သုဝဏ္ဏကွင်းတွင် ကမ္ဘောဇ အသင်းက နောက်ကျမိနစ် ချေပဂိုး သွင်းယူခဲ့ချိန်တွင် ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် အဲရစ်ဝီလျံနှင့် ဂိုးနည်းပြ ဦးစိုင်းမောင်မောင်ဦးတို့ ကွင်းအတွင်း အချင်းများခဲ့ကြောင်း သိရသည်။
ကမ္ဘောဇ အသင်း၏ ချေပဂိုးနှင့် ပတ်သက်၍ အဲရစ်ဝီလျံက ဂိုးသမား အားနည်းချက်အား ထောက်ပြခဲ့ရာ ဂိုးနည်းပြ ဖြစ်သူက နောက်ခံလူများ လူကပ်ထားခြင်း မရှိသည်အား ပြန်လည် ထောက်ပြခဲ့ကာ အချင်းချင်း ပြဿနာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အဲရစ်ဝီလျံအား မေးမြန်းခဲ့ရာ "ဒုတိယဂိုး ၀င်သွားတော့ ကျွန်တော်က ဒီဂိုးဟာ ဂိုးသမား အမှားကြောင့်လို့ အပြစ်တင်တယ်။ ဒါကို သူက ဂိုးသမားမမှားဘူး။ ခင်ဗျား နောက်ခံလူတွေ မှားတာ၊ သူတို့ သေချာ လူမကပ်တာကြောင့်လို့ အပြင်းအထန် ပြန်ငြင်းတယ်။ ကျွန်တော်က ဒေါသထွက်ပြီး ခင်ဗျား ဂိုးသမားမှားတာ၊ ပြစ်ဒဏ်ဘော ကန်တင်ချိန်မှာ သူဘာလို့ ရှေ့ထွက်မပုတ်ဘဲ လိုင်းပေါ်မှာ ရပ်နေရတာလဲ ဆိုပြီး ပြန်အော်လိုက်တယ်။ အဲဒီမှာ သူက ကျွန်တော့်ကို ရင်ဘတ်ချင်း လာတိုက်ပြီး ရန်လိုတဲ့ အမူအရာနဲ့ စိန်ခေါ်လာလို့ သူ့လည်ပင်းကို ကိုင်ပြီး ဆောင့်တွန်းလိုက်တယ်" ဟု ပြန်လည် ပြောကြားခဲ့သည်။
ထို့အတူ ၎င်း၏ လုပ်ရပ်သည် မှားယွင်းခဲ့သည် ဟုလည်း ၀န်ခံခဲ့ကာ "ကျွန်တော် မှားမှန်း သိပါတယ်။ နည်းပြချုပ် တစ်ယောက် အနေနဲ့ ဒီလို မဖြစ်သင့်ဘူးလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသင်း အုပ်ချုပ်ရေး အဖွဲ့နဲ့လည်း တွေ့ပြီးပါပြီ" ဟု ဆိုခဲ့သည်။ အဲရစ်ဝီလျံသည် ဂိုးသမားများနှင့် ပတ်သက်၍ မကြာခဏ ဝေဖန်ခဲ့ဖူးသည့် အပြင် ဂိုးသမားသစ် တစ်ဦး ခေါ်ယူရန်လည်း တောက်လျှောက် ကြိုးပမ်း နေခဲ့သူ ဖြစ်သည်။ ကမ္ဘောဇနှင့် ပွဲစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ဇေယျာထွန်းအား ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့ခြင်း မရှိသော်လည်း နေရာယူမှု အားနည်းခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
ရန်ကုန် ယူနိုက်တက် အသင်းသည် အဆိုပါ ပွဲစဉ်တွင် ပထမပိုင်း သွင်းဂိုး နှစ်ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးများ ပြန်ပေးခဲ့ရကာ အဖိုးတန် ရမှတ် (၂)မှတ်အား လက်လွှတ် ခဲ့ရသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com