22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 17, 2012

မြန်မာအစိုးရ၀န်ကြီးအဖွဲ့တွင်း အပြောင်းအလဲ မကြာခင် မြင်ရတော့မည်


မြန်မာနိုင်ငံမှာ ဒုတိယသမ္မတအဖြစ် ရေတပ်ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို လွှတ်တော်ကနေ အတည်ပြု ခန့်အပ် လိုက်ပြီဖြစ်တာမို့ မြန်မာနိုင်ငံ အစိုးရအဖွဲ့အတွင်း သတင်းဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ ခန့်အပ်မှုတွေ ဆက်တိုက် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်နေတဲ့ အခုလို ပြုပြင် ပြောင်းလဲမှုတွေကို စီစဉ်ထားပြီးဖြစ်တဲ့အကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ စဉ် ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ဦးသန်းလွင်ထွန်းနဲ့ နိုင်ငံတော်သမ္မတကြီးတို့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း တစိတ်တဒေသကို တင်ပြပေးထားပါတယ်။

မေး။ ။ သမ္မတကြီးအနေနဲ့ နိုင်ငံတော်ရဲ့ အထွေထွေ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာ သမ္မတကြီးရဲ့ မိန့်ခွန်းတစ်ခုမှာ ကျနော်တို့ သတိထားမိလိုက်တဲ့ အချက်လေးတစ်ခု ရှိပါတယ်။

ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်နဲ့ဆက်သွားမယ်၊ ပြုပြင်ပြောင်းလဲရေးကို မလိုက်ချင်တဲ့ သူတွေ ကို နောက်ချန်ထားခဲ့ရမယ် ဆိုတဲ့ အချက်လေးကိုပါ။ အဲဒီတော့ ဒီအချက်ကို ကြည့်လိုက်တယ် ဆိုလို့ ရှိရင် သမ္မတကြီးတို့ရဲ့ အစိုးရအဖွဲ့ အသိုင်းအဝိုင်းအတွင်းပိုင်းမှာလည်း ဒီလို ပြုပြင်ပြောင်းလဲရေးကို မလိုက်ချင်တဲ့ သူတွေ ရှိနေသလားဆိုပြီးတော့ တွေးစရာပေါ်လာပါတယ်။ ဒီအချက်ကလေးကို နည်းနည်းလောက် ရှင်းပြပါလား။

ဖြေ။ ။ ဒီကိစ္စကတော့ ဒီလိုပါ။ ပြုပြင်ပြောင်းလဲရေးတွေက မြန်မြန်ဆန်ဆန်နဲ့ လုပ်နေရတဲ့ ကိစ္စမျိုး ဖြစ် ပါတယ်။ သိပ်ပြီးတော့ နှေးကွေးသွားရင် တွေ့ကြုံရမယ့် အခက်အခဲတွေ၊ အကျပ်အတည်းတွေ- ဒါတွေက အများကြီး ရှိပါတယ်။ အခု ဒါလောက်များများ သွားတာတောင်မှ အခက်အခဲတွေ အများကြီး ကျနော်တို့ တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ မြန်မြန်ဆန်ဆန်နဲ့ ကျနော်တို့ ကူးပြောင်းချင် တယ်။ မြန်မြန်ဆန်ဆန်နဲ့ ကူးပြောင်းတဲ့အခါမှာ တချို့က နှေးနှေးကွေးကွေးနဲ့ လိုက်နေတာတွေ ရှိပါတယ်။ ဆန့်ကျင်တာတော့လည်း မဟုတ်ဘူး။ သို့သော်လည်း ခရီးမတွင်ဘူးပေါ့။ ဒီလို ခရီး မတွင်တဲ့လူတွေ ကျနော်တို့ အစိုးရအဖွဲ့ထဲမှာလည်း ရှိပါတယ်။ လွှတ်တော်ထဲမှာလည်း ရှိပါတယ်။

ဒီလူတွေကတော့ သူတို့ကို ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်၊ ဒီလို လေးလေးပင်ပင်နဲ့ လုပ်နေ တဲ့သူတွေ ကတော့ နောက်ချန်ထားခဲ့ရမှာပဲ၊ ဒါလည်း ကျနော်တို့ လုပ်ရမယ့် ကိစ္စပါ။ ကျနော်ကတော့ ကိုယ့်အစိုးရ အတွင်းမှာတော့ ကျနော် လုပ်ပိုင်ခွင့် ရှိတာပေါ့လေ။ လွှတ်တော်ကျတော့ ကျနော်က လုပ်ပိုင်ခွင့် မရှိဘူး။ အစိုးရအဖွဲ့အတွင်းမှာ ဒီလို ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါတွေကိုတော့ တဖြည်းဖြည်း ချန်ထားခဲ့မယ် ဆိုပြီးတော့ အတိအလင်းလည်း သူတို့ကို ကျနော် ပြောထားတာ ဖြစ်ပါ တယ်။

မေး။ ။ အဲဒါကြောင့်မို့လို့ပဲ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ဒုတိယဝန်ကြီး အပြောင်းအလဲတွေ လုပ် တယ်၊ ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာပဲ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပါတယ်။ ဒါ့အပြင် ဒုတိယ သမ္မတ ခန့်အပ်မှုကိစ္စဆိုတဲ့ အကြောင်းလေးတွေလည်း ရှိနေတော့ သတင်းသာ ကြားနေရတယ်၊ ချက်ချင်း ထွက်ပေါ် မလာနိုင်သေးတဲ့ ကိစ္စကရော ဘာကြောင့်များ နှောင့်နှေးနေခဲ့ပါသလဲ။

ဖြေ။ ။ ကျနော်တို့က အချိန်လည်း တွက်ရ၊ ပြုရ၊ စောင့်ရပါတယ်။ ပထမတော့ လွှတ်တော် ကျင်းပမယ့် အချိန်ပေါ့။ တခါ ဒု-သမ္မတ တစ်ယောက်ကလည်း ထွက်သွားပြန်တော့ ဒု-သမ္မတအစား တစ်ယောက် ကို ရွေးဖို့အတွက် - ကျနော်တို့က ဘယ်သူ့ကို ခန့်ပေးပါဆိုပြီးတော့ ဒီလို ပြောလို့ မရပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် အစုအဖွဲ့ကနေ သူတို့ ကြိုက်နှစ်သက်သူ တစ်ယောက် ရွေးရမှာ ဖြစ် ပါတယ်။

သူတို့ရွေးပေးပြီး တင်လိုက်တယ်၊ သို့သော် တစ်ယောက်က တချို့အချက်အလက်လေး နည်းနည်း ငြိစွန်းနေတဲ့အတွက် ဒီတစ်ယောက်ကို သူတို့ ပယ်လိုက်ပါတယ်။ အခု ဒါက ဒုတိယ တစ်ယောက်ပေါ့လေ။

ဒု-သမ္မတ ထိပ်စည်းကနေ ထွက်လာတာနဲ့အမျှ ကျန်တဲ့အပိုင်းတွေမှာလည်း ပြုပြင်စရာတွေ၊ ပြောင်း လဲ စရာတွေ ရှိပါတယ်။ ဒါတွေလည်း ကျနော် ထင်ပါတယ်၊ ဆက်တိုက် ဆက်ပြီး လုပ်သွားဖို့ ရှိလာ မှာပါ။

ဦးသန်းလွင်ထွန်းနဲ့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်တို့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို အပိုင်းလိုက် ခွဲပြီး ဗွီအိုအေကနေ ဆက်လက်တင်ပြပေးသွားဖို့ရှိပါတယ်။

ဦးသန်းလွင်ထွန်း (ဗွီအိုအေ - မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )