22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 19, 2012

ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းနေတာဖြစ်၊ လုံးဝပယ်ဖျက်တာ မဟုတ်ဟုပြော

“မြန်မာအစိုးရက ပြောပါတယ်။ ဆည်ကိစ္စ
ရပ်ဆိုင်းနေတာပါ။ ပယ်ဖျက်တာ မဟုတ်
ပါဘူး”မြစ်ဆုံဆည်စီမံကိန်း ရင်းနှီးမြှုပ်နှံ
သည့် တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီတစ်


ခုဖြစ်သော CPI ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌမစ္စတာ Xia Zhong နှင့် CPI လက်အောက်ခံ ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ Li Guanghua တို့နှင့် 7Day News က ဘေဂျင်းမြို့ CPI ရုံးချုပ်တွင် စက်တင်ဘာ ပထမပတ်အတွင်းက တွေ့ဆုံခဲ့သည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံရပြီး ငွေကြေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရကာ စီမံကိန်းပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေသည်ဆိုသော CPI နှင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားပြီး တစ်နှစ်နီးပါးအကြာ လတ်တလော အခြေအနေများကို 7 Day News က မေးမြန်းထားသည်။

မြစ်ဆုံအပါအ၀င် ဧရာဝတီမြစ်ညာမြစ်ဝှမ်းဒေသမှာ ကျန်စီမံကိန်းတွေ တဖြည်းဖြည်းချင်း ဆက်လုပ်သွားမယ်လို့ပြောတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားဖို့ CPI က စိတ်ဆုံးဖြတ်ထားတယ်ပေါ့။

ဒီစီမံကိန်းက ပြည်သူလူထုအတွက် နိုင်ငံတော်အတွက် အကျိုးရှိနိုင်ပါတယ်။ လက်ရှိတော့ ပြည်သူလူထုက ကောင်းကျိုးတွေ မမြင်နိုင်သေးပေမယ့် နောင်ကောင်းကျိုးတွေ မြင်လာရင် သူတို့နားလည်မှာပါ။

ဒါပေမဲ့ ပြည်တွင်းမှာ ဒါကိုတော်တော်လေး ပြောဆိုရေးသား ဆွေးနွေးတာတွေရှိနေတော့ အဲဒီမျှော်လင့်ချက်က ရှိပါဦးမလား။ မျှော်လင့်ချက်ဖြစ်မလာရင် CPI အနေနဲ့ ဘာလုပ်မယ်စိတ်ကူးလဲ။

စာအုပ်ထုတ်ထားတယ်။ အဲဒီစာအုပ်ထဲမှာ ပြောထားပါတယ်။ လူအားလုံးကို ဒီစီမံကိန်းက ကောင်းတယ်လို့ နားလည်စေချင်ပါတယ်။ နောက်ပြီး တစ်ခုမျှော်လင့်တာက နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ မြန်မာပြည်မှာရှိတဲ့ အင်န်ဂျီအိုအဖွဲ့အစည်းနဲ့ မြန်မာပညာရှင်တွေနဲ့အတူတူ
ညှိနှိုင်းလုပ်ဆောင်ချင်ပါတယ်။

ဟိုတလောက တရုတ်ရေအားလျှပ်စစ် အင်ဂျင်နီယာအဖွဲ့က ထုတ်ပြန်တဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ သဘောထားကြေညာချက်က CPI နဲ့ ပတ်သက်မှုရှိလား။

အဲဒါရေးတာက တရုတ်ရေအားလျှပ်စစ်ကော်မတီက မစ္စတာဇန်ဝေါ်တင် ဖြစ်ပါတယ်။ သူ့ကိုလည်း သိပါတယ်။ ဒါပေမဲ့လည်း အလုပ်ကဏ္ဍ ဆက်စပ်မှုမရှိပါဘူး။

မြစ်ဆုံကတော့ သမ္မတသက်တမ်းမှာ နားသွားပြီ။ ကျန်တဲ့ ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုကျန်သေးတော့ မြစ်ဆုံရပ်သွားပြီးနောက်ပိုင်း ကျန်အလုပ်တွေ ဆက်လုပ်ဖို့ ယုံကြည်ချက်ရော ရှိသေးလား။ မြန်မာအစိုးရက ဒီစီမံကိန်းတွေကို မြစ်ဆုံလိုမျိုး ရပ်ပစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးပေါ့။

ယုံကြည်စိတ်ရှိမလားမေးတော့ အဓိက ရင်းနှီးမြှုပ်နှံဖူးတဲ့ကုမ္ပဏီနဲ့ တရုတ်အစိုးရ ဒီကိစ္စအတွက် ယုံကြည်မှုရှိမှရမယ်။ အခု ဒီကိစ္စမှာ ကျွန်တော်တို့ ယုံကြည်လား၊ မယုံကြည်လားထက် မြန်မာအစိုးရအခြေအနေ မြန်မာလူမျိုးတွေရဲ့ အခြေအနေကို ကြည့်နေတာ။

အခုနောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေ ဆင်ဆာမရှိတော့ဘူးဆိုတော့ အရင်ကလို တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အကာအကွယ်မရှိတော့ဘူး။ ပွင့်လင်းလာတယ်။ အဲဒီအပေါ်မှာရော စိုးရိမ်မိလား။

အခု မြန်မာပြည် မီဒီယာနဲ့ပတ်သက်ပြီး မကောင်းတာတစ်ချက် တွေ့ရှိထားတယ်။ အားလုံးက မကောင်းတာဘဲ ပြောနေတယ်။ ကောင်းတာပြောတာ နည်းနေတယ်။ အဓိက မီဒီယာက ဘက်မလိုက်ဘဲ အဲဒီကိစ္စအပေါ် ရေးသင့်ပါတယ်။ အရေးကြီးကိစ္စ ဖြစ်ပေါ်ရင် ဆွေးနွေးဖလှယ်ပြီး ရေးရမှာပေါ့။ နောက်ပြီး တရုတ်ပြည်မှာ အကြီးစားရေအားလျှပ်စစ် စက်ရုံကြီးတွေ တည်ဆောက်နေတယ်။ မီဒီယာတွေကလည်း မကောင်းတာတွေလည်း ထောက်ပြရေးသလို ကောင်းတာရေးတာလည်း ရှိတယ်။

ဒီစီမံကိန်းက အရင်စစ်အစိုးရလက်ထက်မှာ လက်မှတ်ထိုးခဲ့တယ်။ အခု အစိုးရသစ်လက်ထက် ရောက်နေပြီ။ အရင်တုန်းက ဒီကိစ္စမှာ လက်မှတ်ထိုးခဲ့တုန်းကသူတွေ သီဟသူရဦးတင်အောင်မြင့်ဦးတို့၊ ၀န်ကြီးဦးဇော်မင်းတို့က အစိုးရဌာနမှာ မရှိတော့တာမို့ CPI ရှေ့လုပ်ငန်းစဉ်တွေမှာ အခက်အခဲဖြစ်စေမလား။

ဦးတင်အောင်မြင့်ဦးတို့ အဲဒီတုန်းက လက်မှတ်ထိုးခဲ့တာက နိုင်ငံကိုကိုယ်စားပြု ထိုးခဲ့တာပါ။ အဲဒါကြောင့် ဒီစီမံကိန်းဆက်သွားဖို့ ခက်မယ်မထင်ပါဘူး။ အဲဒါကြောင့် အရင်စစ်အစိုးရ လက်ထက်ကနေ အခုအထိ တရားဝင်နေပါတယ်။

CPI က ဒီမြစ်ဆုံစီမံကိန်းရဖို့ အဲဒီအချိန်က အဖွဲ့အစည်းကြီးတစ်ခုက (အခုတော့ အဖွဲ့အစည်းအဖြစ် မရှိတော့ဘူး) ကြားကနေ ဆောင်ရွက်ပေးခဲ့တယ်လို့ ကြားရပါတယ်။ အဲဒါဟုတ်ပါသလား။

အဲလိုမျိုး မရှိပါဘူး။ သတင်းမမှန်ပါဘူး။ နောက်ပြီး အဲဒီတုန်းက လျှပ်စစ်ဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လာပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းပါတယ်။ မျှော်လည်းမျှော်လင့်ခဲ့ပါတယ်။ အဲဒီတုန်းက လာရင်းနှီးမြှုပ်နှံတာ CPI တင်မကပါဘူး။ ချင်းတွင်းမြစ်မှာလည်း ထိုင်းနဲ့ အခြားနိုင်ငံကလာတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ နောက်ပြီး MOU,MOA ထိုးတဲ့အခါမှာလည်း အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ၀န်ကြီးတစ်ယောက်အနေနဲ့ ဆုံးဖြတ်လို့မရဘူး။ MOU, MOA လက်မှတ်ထိုးဖို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ရဲ့ ခွင့်ပြုချက်လည်း လိုတယ်။ အစိုးရအဖွဲ့အစည်း ခွင့်ပြုရမယ်။ အဲဒါမှ လက်မှတ်ထိုးလို့ ရတယ်။ လက်မှတ်ထိုးခဲ့တာတော့ ဦးမောင်အေး၊ ဦးတင်အောင်မြင့်ဦးတို့နဲ့ပေါ့။ နှစ်ဖက်နိုင်ငံရဲ့ အကြီးအကဲတွေရှေ့မှာ လက်မှတ်ထိုးထားတဲ့ဟာပါ။ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး CPI က လူကြီးတွေကို လာဘ်ထိုးလို့၊ ပစ္စည်းဥစ္စာပေးလို့ ခွင့်ပြုချက်ရတာလို့ ပြောနေတာတွေ ကြားပါတယ်။ အဲဒီလိုမျိုး လုံးဝမရှိပါဘူး။

အခု CPI အနေနဲ့လည်း ဆုံးရှုံးမှုတွေ အများကြီးရှိတယ် ပြောတယ်။ ဒီဘက်ကနေ ဆုံးရှုံးမှုတွေအတွက် တောင်းဆိုမှုတစ်ခုခု လုပ်ဖို့ရှိလား။

အခု တခြားညှိနှိုင်းမှုလုပ်ဖို့ မရှိသေးပါဘူး။ မြန်မာအစိုးရကလည်း ပြောတယ်။ ဒီစီမံကိန်းက ရပ်ဆိုင်းနေတာပါ။ နောက်ပြီး ပယ်ဖျက်တာ မဟုတ်ပါဘူးလို့။ အဲဒါကြောင့် အသေးစိတ်ညှိနှိုင်းစရာ မရှိသေးဘူး။

ဒါဆို ဦးသိန်းစိန် သမ္မတသက်တမ်းပြီးမှ ဒီကိစ္စတွေက ဆက်ပြောရမှာလား။ ၂၀၁၅ ကျမှ ဆွေးနွေးမှုတွေ ဆက်လုပ်မှာလား။ အဲဒီကျမှ ဆုံးရှုံးမှုတွေအတွက် ဆွေးနွေးမှုလုပ်မှာလား။

အခုကတော့ အသေးစိတ် မသိသေးဘူး။ လက်ရှိကတော့ ရပ်ဆိုင်းနေပြီးသား။ ရပ်ဆိုင်းတဲ့ကာလလည်း အစိုးရကပြောထားတယ်။ အဲဒီစီမံကိန်းက ပြည်သူလူထုကို စိတ်ချအောင် ဆည်တမံ ဘယ်လောက်စိတ်ချမှု ရှိသလဲဆိုတဲ့အဖြေကို ဖြေပြီးမှ ဆက်ပြီး ဘယ်လိုလုပ်မလဲဆိုတာ အဲဒီအချိန်ကျမှ သိနိုင်ပါတယ်။

CPI အနေနဲ့ မြစ်ဆုံကိစ္စမှာ ဆုံးရှုံးရတဲ့ငွေပမာဏ အခုထိ ဘယ်လောက်ရှိမယ်ဆိုတာ ပြောပြနိုင်မလား။

အမေရိကန်ဒေါ်လာ တစ်ဘီလီယံလောက် ရှိပါပြီ။

ကျွန်မတို့ ကြားထားတာက အစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်လို့ CPI ရဲ့ စက်ပစ္စည်းတွေ မြစ်ဆုံက သယ်လို့မရ ဖြစ်နေတယ်လို့။ မြစ်ဆုံစီမံကိန်းကနေ စက်ပစ္စည်းတွေ တရုတ်ပြည်ကို ပြန်သယ်ဖို့ ဘယ်လိုအခြေအနေ ရှိပါသလဲ။

လက်ရှိကတော့ အစိုးရဘက်က ပစ္စည်းတွေ ပြန်သယ်ဖို့ ခွင့်ပြုပြီးပြီ။ ဒါပေမဲ့ တံတားကျိုးနေတော့ အဆင်မပြေဘူး။ ကေအိုင်အေက တံတားကို ပြန်ဆောက်ဖို့ ခွင့်မပြုသေးဘူး။ တံတားနာမည်က ခုနစ်ရောင်ခြယ်တံတားပေါ့။ ၀ါရှောင်နဲ့နီးတယ်။

မြစ်ဆုံအပြင် အခြားစီမံကိန်းတွေလည်း နယ်မြေမတည်ငြိမ်လို့ ရပ်ထားရတဲ့အတွက် ဘယ်လောက်နစ်နာမှုရှိသလဲ။

ခုနက ပြောထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံက အားလုံးကို ပြောတာပါ။ တစ်နှစ်အတွင်းပစ္စည်းဖိုး၊ ဘဏ်ကနေယူထားတဲ့ ချေးငွေရဲ့ အတိုးပေးရမယ်။ နောက်ပြီး ဒီဇိုင်းကုမ္ပဏီတွေ၊ ၀န်ထမ်းတွေရဲ့ လုပ်အားခတွေ စက်ယန္တရားဖိုးတွေလည်း ပေးရမယ်။ တွက်လိုက်ရင် တစ်နှစ်ဆိုရင် ၀ ဒသမ ၁ ဘီလီယံ ရှိနေတယ်။ ဆုံးရှုံးမှုများပြားလာရင် ရင်းနှီးမြှုပ်နှံမှုလည်း များပြားလာပါမယ်။ လျှပ်စစ်ဓာတ်အားရဲ့ ဈေးနှုန်းလည်း မြင့်တက်လာပါတယ်။

အထက်ပိုင်းက စီမံကိန်းခြောက်ခုက ကေအိုင်အိုနယ်မြေထဲမှာ ဖြစ်နေတယ်။ အစိုးရဆီက အဲဒီအချိန်တုန်းက ကေအိုင်အိုနယ်မြေမှာ လုပ်တဲ့အတွက် သူတို့ ဘယ်လိုတာဝန်ယူပေးမယ်ဆိုတဲ့ အာမခံချက်မျိုး ပေးခဲ့လို့ ပြည်တွင်းစစ်ရှိတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တာလဲ။

အဲဒီအချိန်က အစိုးရက စေလွှတ်ထားတဲ့တပ်ဖွဲ့ ရှိပါတယ်။ ချီဖွေငယ်လည်း ရှိတယ်။ ချီဖွေမှာလည်း ရှိတယ်။ လုံခြုံမှုအတွက် စေလွှတ်ပေးနေတာပါ။ အဲဒီတုန်းကတော့ မြန်မာအစိုးရက အာမခံပေးခဲ့ပါတယ်။ တည်ဆောက်ရေးကာလမှာ လုံခြုံဖို့။

မြစ်ညာမြစ်ဝှမ်းခြောက်ခု စီမံကိန်းထဲက တစ်ခုဖြစ်တဲ့ ချီဖွေငယ်စီမံကိန်းက လည်ပတ်လို့ရနေပြီလို့ပြောတော့ ထွက်လာတဲ့ ဓာတ်အားတွေကို ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။

လက်ရှိကတော့ အဲဒီ ဓာတ်အားကို ဘယ်လိုလုပ်မလဲလို့ လျှပ်စစ်(၁)၊ (၂) ၀န်ကြီးဌာနနှစ်ခုနဲ့ ညှိနှိုင်းနေတုန်းပဲ။ မြစ်ကြီးနားဆီကို ပို့ဖို့စီစဉ်ထားပါတယ်။ ဓာတ်အားလိုင်းလည်း မြစ်ကြီးနားကို ဆွဲထားပါတယ်။ လျှပ်စစ်(၂)အနေနဲ့လည်း ၀ိုင်းမော်မှာ ထပ်ဆင့်စက်ရုံ တည်ဆောက်ပြီး ဓာတ်အားလိုင်း သွယ်ထားတယ်။

ကျေးဇူးတင်ပါတယ်။

7 Day News
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )