မိမိ အသင်းမှ ကစားသမားကို ပြန်လည် တိုက်ခိုက်မှုကြောင့် ဖီအိုရင်တီးနား နည်းပြ ရာထူးမှ ထုတ်ပယ် ခံခဲ့ရသည့် ဒယ်လီယို ရော့စီသည် အီတလီ စီးရီးအေက ချမှတ်သည့် (၃)လပွဲပယ် ပြစ်ဒဏ်ကိုလည်း ခံယူ ခဲ့ရသည်။
ဗုဒ္ဓဟူးနေ့က နိုဗာရာနှင့် (၂)ဂိုးစီ သရေကျသော ပွဲစဉ်တွင် အသက်(၅၁)နှစ်ရှိ ရော့စီက ဖီအိုရင်တီးနား တိုက်စစ် ကစားသမား အဒမ်ဂျာဂျစ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဂျာဂျစ်သည် (၃၂)မိနစ်သာ ကစားရပြီး ရော့စီ၏ လူစားလဲမှုကို ခံခဲ့ရသည့်နောက် မကျေနပ်ဟန်ဖြင့် အရွဲ့တိုက် လက်ခုပ်တီးပြခဲ့သည်။ ရော့စီသည် ဂျာဂျစ် ကွင်းပြင်ရောက်ပြီး အရန်ခုံတွင် ပြန်ထိုင်သည်အထိ စောင့်နေပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စနောက်ပိုင်း ဖီအိုရင်တီးနားက ရော့စီကို ရာထူးမှ ထုတ်ပယ်ခဲ့သလို ဂျာဂျစ်ကိုလည်း ၎င်း၏ အပြုအမူအတွက် ထိုက်သင့်သော ပြစ်ဒဏ်တစ်ခု ချမှတ်မည်ဟု ကြေညာခဲ့သည်။
ယခုအခါ အီတလီ ဘောလုံး အဖွဲ့ချုပ် လက်အောက်ခံ စီးရီးအေ ကော်မတီက “ရုပ်မြင်သံကြား ပုံရိပ်တွေက ဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်း တင်ထားပါတယ်။ ဒါဟာ အကြမ်းဖက်မှု ဆန်ဆန် လုပ်ရပ်ပါပဲ။ ဘယ်သူမှ မျှော်လင့် မထားတဲ့ အပြုအမူမျိုးပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုကြောင့် သတိလွတ်သွားတယ် ဆိုတာထက် ပိုပါတယ်”ဟု ပြစ်ဒဏ်ကို ကြေညာအပြီးတွင် ထည့်သွင်း ပြောဆိုသွားသည်။ ရော့စီသည် အဆိုပါကိစ္စအပြီး မည်သည့် မီဒီယာကိုမျှ စကားမပြောသေးချေ။ ဖီအိုရင်တီးနားသည် လတ်တလောတွင် မန်နေဂျာ ဗင်းဆင့်ဇို ဂွာရီနီကို အသင်း၏ နည်းပြအဖြစ် ယာယီ ခန့်အပ်ခဲ့ရသည်။
ရုပ်မြင်သံကြား ပုံရိပ်တွေက ဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပါတယ်။ ဒါဟာ အကြမ်းဖက်မှုဆန်ဆန် လုပ်ရပ်ပါပဲ။ ဘယ်သူမှ မျှော်လင့် မထားတဲ့ အပြုအမူမျိုးပါ...
နိုဝင်ဘာလကမှ ဖီအိုရင်တီးနားသို့ ပြောင်းရွှေ့လာသည့် ပါလာမို နည်းပြဟောင်း ရော့စီသည် ဗီအိုလာကွင်းကြီးတွင် အောင်မြင်ရန်လည်း ရုန်းကန်နေရသည်။ ဖီအိုရင်တီးနားသည် နောက်ဆုံး ကစားသည့် (၁၁)ပွဲတွင် (၃)ပွဲသာ အနိုင်ရထားခဲ့ပြီး တန်းဆင်းဇုန်အထက် (၆)မှတ်အသာမှသာ ရပ်တည်နေသည်။ ပါလာမို ဥက္ကဋ္ဌ မော်ရစ်ဇီယို ဇမ်ပါရီနီက “ရော့စီက ဒီလိုတုံ့ပြန်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး။ လက်ရှိကာလတွေဟာ သူ့အတွက် ခက်ခဲနေမယ်ဆိုတာ နားလည်ပါတယ်။ အထူးသဖြင့် သူဘာလုပ်ခဲ့မိတယ် ဆိုတာကို TV မှာ ပြန်ကြည့်ရင် သူယူကျုံးမရ ဖြစ်နေမှာပါ။ သူ့အနေနဲ့ ကိုယ်လုပ်ခဲ့တဲ့ အမှားကနေ သင်ယူနိုင်မယ် ထင်ပါတယ်” ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com