22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 19, 2011

ဘုရားသခင်နှင့်အတူသွားလာခြင်း အကျိုးကျေးဇူး

မြန်မာစကားပုံတစ်ခုရှိသည်။ ၄င်းမှာ " အကြောင်းကြောင်းကြောင့် အကျိုးဖြစ်လာသည် " ဟူသော စကားဖြစ် သည်။ ယခု ကျွန်ုပ်တို့ခံစားရရှိသည့် အကျိုးရလဒ်ဖြစ်သည့် ဆိုးခြင်း၊ ကောင်းခြင်းအားလုံးသည်
ရှေးဘိုးဘေးများ၏ အသက်ရှင်မှု အကြောင်းရင်းကြောင့် ဖြစ်၏ ။ နောင်လာနောက်သားများ ခံစားရမည့် အကျိုးရလဒ်များသည်လည်း ယခုကျွန်ုပ်တို့အပေါ်၌ မူတည်ပါ၏ ။ ဤလောကသည် " အဆိုးနှင့်အကောင်း၊ အကျိုးနှင့်အကြောင်း "များသည်လည်း အမြဲဒွန်တွဲ လျက်ရှိနေပါ၏။ သင်ကိုယ်တိုင်နှင့်နောင်လာနောက်
သားများသည်လည်း မည်သည့်အကျိုးကျေးဇူးကို ခံစားလိုပါသနည်း? ယနေ့သင့်အပေါ်မှာမူတည်ပါ၏ ။
ထို့ကြောင့် ဘုရားသခင်နှင့်အတူသွားလာခြင်းအားဖြင့် ကျွန်ုပ်တို့နှင့် အတူနောင်လာနောက်သား
များအတွက်ပါ ကောင်းကျိုးဖြစ်စေဖို့ရန် သမ္မာကျမ်းစာထဲမှ ပုဂ်ဂိုလ် (၃) ဦးအားဖြင့် ဖော်ပြပေးလိုပါ၏ ။
(၁) ဘုရားနှင့်အတူသွားလာသောနောဧ ( က ၆း ၉ ) 
" .....နောဧသည် ဘုရားသခင်နှင့်အတူ သွားလာ၏ ....... "
(a) အများနှင့်မတူသောသူ
နောဧခေတ်ကာလ၌ ဘုရားသခင်ကို ကိုးကွယ်သောသူ ရှိကြပါ၏ ။ သို့သော် ဘုရားသခင်နှင့်အတူသွားလာ
ခြင်းထက်။ မိမိတပ်မက်ခြင်းထဲ၌သာ သွားလာကြ၏ ။ ( က ၆း ၂ ) ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သော
သူဖြစ်သော်လည်း ဘုရားသခင်ကို ကျောခိုင်းကာ မိမိတပ်မက်ခြင်း နောက်သို့လိုက်ခြင်းဖြစ်သည်။ ဘုရား
သခင်ကို စွန့်ပယ်လျက် မိမိတပ်မက်ခြင်းနောက်သို့ လိုက်ကာ ယုံကြည်ခြင်းတရားကို စွန့်လွှတ်ခဲ့သည်။ ထို
အရာကို ဖောက်ပြန်ခြင်းဟု ခေါ်သည်။ ဘုရားသခင်အသိုင်းအ၀ိုင်းမှ ဖောက်ထွက်ခြင်းဖြစ်သည်။ သို့သော်
နောဧမူကား လူအများဖောက်ပြန်တိုင်း လိုက်၍ ဖောက်ပြန်သူမဟုတ်ပါ။ ဘုရားသခင်ကို​ ယုံကြည်ခြင်းမှ  
မစွန့်ခွာပါ။ ထို့ကြောင့် ဘုရားသခင်က သူ့အား စိတ်တော်နှင့်တွေ့သော သူဟု မှတ်တမ်းတင်ခံရသည်။
( က ၆း ၈ )
သာမန်လူသားဖြစ်သော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းမှ မဖောက်ပြန်ခဲ့ပါ။ ထို့ကြောင့် ဘုရားသခင်
ကသူ့အား စုံလင်သောသူ၊ ဖြောင့်မတ်သောသူဟု သတ်မှတ်သည်။ ယနေ့ခေတ်ကာလသည် နောဧခေတ်
ကာလနှင့် မခြားနားပါ၊ ပို၍ပင်ဆိုးပါသည်။ နောဧခေတ်၌ လူနှင့်သက်ရှိအားလုံး ဖောက်ပြန်ကြသည်။ ယနေ့
ခေတ်ကာလ၌ လူတိရစ္ဆာန်သာမက ရာသီဥတုနှင့် အပင်များပါမကျန် ဖောက်ပြန်ကြသည်။ ထိုဖောက်ပြန်မှု
အားလုံး၌ သင်နှင့်ကျွန်ုပ်မပါဖို့ အရေးကြီးသည်။
(b) ဘုရားစကားပြောသောသူ ( က၆း ၁၃-၁၂ )  
အများနှင့်မတူ ဘုရားနှင့်သွားလာသော နောဧဟူမူကား ဘုရားသခင်ထံမှ စကားသံကို ကြား၏။ 
အခြားသော ပုဂ်ဂိုလ်များက လူနှင့်စကားပြောသောကြောင့် လူသံကိုသာကြား၏ ။ ဘုရားသခင်၏ စီမံကိန်း
ကို နောဧသိရ၏ ။ ဘုရားသခင်၏ ကယ်တင်ခြင်းကိုလည်း ခံရ၏ ။ ဘုရားသခင်နှင့် သွားလာသော နောဧ၏
ကျေးဇူးကြောင့် သူ၏မိသားစုအားလုံး ကယ်တင်ခြင်းကို ခံရ၏ ။ ( က ၁၆း၃၁ ) " သခင်ယေရှုခရစ်ကို ယုံ
ကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည် "။
ယနေ့ သင်သည်လည်း အများနည်းတူ မဟုတ်ဘဲ ဘုရားသခင်နှင့် စကားပြောသောသူ၊ ဘုရားသခင်ကိုယုံ
ကြည်သောသူဖြစ်ပါက ဘုရားသခင်ထံမှ အံ့သြဖွယ် ကောင်းသော အသံတော်၊ ကြီးမားသောကယ်တင်ခြင်း
ကျေးဇူးတော်ကို ခံစားရမည်မှာ သေချာပါသည်။ သင့်ကြောင့် နောင်မျိုးဆက်များတို့သည် ကောင်းကျိုးကို
ခံစားရမည်ဖြစ်သည်။ 
(၂) ဘုရားသခင်နှင့်သွားလာသော ဒံယေလနှင့်သူငယ်ချင်းများ ( ဒံ ၁း ၈-၁၇ )
ဒံယေလနှင့်သူ၏ သူငယ်ချင်း သုံးယောက်တို့သည် လူပျိုလေးများဖြစ်သည်။ သူတို့သည် စစ်သုံ့ပန်းအဖြစ်
ခေါ်ဆောင်ခြင်းကို ခံရသော်လည်း သူတို့သည် အခွင့်ထူးကို ရရှိခဲ့ကြသည်။ သူတို့ကဲ့သို့ပင် သုံ့ပန်းအဖြစ်
ဖမ်းဆီးခံရသော သူတို့နိုင်ငံသားများလည်း ပါကြပါသည်။ သူတို့ကဲ့သို့ပင် အခွင့်ထူးအတူရကြပါသည်။ သို့
သော် ကွာဟမှုမှာ ဘုရားနှင့်အတူလျှောက်လှမ်းခြင်း၌ မတူညီကြပါ။ ဒံယေလတို့အဖွဲ့သည် ဘုရားသခင်နှင့်
အတူလျှောက်လှမ်းသောကြောင့် ဘုရားသခင်၏ စိတ်သဘောတော်ကို နားလည်ကြ၏ ။ ( ၀တ် ၁၁း ၄၅ -
၁ပေ ၁း ၁၅-၁၆ ) သူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို သိနားလည်သောကြောင့် သူတို့ကိုယ်တိုင်
လည်း သန့်ရှင်းစွာ အသက်ရှင်ကြသည်။ အခွင့်အရေးကောင်းသည့် စားသောက်ဖွယ်ရာ အကောင်းဆုံး
အစာကို ငြင်းငယ်၍ အညံ့ဆုံးသော အစာကိုရွေးချယ်ကြသည်။ ယနေ့ခေတ် စားသောက်ဖွယ်ရာများသည်
ယခင်ခေတ်ထက်ပို၍ ကောင်းမွန်မှာ သေချာသည်။ ယနေ့လူငယ်ကို မဆိုထားနှင့် လူကြီးများပင်လျှင်အခွင့်
ထူးရှိလာလျှင် လက်လွတ်မခံနိုင်ကြပါ။ လူ့အမြင်၌ အကောင်းဆုံး အစားအသောက်သည် ဘုရားသခင်အ
တွက် ညစ်ညူးသောအရာဖြစ်သည်။ လူ့အတွက် အညံ့ဆုံးသော အစာသည် ဘုရားသခင်ရှေ့၌ အကောင်း
ဆုံးအစာဖြစ်၏ ။ ဒံယေလနှင့် သူငယ်ချင်းတို့သည် ယုံကြည်ခြင်းဖြင့် ဘုရားသခင်နှင့်အတူ လျှောက်လှမ်း
ခြင်းကြောင့် သူတို့၏ လူမျိုးများသည် အခြားသော တိုင်းနိုင်ငံ၌ ထူးခြားစွာ အခွင့်ထူးကို ခံစားရရှိကြပါသည်။
ယနေ့ ကျွန်ုပ်တို့အတွက် သင်ခန်းစာ ဖြစ်သည်။
(၃) ဘုရားသခင်နှင့်အတူသွားလာသောရှင်ပေါလု ( ဂလာ ၂း ၂၀ ) 
ရှင်ပေါလုသည် ယခင်အသက်တာ ရှောလုဘ၀၌ အသက်ရှင်စဉ်တွင် သူ၏အမြင်လုပ်ရပ်နှင့် သူ့အဖွဲ့အ
စည်း ( ဖာရိရှဲအုပ်စု ) အမြင်နှင့်လုပ်ရပ်သည် မှန်သည်၊ ကောင်းသည်ဟု ထင်ကြသည်။ သူတို့၏ လုပ်ရပ်
သည် ဘုရားသခင် အလိုတော်ဖြစ်သည်ဟု သူတို့ကိုယ်တိုင် ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်၏
အမြင်ဘက်၌ သူ၏လုပ်ရပ်သည် ခရစ်တော်ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ကြောင်း သိရသည်။
( တမန် ၉း ၄ ) သို့သော် ရှောလုအသက်တာ ပြောင်းလဲပြီးသည့်နောက် သူသည် ပေါလုအဖြစ် အမည်
ပြောင်းကာ ဘုရားသခင်နှင့်အတူ အသက်ရှင်ခဲ့သည်။ ဘုရားသခင်နှင့် လျှောက်လှမ်းသောအခါ သူ၏အ
တတ်ပညာ အားလုံးတို့သည် ဘုရားသခင့်ရှေ့တော်၌ မစင်ကဲ့သို့ ဖြစ်သည်ဟု သူသိလာခဲ့သည်။ ထိုပညာ
အားလုံးကို သူစွန့်ကာ ခရစ်တော်နှင့်အတူ အသက်ရှင် လျှောက်လှမ်းခဲ့သည်။ ထိုအခါ ဘုရားသခင်သည် သူ့ကိုအခြားသော တမန်တော်တို့ထက် အသုံးပြုကာ ရှင်ဘုရင်များကိုပင် ဧ၀ံဂေလိတရားကို ဟောပြော
ခြင်းအခွင့်ထူးများ သာမက ဘုရားသခင်၏ အထူးဖွင့်ပြချက်များကို ရရှိခံစားခံရသည်။ သြ၀ါဒစာများစွာကို
ရေးသား၍ အသင်းတော်များစွာကိုလည်း တည်ဆောက်ခဲ့သည်။
        ၂၀၁၁ ခုနှစ်အတွက် သင့်အသက်တာကို မည်ကဲ့သို့ ပြင်ဆင်ထားပါသနည်း ? ယခုအတိုင်းဆက်လက်
အသက်ရှင်မလား ?  သို့မဟုတ် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း အားဖြင့် နောက်မျိုးဆက်သစ်များ
အတွက် ကောင်းကျိုးပြုသောသူ အဖြစ်အသက်ရှင်မလား ? ဆိုတာကို ရွေးချယ်ဖို့ရန် သင့်အပေါ်မှာ မူတည်
ပါသည်။ 
        - နောဧကဲ့သို့အများနည်းတူမဟုတ်ဘဲ ဘုရားသခင်နှင့်အတူသွားလာသော သူဖြစ်ဖို့ရန်၎င်း
        - ဒံယေလကဲ့သို့ အစားအသောက်ကို မမက်မောဘဲ သန့်ရှင်းခြင်းကိုသာနှစ်သက်သကဲ့သို့၎င်း
        - ရှင်ပေါလုကဲ့သို့ မိမိ၏ အတတ်ပညာများကို အားမကိုးဘဲ ခရစ်တော်ကိုသာ ကိုးစားလျက် အသက်
          ရှင်သကဲ့သို့၎င်း ( ဖိ ၃း ၁၁ ) 
ဤနှစ်သစ်၌မေတ္တာဖြင့်ဝေငှလိုပါ၏။

ဘုရားသခင်ကောင်းကြီးပေးပါစေ
ဆရာစောဟယ်လေး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )