22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, February 5, 2012

ခရစ်ယာန်အသက်တာအသက်ရှင်ခြင်း

အခြေပြုကျမ်း။ ။ ဂလာတိ ၂း၁၉-၂၁၊ ၅း၁၉-၂၁
          ထိုမှတစ်ပါး ငါသည်ဘုရားသခင်နှင့်ဆိုင်သောအရာ၌ အသက်ရှင်မည်အကြောင်း၊ ပညတ်တရားနှင့်ဆိုင်သောအရာ၌ ပညတ်တရားအားဖြင့် သေလျက်နေ၏။ ငါသည်ခရစ်တော်နှင့်အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော်ငါသည်ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခုငါရှင်သောအသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ကိုယ်ကိုစွန့်တော်မူ၏။ ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပယ်။ ပညတ်တရားကိုအမှီပြု၍ ဖြောင့်မတ်ရာသို့ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။ (ဂလာတိ ၂း၁၉-၂၁)
           ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား သူ့မယားကိုပစ်မှားခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြှိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ယဇ်မျိုးကိုသောက်ကျူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်ပေတည်း။ ထိုသို့ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရဟု အထက်က ငါပြောနှင့်ပြီး သည်အတိုင်း ယခုပင်လည်းငါပြော၏။ (ဂလာတိ၅း၁၉-၂၁)
         ကျွန်တော်တို့အသက်တာမှာ ဘုရားသခင်နဲ့ဆိုင်တဲ့အရာတွေမှာ အသက်ရှင်နေပါသလား။ ဒါမှမဟုတ် အခြားသောအရာတွေပေါ် အမှီပြုပြီးအသက်ရှင်နေပါသလား။ ဇာတိပကတိနဲ့အသက်ရှင်နေသေးတဲ့အသက်တာတွေဟာ ခရစ်တော်ယေရှုနဲ့အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းခံပြီးသားဖြစ်ဖို့လိုပါတယ်။ အဲဒါမှလည်း ယေရှုခရစ်တော်ဟာ ကျွန်တော်တို့အထဲမှာ အရှင်အသခင်အဖြစ်အုပ်စိုးပြီး၊ ကျွန်တော်တို့ကိုယ်တိုင်လည်း ထာဝရအသက်ရသောသူတစ်ယောက်ရဲ့အသက်တာမျိုးနဲ့အသက်ရှင်နိုင်မှာဖြစ်ပါတယ်။
          ကျွန်တော်တို့အသက်တာမှာ ဇာတိပကတိရဲ့အကျင့်တွေ ပေါ်လွင်နေသေးသရွေ့ စစ်မှန်တဲ့ယေရှုခရစ်တော် ကျွန်တော်တို့အသက်တာမှာ အုပ်စိုးခွင့်မရသေးကြောင်း ပိုမိုပေါ်လွင်ထင်ရှားစေပါတယ်။ လူဖြစ်နေတဲ့အတွက်ကြောင့် ဇာတိပကတိနဲ့ဆိုင်တဲ့ အရာတွေကို လုပ်ဆောင်နေဖို့လိုပါတယ်။ ဒါပေမယ့် အဲဒီအရာတွေရဲ့ အုပ်စိုးမှုအောက်ကို ရောက်မသွားဖို့လိုပါတယ်။
           ဥပမာအားဖြင့် ကိုယ်ခန္ဓာရှိနေသရွေ့ ထမင်းစားရပါတယ်၊ ရေသောက်ရပါတယ်။ ဒါတွေဟာ ကိုယ်ခန္ဓာအသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်တဲ့အတွက် ဖြည့်ဆည်းပေးဖို့စားသောက်ပေးနေရတာဖြစ်တယ်။ ဒါပေမယ့် လိုအပ်တာထက်ပိုသွားရင် မြန်မာစကားပုံမှာရှိတဲ့အကိုင်း တန်ဆေးလွန်ဘေး ဖြစ်သွားမှာပါ။  တစ်ခုခုလုပ်ဖို့အတွက် စိတ်ထဲမှာပေါ်လာတဲ့ အခါ အရင်ဆုံးစဉ်းစားပါ။ ဒီအရာဟာ လိုအပ်လို့လုပ်ရတဲ့အရာလား၊ ဒါမှမဟုတ် လိုအပ်တာထက်ပိုပြီး ကိုယ့်ဖာသာလုပ်ချင်တဲ့အရာလား ဆိုတာကို ကွဲကွဲပြားပြားသိထားဆန်းစစ်စေချင်ပါတယ်။
            ဘယ်အရာတွေဟာ ဇာတိပကတိရဲ့အကျင့်တွေလဲဆိုတော့ (ဂလာတိ၅း၁၉-၂၁) မှာဖော်ပြထားတဲ့အရာတွေဟာ ဇာတိပကတိအကျင့်တွေဖြစ်ပါတယ်။ ဆိုလိုတာက မိမိကိုယ်ခန္ဓာရဲ့လိုအပ်ချက်ထက်ကျော်လွန်ပြီး လုပ်ဆောင်ရတဲ့အရာမျိုးတွေကို ရည်ညွှန်းထားတာကိုတွေ့ရပါတယ်။ ဒီအရာတွေဟာ သာမန်လိုအပ်တာထက်ပိုပြီး ပြုလုပ်တဲ့အရာတွေကို ပြောထားတာဖြစ်တယ်။ လုပ်နေကျအတိုင်းဆက်လုပ်ပြီး အသက်ရှင်နေမယ်ဆိုရင် ကျွန်တော်တို့ဟာ ဇာတိပကတိနဲ့ဆိုင်တဲ့အရာမှာ မသေသေးလို့ဖြစ်ပါတယ်။ ကျွန်တော်တို့မသေသေးသရွေ့ ယေရှုခရစ်တော်ဟာလည်း ကျွန်တော်တို့ထဲမှာလာပြီး အုပ်စိုးနိုင်မှာမဟုတ်ပါဘူး။ အသက်တာမှာ အမှန်တကယ် ယေရှုခရစ်တော်အသက်ရှင်တာကို ခံစားချင်တယ်ဆိုရင် ကိုယ့်ဇာတိပကတိတည်းဟူသော အပြင်ပန်းအကျင့်နဲ့ဆိုင်တဲ့ တပ်မက်မှုအားလုံးဟာ အရင်ဆုံး အသေဖြစ်ဖို့လိုပါတယ်။
              ကျွန်တော်တို့အသက်တာရဲ့အသက်ရှင်မှုတိုင်းမှာ မိမိကိုယ်တိုင်အသက်ရှင်နေခြင်းမဟုတ်တော့ဘဲ လုပ်ဆောင်လေရာရာမှာ ဒီနေရာမှာ ယေရှုခရစ်တော်ဆိုရင်ဘယ်လိုလုပ်မလဲ၊ မကောင်းမှုတစ်ခုခုကိုပြုလုပ်ဖို့စီစဉ်နေတဲ့အချိန်မျိုးမှာ ယေရှုခရစ်တော်သာ ကိုယ့်နေရာမှာဆိုရင် ဒီအရာကိုဒီလိုတုံ့ပြန်ပါ့မလား ဆိုပြီးကိုယ့်ကိုကိုယ်ဆန်းစစ်မေးမြန်းဆင်ခြင်ဖို့လိုပါတယ်။ အသက်တာရဲ့ အခန်းကဏ္ဍတိုင်းမှာ ဒီမေးခွန်းလေးကိုမေးဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ဇာတိပကတိအကျင့်ဆိုးတွေဟာ ယေရှုခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်မှာအသေခံပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုလက်ရှိရှင်နေတဲ့အသက်ဟာ ကိုယ့်အလိုအတိုင်းရှင်နေခြင်းသက်သက်မျိုး မဟုတ်ဘဲ ခရစ်တော်နဲ့အတူအသက်ရှင်ခြင်းမျိုးဖြစ်ဖို့လိုပါတယ်။
            What Would Jesus Do? (WWJD?) ဆိုတဲ့အင်္ဂလိပ်စာသားလေးအတိုင်း ဘယ်အရာပဲလုပ်လုပ်၊ လုပ်တော့မယ့်အရာတိုင်းမှာ မလုပ်ခင်စဉ်းစားရမယ့်အရာဟာ ဒီနေရာမှာ ယေရှုခရစ်တော်ဆိုရင် ကိုယ်လုပ်သလိုလုပ်ပါ့မလား။ ကိုယ့်အတွက်လိုအပ်တာထက် ကျော်လွန်ပြီးလုပ်ဆောင်လိုတဲ့အရာတွေဟာ ယေရှုခရစ်တော်ဆိုရင် အဲလိုလုပ်ပါ့မလားဆိုတဲ့မေးခွန်းလေး အမြဲတမ်းကြိုမေးပြီး ဆင်ခြင်ရမှာဖြစ်ပါတယ်။
           ကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ ထာဝရအသက်ရဖို့အတွက် ကျွန်တော်တို့လူသားတွေဖက်က ဘာမှကြိုးစားကျင့်ကြံ အားထုတ်စရာမလိုပေမယ့် ထာဝရအသက်ရပြီးနောက်ပိုင်း အသက်တာရဲ့အသက်ရှင်မှုတိုင်းဟာ ယေရှုခရစ်တော်အသက်ရှင်သကဲ့သို့ ကိုယ့်ကိုကိုယ်သတိပြုပြီး အသက်ရှင်ဖို့ဖြစ်ပါတယ်။ ကယ်တင်ခြင်းရဖို့အတွက် ပညတ်တရားအကျင့်အားဖြင့်ကျင့်ကြံကြိုးစားစရာ မလိုတော့သလို အဲဒီအတွက်ကျင့်ကြံကြိုးစားနေခြင်းဟာလည်း ယေရှုခရစ်တော်ရဲ့ကိုယ်စားပြုလုပ်ဆောင်ပေးခဲ့တဲ့အရာအားလုံးကို အသိအမှတ်မပြုဘဲ အသက်ရှင်နေတာနဲ့အတူတူဖြစ်ပါတယ်။
           ဒါ့ကြောင့် ကျွန်တော်တို့အသက်တာအသက်ရှင်မှုနေ့ရက်တိုင်းဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်း အသက်ရှင်ဖို့ဖြစ်သလို လုပ်ဆောင်လေရာရာတိုင်းမှာလည်း ကိုယ့်ဖက်ကဖြစ်ချင်တဲ့တဖက်သတ်ဆန္ဒမျိုးမဟုတ်ဘဲ ယေရှုခရစ်တော်ကိုယ်တိုင် မိမိအသက်တာထဲမှာ အသက်ရှင်နေသကဲ့သို့ မိမိကိုယ်ကိုဆင်ခြင်သောအသက်တာမျိုးနဲ့ အသက်ရှင်ဖို့ဖြစ်ပါတယ်။
            လုပ်ဆောင်လေရာရာတိုင်းမှာ WWJD? ကိုသတိရကြရအောင်!!
 (မှတ်ချက်။ ။ ၇.၈.၂၀၁၁ တနင်္ဂနွေနေ့တရားဟောချက်မှ ကောက်နှုတ်ဖော်ပြသည်။)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )