မေလ ၄ ရက်၊ ၂၀၁၂ခုနှစ်-ကျော်စိုးလင်း (YPI)
မီဒီယာအသီးသီးရှိ သတင်းဖေါ်ပြချက်များတွင် လူ့အခွင့်အရေး အမှန်တကယ် ချိုးဖောက်ခံရကြောင်း ခိုင်လုံစွာ ဖေါ်ပြထားပါက ယင်းသတင်းပါကိစ္စများနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မရှင်၏ အတွင်းရေးမှူး ဦးစစ်မြိုင်ကပြောသည်။
၎င်းက ကော်မရှင်၏ သဘောထားကို ဥပမာပေး ရှင်းပြရာတွင် “ စ သုံးလုံးတိုက်ပေါ်က ပြုတ်ကျတဲ့အမှုဆိုပါတော့။ ပြုတ်ကျတာက စိတ်ဝင်စားဖို့ကောင်းတယ်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာမျိုး အန်ကယ်တို့ဆီကို တိုင်စာလည်းရောက်မလာဘူး။ သတင်းလည်း ရောက်မလာဘူး။ ကာယကံရှင်လည်း လာမတိုင်ဘူး။ တကယ်လို့ သတင်းမှာကိုက အကြမ်းဖက်လိုက်လို့၊ ဘာလို့ဆိုရင်တော့ အန်ကယ်တို့ဝင်မှာပေါ့။ မီဒီယာတွေမှာ လူ့အခွင့်အရေးချိုးဖောက်ကြောင်း ခိုင်လုံတဲ့သတင်းပါရင် လုပ်လို့ရတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်
ဆက်လက်ပြီး အတွင်းရေးမှူးက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားလိုပါက ကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးတို့ထံသို့ လိပ်မူပြီး အဖြစ်အပျက်မှန်၊ အထောက်အထားအမှန်၊ မှတ်ပုံတင်မိတ္တူတို့ဖြင့် စာတိုက်မှ မှတ်ပုံတင်စာဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ လာရောက်တိုင်ကြားနိုင်ကြောင်း၊ ကာယကံရှင် ကိုယ်တိုင်မဟုတ်သော်လည်း ကာယကံရှင်မှ လွှဲအပ်ထားသူတစ်ဦးဦးမှလည်း လာရောက်တိုင်ကြားနိုင်ကြောင်း YPI သို့ပြောသည်။
သို့သော် ထိုသို့တိုင်ကြားသည့် ကိစ္စရပ်များအနက် တရားရုံးတွင် စစ်ဆေးလျက်ရှိသော ကိစ္စရပ်များကို ကော်မရှင်မှ ၀င်ရောက်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမောင်မောင်လေးက “ တကယ်တော့ တိုင်ကြားထားတဲ့ကိစ္စ၊ စစ်ဆေးနေတဲ့ကိစ္စကို အရေးမယူဘူးဆိုတာ လူ့အခွင့်အရေး ကြေငြာစာတမ်းက အပိုဒ် ၇ ပိုဒ်လောက်ကို ဖယ်လိုက်သလိုပဲ။ လူတိုင်းက ဥပဒေရဲ့အဆုံးအဖြတ်ကို ညီတူညီမျှ ခံယူခွင့်ရှိရမယ်။ မဟုတ်ရင် အမှန်တရားက ပျောက်ကွယ်သွားနိုင်တယ်” ဟုပြောသည်။

၎ ရက်ကြာ စစ်ဆေးခံရသည့်နောက် စသုံးလုံး ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မနန်းဝိုးဖန်း၊ ယင်းသို့ စစ်ဆေးခံရမှုသည် လူ့အခွင့်အရေး ချိုးဖေါက်မှု တရပ်အဖြစ် အချို့ကရှုမြင်လျှက်ရှိကြသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ်စက်တင်ဘာလတွင် သမ္မတအမိန့်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။
စတင်ဖွဲ့စည်းချိန်မှ ယခုအထိ တိုင်ကြားစာပေါင်း ၂၀၉၄ မှုလက်ခံရရှိကာ ၁၃၂၂ မှုကို စိစစ်ပြီးဖြစ်သည်ဟု ကော်မရှင်၏ ပြောဆိုချက်အရ သိရှိရသည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်ပတ်သက်၍ အစိုးရနှင့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းမဟုတ် ဆိုသည့် ဝေဖန်ချက်များ ရှိနေသည့်တိုင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း များစွာအတွင်း ပထမဆုံး ပေါ်ထွက်လာသည့် အမျိုးသား လူ့အခွင့်အရေးကော်မရှင် တရပ်ဖြစ်သည်။ ။
Yangon Press International

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com