ယနေ့ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာကို ကိုးကွယ်သောသူများသည် ကမ္ဘာ့လူဦးရေ ကိန်းဂဏန်းအရ အများဆုံးဟု သိရှိရပါသည်။ သို့သော် ဤမျှလောက်များပြားလှသော ကိန်းဂဏန်းများအနက် အရေအတွက် မည်မျှဘုရားသခင်အား အမှန်တကယ်ချစ်၍ မိမိတို့၏ အသက်တာအား ဘုရားသခင်အတွက် ဆက်ကပ်ကြပါသနည်း။
ကျတော်တို့ ခရစ်ယာန်အများအပြား ဘုရားသခင်၏ သနားခြင်း ၊ ချစ်ခြင်း ၊ မေတ္တာ ၊ လူသားများအပေါ် ချစ်လွန်းသည့်အတွက် မိမိ၌တပါးတည်းသော သားတော်ကို စွန့်သည့် တိုင်အောင် ချစ်တော်မူသော အဂ္ဂါပေမေတ္တာတော်ကို ကြားဖူးသိဖူးကြပါသည်။ ကျတော် ကိုယ်တိုင် သည်လည်း ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူ သည့်တိုင်အောင် လောကီသားများကို ချစ်သည်မှာ ဟုတ်သည်ဟု ခံယူသည့် အဆင့်မှာသာ ရှိသည်။ သို့သော် နက်နက်နဲနဲ တွေးတောဆင်ခြင်မိခြင်းကား မရှိခဲ့ပေ။ ဘုရားသခင် ကိုယ်တော်တိုင် ကျတော်အား လူသားများအပေါ် ချစ်သည့် ချစ်ခြင်းမေတ္တာ၏ နက်ရှိုင်းမှုကို ဖော်ပြသည့်အခါတွင်မှ သူ၏မေတ္တာကို ကောင်းစွာနားလည်ခံစားမိခဲ့ရသည်။
လွန်ခဲ့သော ( ၅ )နှစ်ခန့်က ဘုရားသခင်အား ၀ိညာဉ်တော်က ဖော်ပြသော ဆုတောင်းခြင်းနည်းလမ်းအတိုင်း နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့လျက် ဂုဏ်တော် ချီးမွမ်းနေစဉ် ဘုရားသခင်ကိုယ်တော်တိုင် ကျတော်အား မေးခွန်းမေးခဲ့ပါသည်။ မေးခွန်းဆိုသော် လည်း လူသားများ စကားပြောသကဲ့သို့ မဟုတ် ၊ တခဏချင်းတွင် အလုံးစုံကို သိမြင်ခြင်းဖြစ်သည်။ တခဏချင်း ကျွန်မသိလိုက်သည်မှာ အကယ်၍ သင်၏သားကို သခင် ခရစ်တော်ကဲ့သို့ ကားတိုင်လမ်းကို လျှောက်ခိုင်းလျှင် သင်သူ့အားပေးမည်လားဟု နားလည်သည်သာမက သူ၏တပါးတည်းသော သားအား ပေးလိုက်စဉ် သူခံစားရသော နာကျဉ်မှုကို ကျွန်မ ခံစားသိရှိလိုက်ရသည်။ မိမိ၌ တစ်ပါးတည်းသောသားသည် ၊ ဝေဒနာများကိုခံလျက် ကားတိုင်လမ်းလျှောက်ရမည်ကို ကြိုတင်သိမြင်သော ဖခင်တစ်ယောက်၏ ခံစားချက်ကို ကျတော် ခံစားလိုက်ရသည်။ ထိုအချိန်တွင် ကျတော်၏ နှလုံးသားမှာ နက်ရှိုင်းစွာ နာကြင်ခံစားရသည်သာမက မျက်နှာပြင်ပေါ်မှ မျက်ရည်များ လှိမ့်ဆင်းလာပါသည်။ ကျတော်၏ နှုတ်မှလည်း ကိုယ်တော် ကျတော်၏ သားကို ထိုကဲ့သို့ သော လမ်းမျိုးလျှောက်ရန် တောင်းသော် ကျတော် မပေးနိုင်ပါ။ မိခင်တစ်ယောက်၏ သားအပေါ်ထားသော ချစ်ခြင်းမေတ္တာအနေဖြင့် ကိုယ်တိုင်ပင် သားနေရာ ကိုယ်စားဝင်ခံပါမည်ဟု လျှောက်ထားမိပါသည်။ ထိုအချိန်တွင်မှ ဘုရားသခင်၏ လူသားများအပေါ်ထားသော အဂ္ဂါပေမေတ္တာ၏ အတိမ်အနက်ကိုကောင်းစွာ နားလည်သဘောပေါက်မိခဲ့ပါသည်။
ဤမျှလောက်ချစ်သော ဘုရားသခင်အား ကျွန်မတို့ အဘယ်ကဲ့သို့ ဘုရားသခင်၏ ကျေးဇူးတော်ကို ပြန်လည်ဆပ်မည်နည်း။ အဖြေမှာ - ဘုရားသခင်သည် ကျတော်တို့၏ အသက်တာအားလုံးကို ဆက်ကပ်စေလိုခြင်းပင်ဖြစ်သည်။ ရောမ ၁၂း၁ တွင် “ညီအစ်ကိုတို့ အသက်ရှင်ခြင်းလက္ခဏာ ၊ သန့်ရှင်းခြင်းလက္ခဏာ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကိုသင်တို့သည် ပူဇော်၍ မိမိကိုယ်ခန္ဓာကိုဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ၀တ်ကိုပြုမည်အကြောင်း ၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏လို့ ဖော်ပြထားသည်ကို တွေ့ရသည်။ ဘုရားသခင်အား ဆက်ကပ်ခြင်း ဆိုသည်မှာကော အဘယ်သို့နည်း။ ယနေ့ ခရစ်ယာန်မြောက်မြားစွာ မိမိတို့ရှိရာနေရာကဏ္ဍအသီးသီးတွင် အသက်တာများကို ဆက်ကပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ မိမိတို့ တတ်နိုင်သည့်အတိုင်း ကောင်းနိုးရာရာဖြင့် မိမိ၏ ဥာဏ် ၊ မိမိ၏ အကြံအစည်များဖြင့် လုပ်ဆောင်လျက် ရှိနေကြသည်။ သို့သော် အချိန်ကုန်လူပင်ပန်း၍ အရာမရောက်ဘဲ ရှိနေတတ်သည်။ ကျတော်အား ဘုရားသခင်ဖော်ပြသော အသက်တာ ဆက်ကပ်ခြင်းမှာ ထိုကဲ့သို့မဟုတ်ပေ။ ပထမဦးစွာ မိမိ၏ အသက်တာကို ဘုရားသခင်၏ လက်ထဲလုံးဝအပ်နှံထားရပေမည်။ ကျွန်ုပ်၏ အကြံအစည် ကျွန်ုပ်၏အတွေးအခေါ်များကို ခဏဘေးဖယ်၍ ဖဘုရားသခင်အား ကျွန်ုပ်ရှိပါ၏ အလိုတော်ရှိရာ ခိုင်းစေတော်မူပါဟု ဆုတောင်းရမည်။ ထိုကဲ့သို့ ဘုရားသခင်ထံတော်ပါး၌ တိုးဝင်ချဉ်းကပ်၍ ဆုတောင်းလျှင် နှုတ်ကပတ်တော်မှသော်၎င်း ၊ စိတ်နှလုံးထဲမှသော်၎င်း ၊ ဘုရားသခင် မိမိအား ခိုင်းစေလိုသောအရာကို သိရှိလာလိမ့်မည်ဖြစ်သည်။ ကျွန်မသည်လည်း ထိုကဲ့သို့သော အသက်တာမျိုးဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့်သာ ဘုရားသခင်၏ အကြံအစည်တော်သည် မိမိကြံစည်မျှော်မှန်းထားသည်ထက်ပို၍ ပြည့်စုံပြီး ထိရောက်ကြောင်း ၊ အောင်မြင်ကြောင်း သိရှိခဲ့ရသည်။ တခါတရံတွင် မိမိမလုပ်ချင်သော ကြောက်ရွံသောအလုပ် မျိုးကို ခိုင်းစေတတ်သည်။ ကျတော်သည် ဘုရားကျောင်းတွင် အသက်တာ ဆက်ကပ်ခြင်းအကြောင်း တိုက်တွန်းနှိုးဆော်ရာ ခရစ်ယာန်အများစုသည် မိမိတို့အသက်တာ အား ထိုကဲ့သို့ အလုံးစုံဆက်ကပ်ခြင်းမျိုးလုပ်ဆောင်ရန် တွန့်ဆုတ်နေ တတ်သည်ကို တွေ့ခဲ့ရသည်။
မိမိတို့၏ဆန္ဒ လုပ်ဆောင်လိုသောအရာနှင့် ဘုရားသခင်စေခိုင်းသောအလုပ်တို့ တစ်ထပ်တည်းမကျဘဲ ဆန့်ကျင်ဖက် ဖြစ်နေမှာကို စိုးကြောက်သည်။ ထို့ကြောင့် မိမိဖြစ်ချင်လိုသော ဆန္ဒ လုပ်ဆောင်လိုသောအရာကိုသာ နားညောင်းရန် တောင်းလျှောက်တတ်ကြသည်။ ထိုကဲ့သို့သော အဖြစ်မျိုးသည် ကိုယ်တော်ရှင် လိုလားသော အလုံးစုံဆက်ကပ်အပ်နှံသော အသက်တာမျိုးမဟုတ်ပေ။ ကိုယ်တော်ရှင်၏ ဆန္ဒနှင့် အလိုတော်မဟုတ်သောကြောင့် ထိုသူတို့၏ အသက်တာတွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ တန်ခိုးအစွမ်းသတ္တိဖြင့် အပြည့်အ၀ မလုပ်ဆောင်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ ဆန္ဒကိုရှေ့တန်းတင်၍ မိမိတို့ လုပ်လိုသော အရာကိုသာလျှင် လုပ်ဆောင်သောကြောင့်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် စိတ်ပန်းလူပန်းဖြစ်ခြင်း ၊ အချိန်ကုန်သော်လည်း တန်ခိုးမပါရှိသောကြောင့် အချည်းနှီး ဖြစ်ခြင်း ၊ အရေးကြီးဆုံးမှာ ဘုရားသခင်၏ အလိုတော်နှင့် မညီသောကြောင့် ဘုရားသခင်၏ ရှေ့တော်၌ မျက်နှာမရခြင်း တို့ဖြစ်သည်။ အမှန်တကယ်ဆင်ခြင်စဉ်းစားကြည့်လျှင် ကျမ်းစာထဲတွင် ဖော်ပြထားသည့်အတိုင်း “ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ၊ မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင်သကဲ့သို့ ငါ၏ အကျင့်သည် သင်တို့၏ အကျင့်ထက်၎င်း ၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်တက်၎င်းသာ၍ မြင့်၏” ဟု ဖော်ပြထားသည်။ အောင်မြင်သော အသက်တာရရန်လိုလားသူတိုင်း ၊ မိမိအသက်တာကို ဘုရားသခင်၏ လက်ထဲလုံးစုံဆက်ကပ် အပ်နှံလုပ်ကိုင်ဆောင်ရွက်ရမည်။
အိုးထိန်းသမား (ဘုရားသခင်)လက်ထဲသို့ မိမိတို့ (ရွှံ့)ကို လုံးဝအပ်နှံထားသောအခါ အလှပဆုံး ၊ အကောင်းမွန်ဆုံးလက်ရာအမြောက်ဆုံး အိုးတစ်လုံး ဖြစ်လာမည်မှာ ဧကန်မလွဲပင် ဖြစ်သည်။ သို့ဖြစ်၍ ယနေ့မှစ၍ မိမိတို့၏ အသက်တာများကို ဘုရားသခင် အလိုတော်အတိုင်း အလုံးစုံဆက်ကပ်အပ်နှံကြပါစို့ဟု မေတ္တာဖြင့် တိုက်တွန်းနှိုးဆော် လိုပါသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com