင်းသည် ယမန်နေ့က စင်ကာပူ လက်ရွေးစင် အသင်းနှင့် ခြေစမ်း ကစားခဲ့ရာ ကွင်းလယ်လူ ဒေးဗစ်ထန်၏ နောက်ကျဂိုးကြောင့် သရေရလဒ် ရရှိခဲ့သည်။ အိမ်ကွင်း၌ ကစားရခြင်း ဖြစ်သော်လည်း စင်ကာပူကို နောက်မှ လိုက်ကစား ခဲ့ရသည့်အပေါ် နည်းပြချုပ် ပတ်ဆောင်ဟွာက စိတ်ပျက်ခြင်း မရှိဘဲ သရေရရန် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြသည့် ကစားသမားများကို ချီးကျူးခဲ့သည်။
"ဒီပွဲအတွက် ကြိုတင်ပြင်ဆင်ချိန် နည်းနည်းပဲ ရခဲ့ပါတယ်။ လိဂ်ပြိုင်ပွဲကလဲ လွန်ခဲ့တဲ့(၂)ရက် (တနင်္ဂနွေ) ကမှ ပြီးသွားတာဆိုတော့ ကစားသမားတွေမှာ ပင်ပန်းမှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့လည်း ကစားသမားတွေဟာ ပွဲချိန်အတွင်းမှာ ကြိုးစားခဲ့ကြပြီး လိုအပ်တဲ့ ချေပဂိုး ရအောင်လည်း စွမ်းဆောင်နိုင် ခဲ့ပါတယ်။ ဒီရလဒ်အတွက် ကျေနပ်မိပါတယ်)ဟု ပတ်ဆောင်ဟွာက ကစားသမားများ၏ ကြိုးစားမှုကို အသိအမှတ်ပြု ချီးကျူးခဲ့သည်။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ပြီးခဲ့သည့် စက်တင်ဘာလ(၉)ရက် ကမှ ပြီးဆုံးခဲ့ခြင်း ဖြစ်ရာ ကလပ်အသင်း အသီးသီးနှင့် ရေကုန်ရေခန်း ယှဉ်ပြိုင်ခဲ့ရသည့် ကစားသမားများမှာ တစ်ရက်သာ ခြားပြီး ကစားရသည့် စင်ကာပူနှင့် ခြေစမ်းပွဲအတွက် ကြိုတင် ပြင်ဆင်ရာတွင် အခက်အခဲများ ရှိနေခဲ့ခြင်း ဖြစ်သည်။
ဆူဇူကီး ဖလား ခြေစစ်ပွဲ အလားအလာနှင့် ပတ်သတ်၍မူ "အတိအကျ အာမမခံနိုင်ပါ"ဟု ပတ်ဆောင်ဟွာက ဆိုခဲ့သည်။ ၎င်းက "ခြေစစ်ပွဲ မတိုင်မီ ကြိုတင် ပြင်ဆင်ချိန်က (ဂျပန်ခြေစမ်းပွဲများ မပါ) ၁၅ ရက်ပဲ ရှိပါတယ်။ ဒီကာလ အတွင်းမှာ အသင်းရဲ့ နည်းစနစ်ပိုင်းကို အပြောင်းအလဲ လုပ်ဖို့မဖြစ်နိုင်ပါဘူး။ မြန်မာ အသင်းကို အောင်မြင်မှုကို ဆာလောင်တဲ့ ပြင်းပြတဲ့စိတ်ဓါတ်ရယ်၊ အသင်းလိုက်စုစည်းမှု အားကောင်းလာအောင်ရယ် အဓိကထား ဆောင်ရွက် သွားပါမယ်" ဟု ဖွင့်ဟခဲ့သည်။ ဆက်လက်၍ ပတ်က လက်ရွေးစင် အသင်းနှင့် ယူ-၂၂ အသင်းတို့မှာ ကွာခြားချက်များ ရှိနေကြောင်း၊ လက်ရွေးစင်အသင်း၌ အတွေ့အကြုံရှိသည့် ကစားသမား များစွာရှိကြောင်း၊ ယူ-၂၂ အသင်းကမူ အသင်းလိုက် စုစည်းမှု အလွန်ကောင်းကြောင်း၊ စင်ကာပူနှင့် ခြေစမ်းပွဲမှ တဆင့် ကစားသမားများ၏ ခြေစွမ်းကို ကောင်းစွာ အကဲခတ်ခွင့် ရခဲ့ကြောင်း ဆိုခဲ့သည်။
မြန်မာ အသင်းသည် ပွဲချိန်ပထမပိုင်းတွင် စင်ကာပူ အသင်းထက် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့သော်လည်း ဒုတိယပိုင်း အစတွင် အနည်းငယ် ခြေကျ သွားပြီး စင်ကာပူ၏ ဦးဆောင ဂိုးကိုပင် ခွင့်ပြုခဲ့ရသည်။သို့သော် နောက်ပိုင်းတွင် ခြေပဂိုး ရရှိရေး အတွက် အသည်းအသန် ကြိုးစား ခဲ့သောကြောင့် ကွင်းလယ်လူ ဒေးဗစ်ထန်၏ သွင်းဂိုးဖြင့် သရေ ရလဒ်ကို ရယူ နိုင်ခဲ့သည်။ ထိုသို့ မြန်မာ အသင်းအတွက် အရေးပါသည့် ချေပဂိုးကို ရယူပေး နိုင်ခဲ့သည့် ကွင်းလယ်လူ ဒေးဗစ်ထန်ကို နည်းပြချုပ် ပတ်ဆောင်ဟွာက ချီးကျူးခဲ့သည်။ "ဒေးဗစ်ထန်က လူကောင်သေးပေမယ့် စိတ်ဓါတ်နဲ့ ကြိုးစားမှုက အရမ်း ကောင်းပါတယ်။ နောက်ပြီး နည်းစနစ်ပိုင်းနဲ့ ကျွမ်းကျင်မှုလည်း ကောင်းတယ်။ အသင်းမှာ ဒီလို ကစားသမားမျိုးတွေ လိုအပ်ပါတယ်" ဟု ဒေးဗစ်ထန်၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။ ဒေးဗစ်ထန်သည် စင်ကာပူနှင့် ပွဲတွင် ကွင်းလယ် ညာတောင်ပံ၌ ပွဲထွက် လာခဲ့ပြီး ပွဲချိန် တစ်လျှောက်လုံး စင်ကာပူ နောက်တန်းကို ဒုက္ခ ပေးနိုင်ခဲ့သည်။ ထို့အပြင် မြန်မာ အသင်းအတွက် အရေးပါသည့် ချေပဂိုးကိုလည်း ဘယ်တောင်ပံ ဖြတ်တင်ဘောမှ တဆင့် ဧရိယာ အတွင်းမှ မြေမကျ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com