22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, January 29, 2012

မိဘတို့  အလိုချင်ဆုံးသောအရာ

အဖေဆုံးတော့ ရွာမှာပဲ မြေမြုပ်သင်္ဂြိုလ်ပြီးနောက် အမေ့ကို ကျွန်တော်နဲ့အတူ မြို့ မှာ လိုက်နေဖို့ကို ခေါ် ခဲ့တယ်။ ဒါပေမယ့် ဆူညံတဲ့ မြို့ ပြ လူနေစရိုက်မှာ အမေကျင့်သားမရဘူး၊ ရွာမှာပဲ အေးအေးလူလူ နေပါရစေလို့ အမေငြင်းဆန်တော့၊ အဖေနဲ့ နှစ်ပေါင်းများစွာ အတူနေခဲ့တဲ့၊ အဖေ ခေါင်းချသွားတဲ့ နေရပ်ကို အမေ မခွဲနိုင်မှန်း ကျွန်တော် ရိပ်စားလိုက် မိတယ်။ အဖေရှိတုန်းကဆို အမေဟာ ကျွန်တော် မြို့ ကနေ ငွေပို့ ပေးတာကို လက်မခံဘူး၊ ဒါပေမယ့် အခုတော့ မဖြစ်တော့ပြီ၊ အမေက မြို့ ကိုလည်း လိုက်မနေချင်ဘူး ဆိုတော့၊ အမေ့ကျန်းမာရေး နှင့်အခြား ဝေယျာဝစ္စ အသုံးစရိတ်တွေအတွက် ကျွန်တော် မပို့ မဖြစ်အောင် ပို့ ရတော့မည်၊ အမေ့ကိုလည်း လက်ခံအောင် မနည်းပြောရသည်။
"အမေ..အရင်က ကျွန်တော် ငွေပြန်ပို့တာကို အမေလက်မခံခဲ့ပေမယ့် ဒီတစ်ခါတော့ လက်ခံပေးပါနော် အမေ..နော်၊  သား အမေ့ဆီကို လစဉ် ငွေ အမြဲပို့ပေးပါရစေ အမေရယ်….နော်"
"အင်းလေ…ငါ့သားက အမေ့ဆီ ငွေပို့ ဖို့ ဆန္ဒပြင်းပြနေရင်တော့ သားသဘောပါ သားရယ်၊ ဒါပေမယ့် ရွာမှာနေတော့ ငွေသိပ်မကုန်ဘူး သား... တစ်လကို အများကြီးမပို့ နဲ့  နည်းနည်းလောက် ပဲပို့ ရင်ပါပြီ"
အမေနေတဲ့ရွာက ခေါင်လွန်းတယ်။ စာပို့သမား တစ်လနေမှ တစ်ခါရောက်တဲ့ နေရာဖြစ်တယ်။ ရွာကနေ
မြို့တက်ပြီး  အလုပ်လုပ်တဲ့ လူငယ်များကိုတော့ ရွာမှာကျန်ခဲ့တဲ့ လူကြီးတွေက တစ်နေ့တစ်နေ့ ကိုယ့်သား၊သမီး ဆွေမျိုးတွေရဲ့စာကို သယ်လာမယ့် စာပို့သမားရဲ့အလာကိုပဲ စောင့်မျှော်နေတတ်ကြတယ်။
စာပို့သမားလာတဲ့နေ့ဆိုရင် ရွာသူရွာသားတွေ အရမ်းပျော်ကြတယ်။ စာပို့သမား ရွာထဲစဝင်ပြီ ဆိုတာနဲ့ ရွာက ဦးကြီးတို့၊ ကြီးဒေါ်တို့၊ အဘိုးအဘွား၊ အဖေအမေတို့က စာပို့သမားရဲ့ ဘေးပတ်လည်မှာ ဝိုင်းဖွဲ့ပြီး ကိုယ့်စာ၊ သူ့စာပါလားလို့ အလုအယက် မေးမြန်းတတ်ကြတယ်။ အဲဒီနောက် ပါလာတဲ့ စာတွေကို စုပေါင်းဝိုင်းဖတ်ကြရင်းအပျော်တွေကို ဝေမျှကြတယ်။
စာပို့သမား လာတဲ့နေ့က နောက်ဖေးစိုက်ခင်းမှာ အမေအလုပ်ရှုပ်နေခဲ့တယ်။ ဘေးအိမ်က ဒေါ်ကြီးက  သုံးလေးခွန်း လှမ်းခေါ်လိုက်မှ ပျာယီးပျာယာနဲ့ အမေထွက်လာပြီး စာပို့သမားဆီက ဖြတ်ပိုင်းလေးတစ်ခုကို လက်ခံလိုက်တယ်။ ငွေလွှဲဖြတ်ပိုင်းကို မြင်တော့ "သား ငွေလွှဲလာတာ" ဆိုပြီး အမေ့မျက်နှာ အပျော်ရိပ်များ သန်းသွားခဲ့တယ်။
ပို့လာတဲ့ ငွေက တစ်သိန်းငါးသောင်း များတောင် ဆိုတော့ ဆွေမျိုးတွေက ငွေလွှဲဖြတ်ပိုင်းလေးကို တန်ဖိုးကြီးတဲ့ အရာတစ်ခုလို တယုတယ ကိုင်တွယ်ရင်း တစ်ယောက်တစ်လှည့် လက်ဆင့်ကမ်းကြည့်ကြပြီး အမေ့ကို အားကျနေခဲ့ကြတယ်။ တစ်သိန်းခွဲဆိုတဲ့ ငွေဟာ အမေတို့ ရွာအဖို့ အလွန်ကို များတဲ့ ငွေကြေးပါ။တစ်နှစ်လောက် ကောင်းကောင်းသုံးလို့ ရပါတယ်။
သားက ပထမဆုံးအကြိမ် ပို့လိုက်တဲ့ ငွေကြေးတွေကြောင့် အမေဟာ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ ညသန်းခေါင်မှာ ထပြီး သားအတွက် အမေစာရေးခဲ့တယ်။ အမေက စာများများ မတတ်ပါဘူး။ ဒါပေမယ့် ရွာကမူလတန်းကျောင်းမှာ ဆရာလုပ်ခဲ့ဖူးတဲ့ အဖေ့ကြောင့် အမေ အနည်းအကျဉ်း ရေးတတ်ဖတ်တတ်ခဲ့တယ်။ အမေရေးတဲ့စာက သုံးလေးကြောင်းပဲရှိတယ်။ စာထဲမှာတော့ "သားရယ် ဘယ်လိုများ ဖြစ်ရတာတုန်း တစ်လကို ငွေတော်ရုံပို့ ပါလို့ ဆိုတာကို၊ ဘာဖြစ်လို့  ဒီလောက်များတဲ့ ငွေတွေ ထည့်လိုက်သလဲ" ဆိုတာပဲဖြစ်တယ်။
            အမေ့စာကို ကျွန်တော်ဖတ်ပြီး စာပို့သမားက တစ်လမှတစ်ခါ ရွာရောက်တာကြောင့် အမေအသုံးစရိတ်  ပြတ်သွားမှာစိုးလို့ တစ်ကြိမ်တည်းနဲ့ တစ်နှစ်စာ ပို့လိုက်ကြောင်း အမေ့ကို  စာပြန်ခဲ့တယ်။ ကျွန်တော့်စာကိုဖတ်ပြီး အမေ သဘောကျ ပြုံးရယ် နေခဲ့မယ် ထင်ပါတယ်။
            လအနည်းငယ်ကြာတော့ အမေ့ဆီက နောက်စာတစ်စောင်ကို ကျွန်တော်ရလိုက်ပြန်တယ်။ အမေ့ရဲ့ စာ တိုတိုထဲမှာ နောက်နှစ်တွေမှာ အမေ့အတွက် အသုံးစရိတ်ကို တစ်ကြိမ်တည်းမပို့ဖို့၊ တစ်လတစ်ကြိမ် ခွဲပြီး ပို့ဖို့ကိုလည်း ရေးထားတယ်။
            ဒီလိုနဲ့ တစ်နှစ်လွန်မြောက် သွားခဲ့ပြန်တယ်။ အလုပ်အလွန်ရှုပ်တဲ့ ကျွန်တော့်မှာ ရွာကအမေ့ကို  ပြန်ကြည့် ဖို့ အချိန်ပို မရှိခဲ့ဘူး။ အမေမှာထားသလို တစ်လတစ်ကြိမ် ငွေတွေခွဲပြီး  ပို့ဖို့ အားလပ်ရက် မရခဲ့ဘူး။ လကျန်ပြီး မပို့မိမှာကိုလည်း  စိုးတာကြောင့်  မအားတဲ့ကြားထဲက အမေ့ကို တစ်နှစ်စာ ငွေ တစ်သိန်း ငါးသောင်းကို ကျွန်တော် ထပ်ပြီးတော့ ထည့်လိုက် ပြန်တယ်။
            ငွေထည့်ပြီး နောက်တစ်လမှာ အမေ့ဆီက ငွေ ခုနှစ်သောင်း ငါးထောင် ပြန်လွှဲလာတဲ့ ဖြတ်ပိုင်းကို ကျွန်တော် ရလိုက်တယ်။ ကျွန်တော် စဉ်းစားမရနိုင်ဖြစ်ပြီး အရမ်းအံ့သြသွားမိတယ်။ အမေ ဘာကြောင့် ငွေတွေ ပြန်လွှဲခဲ့ရ သလဲဆိုတာ အမေ့ဆီစာရေးပြီး အကျိုးအကြောင်း မေးမြန်းမည်ကြံတုန်းမှာ  အမေ့ဆီက နောက်ထပ် စာတစ်စောင်ကို ကျွန်တော်ရလိုက်ပြန်တယ်။ စာထဲမှာ ငွေတွေကို တစ်လတစ်ကြိမ် ခွဲပို့ပါ၊ ခွဲမပို့ရင် လုံးဝမပို့ပါနဲ့ တော့လို့ ရေးထားပါ တယ်။ ကျွန်တော် လုံးဝ နားမလည်ခဲ့ဘူး...
            တစ်နေ့ ကျွန်တော်အလုပ်ကအပြန် မြို့ပေါ်တက်ပြီး အလုပ်လာရှာတဲ့ ရွာက မိတ်ဆွေတစ်ယောက်နဲ့  တိုးခဲ့တယ်။ အမေ့အကြောင်းကို မေးကြည့်တော့ ပြုစုစောင့်ရှောက်သူ မရှိဘဲ အမေတစ်ယောက်တည်းနေပေမယ့်  အမေပျော်ရွှင်တဲ့အကြောင်း၊ အထူးသဖြင့် စာပို့သမား လာတဲ့နေ့ဆိုရင် အမေပိုပျော်ရွှင်ကြောင်း၊ ကျွန်တော့်ဆီက
ငွေလွှဲစာရရင် ရက်အတော်ကြာ အမေပျော်နေတတ်ကြောင်း ပြောပြခဲ့တယ်။
            အဲဒီစကားတွေကြားတော့ ကျွန်တော့်ရင်ထဲ ဆို့နင့်လာခဲ့မိတယ်။ ကျွန်တော် နားလည်လိုက်ပါပြီ အမေ။  အမေ ဘာကြောင့် တစ်လတစ်ကြိမ် ငွေခွဲလွှဲဖို့ ကျွန်တော့်ကို ထပ်တလဲလဲ မှာခဲ့သလဲဆိုတာကို ကျွန်တော်ကောင်းစွာနားလည်လိုက်ပါပြီ  အမေ။
တစ်နှစ်မှာ တစ်ကြိမ်ပဲ အမေပျော်ချင်တာ မဟုတ်ဘဲ တစ်နှစ်မှာ ဆယ့်နှစ်ကြိမ် အမေပျော်ချင်မှန်း သားနားလည်လိုက်ပါတယ်။ အမေလိုချင်ခဲ့တာက သားပို့တဲ့ ငွေကြေးတွေ မဟုတ်ဘဲ သားရဲ့ သတိရခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ၊ ချစ်မြတ်နိုးမှုတွေ ဆိုတာကို သားနားလည်လိုက်ပါပြီ အမေ...။
(မှတ်ချက်)
ဤဇာတ်လမ်းလေးကို ဖတ်ပြီးနောက် မိဘရပ်ဝေး၌ သွားရောက်၍ အလုပ်လုပ်ကိုင်နေကြရသော ညီငယ်၊ ညီမငယ်၊ လူငယ်၊မောင်မယ်များ အနေဖြင့် မွေးရပ်မြေမှ သင်တို့ ၏ မိဘများ တစ်ကယ်မျှော်လင့်နေသည်မှာ သင်တို့ ထံမှ ပို့ မည့် ငွေကို မဟုတ်၊ သင်တို့ ၏ သတိရခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ ချစ်မြတ်နိုးမှုတွေကိုသာ မျှော် လင့် နေသည် ဆိုတာကို သိရှိကြပြီး၊ မိဘ၏ အလိုချင်ဆုံးသော အရာများကို ဖြည့်ဆည်း ပေးနိုင်သော၊ ချစ်မြတ်နိုးတတ်သောသားကောင်း၊သမီးကောင်းများ ဖြစ်ကြပါစေ…..။        
(သူရစက္က)
                ဘာကြောင့်ရွေးချယ်ဖြစ်လဲဆိုတာကတော့ ကျွန်တော်တောင် ထပ်ရေးပြဖို့မလိုတော့လောက်ပါဘူး ... သူ့မှတ်ချက်လေးနဲ့သူ
ပြည့်စုံပြီးသားဖြစ်ပါတယ် ။ ဟုတ်ပါတယ် အထက်ပါ ဘလော့လေးအတိုင်းပါပဲ အဝေးရောက် သားသမီးတွေအတွက် မိဘတွေ အတောင့်တ ဆုံးနဲ့ အဖြစ်စေချင်ဆုံးဆန္ဒကတော့ သားသမီးတွေ ကျန်းမာစွာနဲ့ အဆင်ပြေပြေနေထိုင်နိုင်ဖို့ဖြစ်ပြီး ... သားသမီးတွေဆီက မိမိတို့အပေါ် သတိရခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ ချစ်မြတ်နိုးမှုတွေကိုသာ မျှော် လင့် နေသည် ဆိုတာကို တင်ပြသွားပုံမှာ ထိမိလှပါတယ် .....။
ဥယျာဉ်မှူး ၇
edinooyin
Myanmar Social Network
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )