22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, March 15, 2012

‘ အရွယ်သုံးပါးသော ပရိသတ်အစုံက အားပေးတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။’ သရုပ်ဆောင် မြင့်မြတ်နှင့် တွေ့ဆုံခြင်း

http://www.news-eleven.com/images/stories/march12/bi/e4492.jpg
ယခုတစ်ပတ် အင်တာဗျူး ကဏ္ဍအတွက် ရွေးချယ်ထားသူက ပရိသတ်နဲ့ အထွေအထူး မိတ်ဆက်ပေးရန် မလိုသည့် သရုပ်ဆောင် မြင့်မြတ် ပင်ဖြစ်သည်။ မဟော်ဂနီ ရုပ်ရှင်ထုတ်လုပ်ရေး၏ စင်တင်မင်းသားအဖြစ် အနုပညာလောက အတွင်း စတင်ဝင်ရောက်ခဲ့ပြီး အချိန်တိုအတွင်း ပရိသတ် အသိအမှတ်ပြုမှု ရရှိခဲ့သူ၊ မဟော်ဂနီနှင့် ငါးနှစ်စာချုပ်ပြည့်မြောက်ချိန်တွင် ပထမဆုံး ကိုယ်ပိုင်ဆုံးဖြတ်ချက် အဖြစ် ပြင်ပထုတ်လုပ်ရေးများနှင့် ပြောင်းလဲလက်တွဲပြီးနောက် ဇာတ်ကားများ ပုံမှန်ရိုက်ကူးနေသူ မြင့်မြတ်၏ ယုံကြည်ရာ အနုပညာခြေလှမ်း၊ ထုတ်လုပ်ရေး အပြောင်းအလဲနှင့် ဇာတ်ကားများ ရိုက်ကူးခွင့်၊ ဈေးကွက် အခြေအနေတို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ . . .
မေး- ကိုယ့်ဘာသာ လွတ်လပ်စွာ လှုပ်ရှားခွင့်နဲ့  အချိန်ကာလတစ်ခု ဖြတ်သန်းချိန်မှာ အရင် ငါးနှစ်တာ ကာလနဲ့ ပြန်လည် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ- အဓိကတော့ ကိုယ့်ဘာသာကိုယ် စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတာပေါ့နော်။ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်ဖန်တီးချင်တဲ့ အနုပညာတွေကိုတော့ စိတ်တိုင်းကျ ဖန်တီးခွင့်ရတဲ့ အနေအထား ရတယ်လို့ ပြောလို့ရပါတယ်။
မေး- အစစအရာရာ ကိုယ်တိုင်ဖန်တီးနိုင်တဲ့ အနေအထားမှာ အားသာချက်၊ အားနည်းချက် ကရော ဘယ်လိုရှိလဲ။
ဖြေ- ကိုယ်တိုင် အစစအရာရာ ဖန်တီးရမယ်ဆိုတဲ့ အနေအထားမှာ ကြိုတင်ပြင်ဆင်မှု အပိုင်းကိုတော့ အရင်ကထက် အချိန်ယူရတာပေါ့။ အ၀တ်အစားက အစ ဇာတ်ရုပ်နဲ့ လိုက်တာမျိုးဖြစ်အောင် အချိန်ယူ ပြင်ဆင်ရပါတယ်။ ကျန်တာကတော့ အနုပညာပိုင်းအရ အားစိုက်ရုံပဲဖြစ်တာကြောင့် သိပ်အများကြီး မခက်ခဲပါဘူး။
မေး- ဇာတ်ကားရွေးချယ်မှု အပိုင်းမှာရော ကိုယ်ရိုက်ချင်တဲ့ဇာတ်မျိုးကိုပဲ ရွေးချယ်ခွင့်ရှိသွားတဲ့ သဘောလား။
ဖြေ- မဟော်ဂနီနဲ့ ရိုက်စဉ်တုန်းကတော့ သူတို့စိတ်ကြိုက် ရွေးတဲ့ကားတွေကိုပဲ ရိုက်ခွင့်ရတာဆိုတော့ တစ်ခါတလေ ကိုယ်မကြိုက်တဲ့ ဇာတ်ကားမျိုး ကို ရိုက်ရတာလည်း ကြုံရပါတယ်။ အခုကတော့ ဇာတ်ရွေးတဲ့အပိုင်းကို ကိုယ့်စိတ်ကြိုက် ရွေးခွင့်ရှိသွားပြီဆိုတော့ ကြိုက်တာ အဆင်မပြေတာဆိုလည်း ညှိနှိုင်းလို့ရသွားပြီပေါ့။
မေး- အခုချိန်မှာက ရုပ်ရှင်ဗီဒီယိုဈေးကွက် အားလုံးကျနေတဲ့ အချိန်ဆိုတော့ အရင်ကထက် ပိုပြီး အားစိုက်ထုတ်ရတာမျိုး ရှိမလား။
ဖြေ- အရင်ကထက်တော့ အများကြီးပိုပြီး အားစိုက်ရပါတယ်။ အခု အခြေအနေက ကျွန်တော်တို့ အနုပညာရှင်တွေအားလုံး ရင်ဆိုင်နေကြရတာဆိုတော့ အနုပညာ အရည်အသွေးပိုင်းဆိုင်ရာကိုလည်း ပိုပြီးအားစိုက်ရသလို ဈေးကွက်အခြေအနေ ပရိသတ်တောင်းဆိုမှု ဆိုတာတွေကိုလည်း ထည့်စဉ်းစားရပါတယ်။ အနုပညာရှင်တွေ အားလုံး ညီညီညွတ်ညွတ် စုစုစည်းစည်း လုပ်မှသာ ဈေးကွက်အခြေအနေ ပြန်လည် ကောင်းမွန်လာမယ်လို့ ယူဆပါတယ်။
မေး- ဒရာမာပိုင်တဲ့ မင်းသားလို့ သတ်မှတ်ရာကနေ ဇာတ်ရုပ်စုံလုပ်နိုင်တဲ့ သူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရဖို့ ဘယ်လိုကြိုးစား ယူခဲ့ရလဲ။
ဖြေ- ကျွန်တော် ဒီအနုပညာလောကကို စ၀င်ကတည်းက အရွယ်သုံးပါးသော ပရိသတ်အစုံက အားပေးတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့် ဒီလောကထဲစ၀င်ခါစမှာ ဒရာမာဇာတ်ကားတွေနဲ့ ပရိသတ် အသိအမှတ်ပြု ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ဖန်စီကားလေးတွေ ရိုက်သလို ဟာသ၊ ရိုးမန့်စ်စသဖြင့် ဇာတ်ရုပ်အစုံကို လုပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ အခုချိန်မှာတော့ ဇာတ်ရုပ်တော်တော် များများလည်းစုံအောင် လုပ်ဖူးသွားပြီပေါ့။ နောက်ပိုင်းကိုလည်း အရွယ်စုံ ပရိသတ် လက်ခံနိုင်အောင် ကြိုးစားသွား မှာပါ။
မေး- ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်း တစ်လျှောက်အခုရထားတဲ့ ပရိသတ်အားပေးမှုကို ရော ကျေနပ်ရဲ့လား။
ဖြေ- ကျေနပ်ရမှာပေါ့။ ကိုယ်လုပ်တဲ့အကျိုးကို ကိုယ်ပြန်ခံစားရတာပဲ။ ဒီလောကထဲ စ၀င်ခါစတုန်းကတည်း က အသေအလဲ ကြိုးစားခဲ့ရတာ။ အဲဒါကြောင့်လည်း အခုလောက် ရပ်တည်နေနိုင်တာပါ။ ရလာတဲ့ ပရိသတ်အားပေးမှုကို မကျေနပ်စရာမ ရှိပါဘူး။
မေး - ဖြတ်သန်းရတဲ့ ခရီးလမ်းတစ်လျှောက်မှာ ကြုံရတဲ့အခက်အခဲတွေကို ဘယ်လိုခံယူချက်မျိုးနဲ့ ကျော်ဖြတ်ခဲ့ရလဲ။
ဖြေ- ကြုံရတဲ့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ အောင်မြင်မှုတစ်ခု၊ နေရာတစ်ခုရဖို့ ကြိုးစားရာမှာ ဒုက္ခတွေ၊ ၀မ်းနည်းစရာတွေ၊ ကြေကွဲစရာတွေ၊ နာကျင်ရတာတွေ အများကြီး ကြုံတွေ့ရတာပါပဲ။ ဒါက အနုပညာနယ်ပယ် တစ်ခုတည်းမှာ ကြုံတွေ့ရတာမျိုး မဟုတ်ပါဘူး။ ဘယ်နယ်ပယ်မှာ မဆိုပါပဲ။ ကျွန်တော်ကတော့ ဖြစ်ချင်စိတ်တစ်ခုတည်းနဲ့ ကြိုးစားခဲ့တာပါ။ ကျွန်တော်ဝါသနာပါ ရူးသွပ်ခဲ့ရတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ချင်စိတ် တစ်ခုတည်းနဲ့ ကြိုးစားခဲ့တာ ပါ။
မေး- ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းဖို့အတွက် လုပ်ဆောင်နေကြတဲ့ အချိန်ဆိုတော့ ဘယ်အခန်းကဏ္ဍက ပါဝင်ဖြစ်မလဲ။
ဖြေ- ကျွန်တော်တို့ဆိုတာက ကိုယ့်ထက်ဝါရင့်သမ္ဘာရင့်တဲ့ အစ်ကိုတွေ အစ်မတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မူကြိုအဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့က ကိုယ့်လောက ကောင်းမယ်ဆိုရင် တတ်စွမ်းသလောက် ၀ိုင်းဝန်းအားပေးရမယ့် အနေအထားပါ။ အခန်း ကဏ္ဍ တစ်ခုအနေနဲ့ပါဝင်ဖို့လောက် အထိ အစွမ်းအစ မရှိသေးပါဘူး။ ကူညီလို့ရတဲ့ အနေအထား အတွင်းမှာတော့ ကူညီပေးသွားမှာပါ။
လင်းလင်းခိုင်
Source ; www.news-eleven.com
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )