ချယ်လ်ဆီး အသင်း၏ ခမ်းနားသော အိမ်အပြန်လမ်းကို လန်ဒန်ရှိ ပရိသတ်များက တက်တက်ကြွကြွ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ပရီးမီးယားလိဂ်တွင် အဆင့်(၆)ဖြင့်သာ ရာသီ သိမ်းနိုင်ခဲ့သော အသင်းသည် FAဖလားနှင့် ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးရယူကာ အသင်း၏ သမိုင်းတစ်လျှောက် အောင်မြင်မှု အကြီးမားဆုံး နှစ်တစ်ခုကို ဖြတ်သန်း နိုင်ခဲ့သည်။ ယာယီ မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုသည် ချယ်လ်ဆီး မန်နေဂျာ အဆက်ဆက် မရ ယူနိုင်ခဲ့သော ချန်ပီယံလိဂ် ဆုဖလားကို ဂျာမန်မြေတွင် အရယူခဲ့သည့်နောက် ချယ်လ်ဆီး၏ အပြန်လမ်းသည် လှပနေခဲ့သည်။ တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာက အမိုးဖွင့် ကားကြီးပေါ်တွင် ပရိသတ်များထံ အနမ်းဖြင့် နှုတ်ဆက်ဟန် ပြုလုပ်ပြရာ ပရိသတ်များက သဘောကျစွာ လက်ခုပ် တီးခဲ့ကြသည်။

လန်ဒန်မြို့တွင် အောင်ပွဲခံနေသည့် ချယ်လ်ဆီး အသင်းသားများ
ပင်နယ်တီ အဆုံးအဖြတ်၏ နောက်ဆုံး ကန်ချက်ကို သွေးအေး တိကျစွာ သွင်းယူသွားသော အိုင်ဗရီကို့စ် လက်ရွေးစင်က "တစ်ပွဲလုံး ကျွန်တော်တို့ ကြိုးစား ရုန်းကန် ခဲ့ရတာပါ။ ကျွန်တော်က ဒီဆုဖလား အတွက် (၈)နှစ် စောင့်ခဲ့ရပါတယ်။ အသင်းက တခြား ကစားသမားတွေက ဒီထက်တောင် ကြာသေးတယ်။ နောက်ပြီး တချို့ကတော့ ကံကောင်းတယ်။ အသင်းကို ရောက်လာပြီး ပထမဆုံး ရာသီမှာတင် ချန်ပီယံလိဂ် ဆုဖလားကို ရခဲ့ပြီ" ဟု ပြောဆိုသွားသည်။ ချယ်လ်ဆီးသည် ဘိုင်ယန် အသင်း၏ Allianz ကွင်းကြီးတွင် အိမ်ရှင်၏ ဖိအားပေးမှုကို တည်တည်ငြိမ်ငြိမ် တုံ့ပြန်ခဲ့သည့်နောက် လန်ဒန်မြို့၏ ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားပိုင်ရှင် အသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။
ချယ်လ်ဆီး ပရိသတ်များသည် ရှည်လျား ကြာညောင်းသော အောင်ပွဲခံ အခမ်းအနားတွင် အသင်းနှင့်အတူ တပျော်တပါး မမောနိုင် မပန်းနိုင် ဆင်နွှဲခဲ့ကြသည်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် အသင်း၏ ဘတ်စ်ကားပေါ် လိုကပါလာရင်း ပရိသတ်များကို ငုံ့ကြည့်ကာ အံ့ဩ၀မ်းသာနေဟန် ရှိသည်။ အသင်းမှ ထွက်ခွာမည်ဟု သတင်းကြီးနေသော ဒရော့ဂ်ဘာအား ပရိသတ်များက အသင်းတွင် ဆက်နေရန် ပန်ကြားကြသည်။ "ငါတို့ မင်းကို ချစ်တယ်။ မင်းကို အသင်းမှာ ဆက်နေစေချင်တယ်" ဟု အော်ဟစ်ကြသည်။ ပွဲပယ် ခံရသဖြင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပါဝင် ကစားခွင့် မရသူ အသင်းခေါင်းဆောင် ဂျွန်တယ်ရီက "ကျွန်တော်တို့ အတွက် အကြာကြီးနေမှ ဒီအောင်မြင်မှုကို ရလာခဲ့တာပါ။ ကျွန်တော်တို့ အနီးစပ်ဆုံး အနေအထားထိ ခဏခဏ ရောက်ခဲ့တယ်။ ဒါပေမဲ့ လွဲချော်ခဲ့တယ်။ ခုတော့ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပြီလေ" ဟု Sky Sports သို့ ပြောကြားသွားသည်။

လန်ဒန်မြို့တွင် အောင်ပွဲခံနေသည့် ချယ်လ်ဆီး အသင်းသားများ
ပရိသတ်များသည် ချယ်လ်ဆီး၏ အပြာရောင် ဂျာစီများ၊ အနက်ရောင် ထရက်ဆုများကို ၀တ်ဆင် လာခဲ့ကြသည်။ ချယ်လ်ဆီးသည် အသင်း၏ သမိုင်းတစ်လျှောက် မေ့မရနိုင်သော ကာလ တစ်ခုကို ဖန်တီး ပေးခဲ့သူ ဒီမက်တီယိုကို အမြဲတမ်း မန်နေဂျာ ခန့်အပ်ရန် အင်တင်တင် ရှိနေဆဲ ဖြစ်သည်။ ပရိသတ်များကမူ အီတလီသားအား လာမည့်ရာသီ ချယ်လ်ဆီးကို ဦးဆောင်စေလိုကြောင်း လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြသည်။ လန်ဒန်ရှိ နာမည်ကျော် မြင်းဖြူ အရက်ဘားတွင် "ဒီမက်တီယိုဆိုတာ တစ်ယောက်ပဲရှိတယ်" ဟု ရေးသားကာ ၎င်းတို့၏ ကျေးဇူးတင်မှုအား ပရိသတ်များက ပြသခဲ့သည်။ ချယ်လ်ဆီးသည် လာမည့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဆုဖလား ကာကွယ်သူ အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရသွားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား စတုတ္ထနေရာမှ တော့တင်ဟမ် ဟော့စပါးမှာမူ ခဲလေသမျှ သဲရေ ကျသွားခဲ့ရသည်။
Ref: Daily Mail
ကျွန်တော်တို့အတွက် အကြာကြီးနေမှ ဒီအောင်မြင်မှုကို ရလာခဲ့တာပါ။ ကျွန်တော်တို့ အနီးစပ်ဆုံး အနေအထားထိ ခဏခဏ ရောက်ခဲ့တယ်။ ဒါပေမဲ့ လွဲချော်ခဲ့တယ်။ ခုတော့ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပြီလေ...



6:27 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com