‘ပ’အက္ခရာနောက်ပိုင်း နံပါတ် အနီကားများ(တက္ကစီနှင့် အခြားစင်းလုံးငှားကားများ အပါအ၀င်) အားလုံးကို တက္ကစီပြုလုပ်လိုပါက အပ်နှံကာ ပြည်ပမှ ကားသစ်တင်သွင်းခွင့်ပြုသွားရန် စီစဉ်လျှက်ရှိကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
နံပါတ်အနီတက္ကစီ၊ နံပါတ်အနီ စင်းလုံးငှားကားများအားလုံး တက္ကစီအဖြစ် ပြုလုပ်မည်ဆိုပါက အပ်နှံကာ ပြည်ပမှ ကားတင်သွင်းပြီး တက္ကစီအဖြစ် ပြုလုပ်နိုင်ကြောင်း၊ ထိုသို့ ပြည်ပမှတင်သွင်းပြီး တက္ကစီပြုလုပ်မည့်သူများအား လုပ်သာကိုင်သာ ရှိစေရန် အခွန်လျှော့ပေါ့ပေးသွားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။
လတ်တလောတွင် ကညနမှ မှတ်ပုံတင်ကြေး၊ Customs Duty ၊ ကုန်သွယ်လုပ်ငန်းခွန် စသည်ဖြင့် ကားတင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိရာ အဆိုပါ အခွန်များထဲမှ မည်သည့်အခွန်ကို မည်သို့လျှော့ချမည် ဆိုခြင်းကို တိကျစွာ မသတ်မှတ်ရသေးသော်လည်း အိမ်စီးကားများ တင်သွင်းခြင်းနည်းတူ ကောက်ခံမည် မဟုတ်ကြောင်း၊ အခွန်လျှော့ပေါ့ခွင့် တစ်ရပ်ရပ် အနည်းဆုံးရရှိမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိစီစဉ်ထားတဲ့ အစီအစဉ်အရဆိုရင် စည်းကမ်းချက်တွေက ‘ပ’ အက္ခရာ နောက်ပိုင်းကားတွေ အတွက်ဆိုရင် ၂၀၀၇ မော်ဒယ်အထက်၊ ဘယ်မောင်းဖြစ်ရမယ်၊ အရောင်တစ်ရောင် သတ်မှတ်ပေးထားပြီး အဲဒီအရောင် အတိုင်းသွင်းရမယ်။ အဲဒီအတွက်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အားလုံးနဲ့ ညှိနှိုင်းသွားမယ်။
“အခုစီစဉ်ထားတာက ‘ပ’အက္ခရာအထိ အပ်တာလက်ခံထားတဲ့ အစီအစဉ်အရ အဲဒီအစီအစဉ်ထဲမှာ ပါသွားတဲ့ တက္ကစီတွေ၊ စင်းလုံးငှား နံပါတ်အနီကားတွေကတော့ ပထမ စီစဉ်ထားတဲ့အတိုင်း အပ်ပြီးကြိုက်တာပြန်သွင်း၊ တက္ကစီလုပ်ချင်လည်း လုပ်ပေါ့။ ‘ပ’ အက္ခရာနောက်ပိုင်း ကျရင် နံပါတ်အနီနဲ့ မှတ်ပုံတင်ထားတဲ့ ကားတွေထဲက တက္ကစီအပြင် နံပါတ်အနီနဲ့ စင်းလုံးငှားနေတဲ့ ကားတွေအားလုံးပါမယ်။ ဥပမာ-မီနီဘတ်စ်တွေ နံပါတ်အနီနဲ့ Tour ကား လုပ်နေတာတွေ ရှိတယ်။ အဲဒီအဆင့်အထိ အကုန်ပါမယ်။ အဲဒီလို သတ်မှတ်ချက်ထဲမှာပါတဲ့ နံပါတ်အနီတွေကို တက္ကစီအဖြစ် ပြန်သွင်းချင်ရင် လက်ခံဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
အခွန်လျှော့ပေါ့ပေးရခြင်း အဓိက အကြောင်းရင်းမှာ တင်သွင်းရာတွင် ကားကောင်းများ၊ မော်ဒယ်မြင့်ကားများ တင်သွင်းနိုင်ရန်၊ နိုင်ငံတကာရှိ အငှားယာဉ်လုပ်ငန်းများကဲ့သို့ သတ်သတ်မှတ်မှတ်ဖြင့် စနစ်ကျသည့် အငှားယာဉ်လုပ်ငန်းမျိုးပေါ် ပေါက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
“အခု တက္ကစီနဲ့ စင်းလုံးငှားနံပါတ်အနီ ကားဟောင်းတွေ လက်ဝယ်မှာရှိတဲ့သူတွေ အနေနဲ့ ဥပမာ-တစ်ယောက်က သုံးလေးစီး၊ တစ်ယောက်က ၁၀ စီး အဲဒီလိုရှိတာတွေကို စုစည်းပြီး အငှားယာဉ်လုပ်ငန်း ထောင်တာတို့၊ ကုမ္ပဏီဖွဲ့တာတို့လည်း လုပ်နိုင်တယ်။ အခုစီစဉ်ထားတာက နိုင်ငံတကာလို အငှားယာဉ်လုပ်ငန်း သတ်သတ်မှတ်မှတ် ပေါ်လာအောင် လုပ်တာပါ။ အခွန်လျှော့ချပေးဖို့ အစီအစဉ်ရှိတယ် ဆိုတာကလည်း လုပ်ကိုင်မယ့်သူတွေ မော်ဒယ်မြင့်ကားတွေ တင်သွင်းလုပ်ကိုင်နိုင်အောင် ရည်ရွယ်တာပါ။ နိုင်ငံတကာမှာလို အဲယားကွန်းကောင်းတဲ့ ကားမျိုးသွင်းနိုင်အောင် ရည်ရွယ်ထားတယ်။ လက်ရှိစီစဉ်ထားတဲ့ အစီအစဉ်အရဆိုရင် စည်းကမ်းချက်တွေက ‘ပ’ အက္ခရာ နောက်ပိုင်းကားတွေအတွက်ဆိုရင် ၂၀၀၇ မော်ဒယ်အထက်၊ ဘယ်မောင်း ဖြစ်ရမယ်၊ အရောင်တစ်ရောင် သတ်မှတ်ပေးထားပြီး အဲဒီအရောင် အတိုင်းသွင်းရမယ်။ အဲဒီအတွက်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အားလုံးနဲ့ ညှိနှိုင်းသွားမယ်။ ဥပမာ- တစ်နိုင်ငံလုံး တစ်ရောင်ထဲဖြစ်ချင် ဖြစ်မယ်၊ တိုင်းဒေသကြီးနဲ့ပြည်နယ် အလိုက်တစ်ရောင်စီ ဖြစ်ချင်ဖြစ်မယ်။ နောက်ရောင်းစားတာတို့ အိမ်စီးကား လုပ်တာတို့လုပ်လို့မရအောင် အငှားယာဉ်အဖြစ်ပဲ မှတ်ပုံတင်ရမယ့်အပြင် နံပါတ်ကိုလည်း အခြားနံပါတ်တွေ နဲ့ကွဲပြားခြားနားအောင်ပေးမယ်။ ဒါမှ ဒီနံပါတ်မြင်တာနဲ့ အိမ်စီးကား အဖြစ်ရောင်းလည်း ဘယ်သူမှဝယ်ပြီး အိမ်စီးကား မလုပ်နိုင်တော့ဘူး။ အဲဒီလို နိုင်ငံတကာမှာလို ကားလည်း ကောင်းမယ်၊ စနစ်ကျတဲ့ အငှားယာဉ် လုပ်ငန်းလည်းပေါ်လာဖို့အတွက်ဆို အခွန်ကလည်းလျော့မှ ဖြစ်မှာလေ။ အဲဒီအတွက် ဘယ်အခွန်ကို လျှော့ချပေးမယ် မသိသေးပေမယ့် အခွန်ကတော့ အိမ်စီးကား၊ ဇိမ်ခံကားနဲ့တန်း တူမကောက်ပဲ လျှော့ချပေးမယ့် အစီအစဉ်ရှိတာပါ”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။
“နိုင်ငံခြားမှာဆို ဟိုတယ်မှာ တည်းတယ်ဆိုရင် အဲဒီဟိုတယ်က အငှားယာဉ်လုပ်ငန်းပါ ချိတ်ဆက်ပြီးသား။ တစ်ကယ်လို့ တက္ကစီပေါ် ပစ္စည်းပါသွားရင်တောင် နံပါတ်လည်း သိတယ်၊ အငှားယာဉ်လုပ်ငန်းကလည်း သတ်သတ်မှတ်မှတ်ဖြစ်လို့ အဲဒီအငှားယာဉ်ကပြန်လာပေးတယ်။ ကားကောင်းတယ်၊ အဲယားကွန်းနဲ့ စီးရတယ်။ ဈေးကလည်း သတ်သတ်မှတ်မှတ် ရှိတာများပါတယ်။ အဲဒီလို ပေါ်လာဖို့ဆိုရင် ဒီမှာလဲကိုယ့်အစုနဲ့ကိုယ် အငှားယာဉ်လုပ်ငန်း၊ အငှားယာဉ်ကုမ္ပဏီတွေထောင်ပြီး အငှားယာဉ်အသင်းလို အသင်းတစ်သင်း ဖွဲ့ပြီးလုပ်ရင် ပိုစနစ်ကျလာမှာပါ။ အဲဒီလိုလုပ်ဖို့အတွက် စလို့ရနေပြီ။ ကားကောင်းကောင်းသွင်းရမှာဖြစ်လို့ အခွန်ကတော့ တတ်နိုင်သလောက် လျှော့ချပေးဖို့လိုတယ်။ အခုခွင့်ပြု ပေးတာလည်း ကောင်းတဲ့အစီအစဉ် ဖြစ်လို့ပိုကောင်းစေချင်ပါတယ်။ မတတ်နိုင်လို့ဆိုတဲ့ အဖြစ်မျိုးမရှိအောင် ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ကား Sale Center တွေက အရစ်ကျနဲ့ရောင်းပေးတာတို့လည်း လုပ်သင့်ပါတယ်”ဟု ကားလုပ်ငန်းရှင် တစ်ဦးကလည်း ပြောပြခဲ့ပါသည်။
Ref : Eleven
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com