22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, December 19, 2011

ခရစ်ယာန်ဘာသာ၏အနှစ်သာရ




ဤကမ္ဘာပေါ်၌ ဘာသာရေးမြောက်များစွာရှိသည်။ ဘာသာတိုင်း၌ အချက်ကြီးသုံးချက်ရှိသည်။ ၄င်းတို့မှာ


(က) ယုံကြည်လက်ခံခြင်း (Doctrine)
(ခ) ကိုးကွယ်ခြင်း (Rites) နှင့်
(ဂ) ကျင့်ကြံခြင်း (Ethics) များဖြစ်ပါသည်။


ခရစ်ယာန်ဘာသာရေးဟူသမျှ၌ အထက်ပါအချက်များ ရှိစမြဲဖြစ်သည်။ ခရစ်ယာန်ဘာသာရေး တစ်ခုစီ၌ အထက်ပါ အချက်များအပေါ် ဦးစားပေးခြင်း မတူညီကြပါ။ တစ်ချို့သည် ယုံကြည်ခြင်း (Doctrine)၊ တစ်ချို့သည် ကိုးကွယ်ခြင်း (Rites) နှင့် တစ်ချို့သည် ကျင့်ကြံခြင်း (Ethics) တစ်ခုခု ဦးစားပေးတတ်ကြပါသည်။ သို့ရာတွင် တစ်ခုကိုမျှ ပစ်ပယ်၍မရပါ။ အထက်ပါအချက်များအနက် တစ်ခုခု မပါရှိပါက ဘာသာရေးမဟုတ်တော့ပဲ၊ စဉ်းစားဥာဏ် (ideology) တစ်ခုခု၊ သို့မဟုတ် တွေးတော ဆင်ခြင်ခြင်း (Philosophy) တစ်ခုခု ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ ခရစ်ယာန် အသက်တာ၌ အထက်ပါ အချက် (၃) ချက်ကို လိုအပ်ပါသည်။



သမ္မာကျမ်းစာကလည်း အထက်ပါ (၃) ချက်ကိုပင်သွန်သင်ထားပါသည်။ ဤသို့ဆိုသော် ခရစ်ယာန်များ "ကျင့်ကြံနေထိုင်ခြင်း" (Ethics) အတွက်ဘာများ သွန်သင်ထားပါသနည်း? ဤမေးခွန်း၏ အဖြေကား "တောင်ပေါ်တရားတော်" သာလျှင်ဖြစ်သည်။ ခရစ်ယာန်များ၏ အသက်ရှင် နေထိုင်ကျင့်ကြံနိုင်ရေးကို ဤနေရာ၌ ဖော်ပြထားပါသည်။


သူတစ်ပါးအပေါ်၌ ပြုကျင့်ရမည့်နည်းလမ်း၊ ဆွေမျိုးညာတိ၊ သူငယ်ချင်းများအပေါ်၌ ပြုလုပ်ရမည်း နည်းနိဿယများ အထိ ဖေါ်ပြပြီးဖြစ်သည်။ ဤမျှသာမက ဘုရားသခင်နှင့် ဆက်ဆံနေထိုင်ရေး၊ ခရစ်ယာန်ဘာသာရေး၌ ရှိရမည်း စိတ်နေသဘောထားများအတွက်ပါ ဖေါ်ပြထားပါသည်။ သို့ရာတွင် တော်ပေါ်တရားတော်သည် နေထိုင်ကျင့်ကြံရမည်နည်းလမ်း အသေးစိတ်တော့ မပါ ပါ။ ရှေးယုဒများက ကျင့်ကြံ နေထိုင်ရမည်းနည်းလမ်းကို ဘုရားသခင်ထံမှ ရရှိလိုကြသည်။ မျှော်လင့်ကြသည်။ သို့ဖြစ်၍ ပညတ်တော် (၁၀) ပါး၊ ၀တ်ပြုနည်း ပညတ်ချက် (၆၁၃) ပါး၊ စာနှင့်ရေးသားခြင်းမရှိသော မိရိုးဖလာနည်း အားလုံး ဘုရားသခင်ထံမှ ရရှိကြသည်ဟု ခံယူသည်။ တောင်ပေါ်တရားတော်သည် ဤကဲ့သို့မျိုးသော ပညတ်တော် မဟုတ်ပါ။ ကျင့်ကြံနေထိုင်ရမည့် နည်း အသေးစိပ်ဖေါ်ပြခြင်း မဟုတ်ပါ။ ယေရှုသခင် ယုံကြည်လက်ခံသူများအတွက် အဓိက အချက်များကိုသာ ဖေါ်ပြခြင်းဖြစ်သည်။ ယေရှု ပိုင်ဆိုင်ရရှိသူများအတွက် ဤ အဓိကအချက်များကို ကိုင်တွယ်လိုက်လျှောက်နိုင်ပါမှ နေထိုင်ရန် လိုအပ်သော အခြားနည်းလမ်းများ တဖြည်းဖြည်းပေါ်လာမည်သာ။


ဖေါ်ပြပြီးခဲ့သည့်အတိုင်း တောင်ပေါ်တရားတော်သည် ဘုရားသခင်၏ မျက်နာအသာ ရလိုသူများအတွက် ပညတ်တော် မဟုတ်ပါ။ ဘုရားသခင်၏ မျက်နှာသာသည် လူသားများ၏ ကျင့်ကြံနေထိုင် လိုက်လျှောက်ခြင်းနှင့် မရနိုင်ပါ။ ကြိုးစားခြင်း အားဖြင့် ရနိုင်ရန် မဖြစ်နိုင်ပါ။ တောင်ပေါ်တရားတော်သည် ယေရှုသခင် တစ်ဖန်ကြွလာသောအခါ (သို့) အုပ်ချုပ်လာသောအခါ ယုံကြည်သူများ၏ ကျင့်ကြံနေထိုင်ရမည့် နည်းလမ်းများဖြစ်သည်။ သို့ဖြစ်၍ အဆိုပါ သွန်သင်ချက်ကို မီးကဲ့သို့ မွေးရန်၊ မီးသွေးကဲ့သို့ လောင်ရန် အားပေးအား မြှောက်မည့်သူမှာ ယေရှုပင်လျှင်ဖြစ်သည် (ဖိ ၂း ၁၃)။ သူ၏ အင်အားနှင့်သာလျှင် လိုက်လျှောက်နိုင်ကြပါလိမ့်မည်။ ဤကဲ့သို့ ယေရှုကို ဦးစွာမပိုင်ဆိုင်၊ ယေရှု၏ အုပ်ချုပ်မှု မခံယူပါက ကိုယ်ကျင့်တရား ကောင်းမှုနှင့် မရရှိနိုင်ပါ။ ယေရှုအမြင်မှာ အပင်ပန်းခံပြီး ၀န်လေးသူနှင့် နှိုင်းယှဉ်တော်မူသည်။ သူ့ထံသွားရောက်ပြီး အရင်တွေ့ရန် ဖိတ်ခေါ်ပါသည် (မဿဲ ၁၁း ၂၈ - ၃၀)။


ခရစ်ယာန်အသက်တာ၌ အဓိက အကြောင်းရင်းမှာ "ချစ်ခြင်းမေတ္တာ" ဖြစ်ပါသည်။ သို့ဖြစ်၍ ခရစ်ယာန်ဘာသာ သည် "ချစ်ခြင်းမေတ္တာအားဖြင့် ကျင့်ကြံနေထိုင်ခြင်း" (Ethic of Love) သာလျှင်ဖြစ်သည်။ ယေရှုသွန်သင်သော ပညတ်တော်နှစ်ချက်၌ ဤချစ်ခြင်းမေတ္တာသည် အဓိကဖြစ်သည်။ ဘုရားသခင်ကိုချစ်ခြင်း နှင့် လူသားအချင်းချင်း ချစ်ခြင်းဖြစ်သည်။ ပညတ်တော်ဟူသမျှ၏ အရင်းအဖြစ်သည် "ချစ်ခြင်းမေတ္တာ" သာလျှင်ဖြစ်သည်။ ဤ အဓိကအချက်ကို ကိုင်မိဖမ်းမိပါက အခြားသောအရာများသည် သူ့အလိုလို ရရှိခံစားရမည်သာဖြစ်သည်။


တောင်ပေါ်တရားတော်သည် အဓိကအချက် မဏ္ဍိုင်ဖြစ်ကာ ဤ အချက်အပေါ်အခြေခံပြီး ခရစ်ယာန်များ၏ သက်ရှင်နေထိုင်ရန် နည်းလမ်းများ၊ သူ့အချိန်နှင့် သူ ဖြည့်စွမ်းရမည်ပင်။ ကျမ်းစာ၌ ရှင်ပေါလုကပင်လျှင် ခရစ်ယာန်များအသက်ရှင် နေထိုင်ရမည့် နည်းလမ်းများကို သွန်သင်ထားပါသည်။ သူ့နေရာ၊ သူ့အချိန်နှင့် ဖြစ်ပေါ်လာသော အကြောင်းအရာအပေါ်မူတည်ပြီး တစ်နေရာနှင့် တစ်နေရာ၊ တစ်ချိန်နှင့် တစ်ချိန် တူညီလေ့မရှိပါ။ သို့ရာတွင် မပြောင်းမလဲ တည်တံ့သောအရာမှာ "ချစ်ခြင်းမေတ္တာ" ဖြစ်ပါသည်။ ခရစ်ယာန်များ၏ ကျင့်ကြံနေထိုင်ခြင်း၌ အခြားအရာဟူသမျှ နေရာဒေသ အချိန်နှင့် အကြောင်းချင်းရာများအပေါ်လိုက်၍ ပြုပြင်ပြောင်းလဲနိုင်သော်လည်း၊ ချစ်ခြင်းမေတ္တာသည် ပြောင်းလဲခြင်းမရှိ အစဉ်တည်မြဲပါသည်။


"တောင်ပေါ်တရားတော်ကို တစ်ဝေမတိမ်း လိုက်နာနိုင်သည်" ဟုဆိုသူ လူသား ရှာမှရှားပါလိမ့်မည်။ သို့ရာတွင် တောင်ပေါ်တက်သကဲ့သို့ တဖြည်းဖြည်းခြင်း တက်ရပါလိမ့်မည်။ ခြေချော်သော အချိန် ရှိနိုင်ပါသည်။ သို့ရာတွင် ယေရှုက အားကိုး၍ မရရှိနိုင်လောက်အောင် မဝေးပါ။ အားနည်းသောအခါ ညာဘက်လက်မှ ဆွဲထူပါလိမ့်မည်။ တောင်ထိပ် အရောက်ခေါ်သွားမည် မှာ မုချပင်ဖြစ်ပါသည်။ ဤ လောက၌ သူ့သဏ္ဍာန်တော်နှင့် တူရန် ပြုပြင်မည်ဖြစ်ပြီး၊ ကောင်းကင်နိုင်ငံအရောက် ကိုယ်တော်၏ သဏ္ဍာန်တော်နှင့် တူညီမည့် သူများဖြစ်ကြသည် (၂ကော ၃း ၁၈။ ၁ယော ၃း ၂၃)။


ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် တူညီနိုင်ခြင်း အလို့ငှာ ဤလောက၌ သက်ရှင်နေထိုင်ရမည့် နည်းလမ်းကို တောင်ပေါ်တရားတော်၌ ဖေါ်ပြထားသည်။ ဤကဲ့သို့ ကျင့်ကြံနေထိုင် လိုက်လျှောက်နိုင်ခြင်း အလို့ငှာ ကျွန်တော်/ကျွန်မ တို့အထဲ၌ ၀ိညာဉ်တော်ရှိပါသည် သူ၏ ပုံသဏ္ဍာန်တော်နှင့် တူညီနိုင်ရေးအတွက် တောင်ပေါ်တရားတော်အတိုင်း လိုက်လျှောက်နိုင်ရန် အမြဲဖေးမကူညီပေးတော်ပါသည်။


Rev. Dr. Simon Pau Khan En (B. th, B.R.E, B.D, S.T.M, Ph.D) ရေးသားပြုစု၍ MBC ပုံနှိပ်ထုတ်ဝေရေးဌါန မှထုတ်ဝေသော "တောင်ပေါ်တရားတော်" စာအုပ်မှထပ်ဆင့်တင်ပြထားပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )