22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, July 18, 2012

အကျဉ်းသား နှိပ်စက်သူများအား တရားစွဲရန်လိုသည်ဟု AAPP ဆို

အဖမ်းဆီး အထိန်းသိမ်းခံများနှင့် သက်ဆိုင်သော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ အနှိပ်စက်ခံ အကျဉ်းသား ဦးလထော်ဘရန်ရှောင်အား ဆေးကုသခွင့် ချက်ချင်းပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က တိုက်တွန်းတောင်းဆို လိုက်သည်။
ထို့ပြင် နှိပ်စက်ညှဉ်းပန်းမှု အပါအဝင် ဆက်စပ်နေသည့် အလေ့အထများ ပြုလုပ်ကျင့်သုံးမှုကို မြန်မာနိုင်ငံတွင် ဆက်လက်သည်းမခံတော့ကြောင်း ပြင်းပြင်းထန်ထန် သတိပေးသည့်အနေဖြင့် ကချင်လူမျိုး ဦးလထော်ဘရန်ရှောင် အား နှိပ်စက်ခဲ့သော တာဝန်ရှိ လုံခြုံရေးတပ်ဖွဲ့အား တရားစွဲဆိုရမည် ဖြစ်ကြောင်း သောကြာနေ့က ထုတ်ပြန်ခဲ့သည့် AAPP ၏ ကြေညာချက်ထဲတွင် ရေးသားထားသည်။

“နှိပ်စက်ညှဉ်းပန်းမှု ဆိုတာ အတိတ်က အရာတခု မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ လူသားခြင်းစာနာမှု အခြေခံ စည်းမျဉ်းတွေ စံနှုန်းတွေကို ဆက်လက် ချိုးဖောက်နေဆဲပဲ ရှိသေးတယ် ဆိုတဲ့ အချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သဘောပေါက်ဖို့ လိုပါတယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းကို၊ လုံခြုံရေး တပ်ဖွဲ့တွေက နှိပ်စက်မှုတွေ ဆက်ပြီး ပြုလုပ်နေချိန်မှာ ပြောဆိုနေတာ ဖြစ်တဲ့အတွက် တိုးတက်မှု မဟုတ်ပါဘူး” ဟု AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဆိုသည်။

စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (MAS) သည် အဖမ်းဆီး အထိန်းသိမ်းခံများအား သမိုင်းတလျှောက်လုံးတွင် နှိပ်စက်မှု များ ပြုလုပ်ခဲ့ပြီး ဦးလထော်ဘရန်ရှောင်အား နှိပ်စက်ခြင်းဖြင့် ထိုအစဉ်အလာအတိုင်း ဆက်လက်ပြုမူနေကြောင်း ထင်ရှားနေသည်ဟု AAPP က ဆိုသည်။

ဦးလထော်ဘရန်ရှောင်သည် ဗုံးခွဲမှု တခုတွင် ပါဝင် ပတ်သတ်ခဲ့သည် ဟူသည့် မှားယွင်းသော စွပ်စွဲချက် တခုဖြင့် စွပ်စွဲခြင်း ခံရကာ ဇွန်လအတွင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ ရဲတပ်ဖွဲ့ ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ထို့နောက် ၎င်းအား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြစ်ကြီးနား အကျဉ်းထောင်တွင် ထိန်းသိမ်း အကျဉ်းချထားခဲ့ကာ ထိုအကျဉ်းထောင်တွင် သုံးရက်ခန့် နှိပ်စက်ညှဉ်းပန်းမှုများပြုလုပ်ခဲ့ကြသည်ဟု AAPP က ဆိုထားသည်။

ဦးလထော်ဘရန်ရှောင်သည် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ (၃) နှင့် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ (၁၇) တို့ဖြင့် စွဲချက်တင်ခြင်း ခံနေရခြင်း ဖြစ်သည်။ 

၎င်း၏ ရှေ့နေ ဦးမာခါး ၏ အဆိုအရ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့သည် ဦးလထော်ဘရန်ရှောင်အား လက်ထိပ်ခတ် ကာ ကြိုးဖြင့်ချည်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အတင်းအဓမ္မ ဝန်ခံမှု ပြုလုပ်လာစေရန် ၎င်းအား နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ကြခြင်း ဖြစ်ကာ သူ၏ ပါးနှစ်ဘက်အား မီးဖုတ်ထားသည့် ဓါးများဖြင့် လောင်ကျွမ်းစေကာ သူ၏ ပေါင်များကိုလည်း ဓားများဖြင့် ထိုးဖောက်ခဲ့ပြီး သူ၏ ခြေသလုံး အရေပြား ဧရိယာ တော်တော်များများ လန်နေ ကွာနေခြင်းကလည်း အနှိပ်စက်ခံရကြောင်းကို သက်သေပြနေသည်ဟု AAPP က ဆိုထားသည်။

ဦးလထော်ဘရန်ရှောင် ကဲ့သို့သော အလားတူ နှိပ်စက်ခံရမှု ကိစ္စရပ်များ ရှိနေကြောင်းနှင့် နှိပ်စက်ခြင်းသည် အစိုးရ၏ မူဝါဒတခု ဖြစ်နေဆဲ ဖြစ်ကြောင်းကို ထိုကဲ့သို့ အဖြစ်အပျက်များက ပြသနေသည်ဟု AAPP ၏ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ဆိုသည်။

“တကယ်လို့ [သမ္မတ] ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ် ပြုလုပ်ချင်တယ် ဆိုရင် သူ့အနေနဲ့နှိပ်စက် ညှဉ်းပန်းမှုတွေ ပြုလုပ်ခြင်းကကို လုံးဝ သည်းမခံတဲ့ (zero tolerance) မူဝါဒမျိုး ကျင့်သုံးဖို့ လိုပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။

“အပြစ်မဲ့တဲ့ အဖမ်းဆီးခံ အကျဉ်းသားတွေကို အကြမ်းဖက် နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တဲ့ တာဝန်ရှိသူတွေကို တရား ဥပဒေနဲ့ အညီ အရေးယူဖို့ လိုပါတယ်” ဟု သူကဆိုသည်။

ဦးလထော်ဘရန်ရှောင်၏ ဇနီးအနေဖြင့် ခင်ပွန်းသည်၏ ပုံမှန်မဟုတ်သော အပြုအမူများအတွက်လည်းစိုးရိမ် နေကြောင်း၊ တရားခွင်တွင် ဦးလထော်ဘရန်ရှောင်မှာ သူ့ဘာသာ ရယ်ရယ်နေသည်ဟု သူ၏ ဇနီးက ပြောသည်။

တရားခံ ရှေ့နေက ဦးလထော်ဘရန်ရှောင်အတွက် သင့်လျော်သည့် ဆေးကုသခွင့် ရရှိရန် တောင်းဆိုခဲ့သော်လည်း တရားသူကြီး ဦးမြင့်ထူးက ငြင်းဆန်ခဲ့သည်ဟု သိရသည်။ သို့သော် စစ်ဘက်က စုံစမ်းစစ်ဆေးသူများက နှိပ်စက်၍ ဦးလထော်ဘရန်ရှောင် ဒဏ်ရာ ရရှိခဲ့သည် ဆိုသည့် ဒဏ်ရာစာရင်းကို ပြုလုပ်မှတ်တမ်းတင်ခွင့်ကို တရားသူကြီးက တရားခံရှေ့နေအား ခွင့်ပြုခဲ့သည်ဟု သိရသည်။

“ပြင်းပြင်းထန်ထန် နှိပ်စက်ခံရပြီး ရက်ရက်စက်စက် ပြုမူခံရတဲ့ တရားခံ တယောက်ကို နိုင်ငံရဲ့ တရားရုံးတခုက ဆေးကုသခွင့် တားမြစ်ခြင်းဟာ တကယ့်ကို လွန်လွန်းပါတယ်။ အရေးပေါ် ဆေးကုသခွင့်ကို ပယ်ချခြင်းဟာ လူတယောက်ကို နောက်ထပ်တကြိမ် ထပ်ပြီး နှိပ်စက်လိုက်သလိုပါပဲ” ဟု ကိုဘိုကြည်က ဆိုသည်။

နှိပ်စက်ညှဉ်းပန်းခြင်းသည် မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာ ဖြစ်ပေါ်နေသည့် ပြဿနာ တခုဟုလည်း သူက ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေး သဘောတူညီချက် (CAT) နှင့် ပြည်သူ့ အခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေး နိုင်ငံတကာ ပဋိညာဉ်စာချုပ် (ICCPR) ကို လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

“နှိပ်စက်ညှဉ်းပန်းမှုတွေ ကြီးထွားလာနေတဲ့ အချိန်မှာ၊ အထိန်းသိမ်းခံတွေဟာ အခြေခံ ဆေးကုသခွင့်ကို တောင် ငြင်းပယ်ခံနေရတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ အကြောင်း ပြောရတာ ဂွကျလှပါတယ်” ဟု ကိုဘိုကြည်က ဆိုသည်။

“ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို အဆုံးသတ်ဖို့ အစိုးရဟာဘယ်အချိန် မှာနိုးထလာမှာပါလဲ?” ဟုလည်း ကိုဘိုကြည်က မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်များနှင့် ပတ်သတ်၍ လွတ်လပ်၍ ဘက်မလိုက်သော စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် AAPP က တောင်းဆိုလိုက်သည်။ တာဝန်ရှိသူများအား အရေးယူလေ့ မရှိသော အလေ့အထ အတိုင်း ဆက်လက်ပြုလုပ်နေလျှင် မြန်မာနိုင်ငံတွင် နှိပ်စက်ညှဉ်းပန်းမှုများ ပပျောက်သွားမည့် မျှော်လင့်ချက်မှာ နည်းပါးနေလိမ့်ဦးမည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က ပြောဆိုသွားသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )