22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, February 24, 2012

Jeremy Linဆီကရတဲ့ သင်ခန်းစာ

အခုတလော တီဗီသတင်းတွေမှာ LinSanityဆိုတဲ့စာလုံးနဲ့ ဘတ်စကက်ဘောသမားတစ်ယောက်ကို ခဏခဏပြတာတွေ့တော့ LinSanity (Lin + Sanity)ဆိုတဲ့စကားလုံးနဲ့အတူ အဲဒီအာရှသား ဘတ်စကက်ဘောသမားကို ကျွန်မစိတ်ဝင်စားလာမိတယ်။ အဲဒီလိုနဲ့ သူ့အကြောင်းကို ဂူဂယ်လ်ရှာကြည့်လိုက်တယ်။ သူ့အကြောင်း ဖတ်မိသမျှကို ဘာသာပြန်မျှဝေပါတယ်။

အင်္ဂလိပ်နာမည် ---- Jeremy Lin
တရုတ်နာမည် ---- Lin Shu-How (林書豪)
မွေးသက္ကရာဇ် ---- သြဂုတ်လ ၂၃ရက် ၁၉၈၈ခုနှစ်
လူမျိုး ------------- တရုတ်(ထိုင်ဝမ်)
ပညာအရေးအချင်း --- ဟားဗတ်တက္ကသိုလ်
မွေးဖွားရာနေရာ ---- Los Angeles, California
အလုပ်အကိုင် ------ NBA ဘတ်စကက်ဘော လက်ရွေးစင်


ကိုယ့်ကို လူတွေအကောင်းမမြင်ချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်ပါ

Jeremy Linက NBAသမိုင်းမှာ ဒုတိယမြောက် ဟားဗတ်တက္ကသိုလ်ကျောင်းပြီးသူဖြစ်သလို တစ်ဦးတည်းသော ဟားဗတ်ကျောင်းပြီးတဲ့ အာရှလက်ရွေးစင်လည်းဖြစ်တယ်။ NBAထဲမဝင်ခင် သူဟာ Warriorsအသင်းနဲ့ Houston Rocketsအသင်းရဲ့ နောက်လူ(အစားထိုးသူ)အဖြစ်နဲ့သာ ကစားခဲ့ရတယ်။ New York Knicks အသင်းထဲဝင်ခဲ့မှ လူတွေရဲ့ သတိထားမိခြင်းကို ခံခဲ့ရတယ်။ ပွဲစဉ်ငါးပွဲကစားအပြီးမှာ သူရဲ့ ရမှတ်ပေါင်းက (၁၃၆)မှတ်ဖြစ်တယ်။ ၁၉၇၄ခုနှစ်နောက်ပိုင်း NBAရဲ့ အကောင်းဆုံး လက်ရွေးစင်ဖြစ်ခဲ့တယ်။ (၇)ပွဲကစားပြီးမှာတော့ သူ့ရဲ့အမှတ်ပေါင်းဟာ ဘတ်စကက်ဘောဘုရင် Michael Jordan၊ LeBron Jamesတို့ထက်တောင် ပိုမြင့်ခဲ့ပါတယ်။

"NBAဘတ်စကက်ဘောရဲ့လမ်းဟာ လျှောက်လှမ်းရခက်ပါတယ်။ အရာအားလုံးကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ရတယ်။ အောင်မြင်မှုဆိုတာ များသောအားဖြင့် ကြိုတင်မှန်းဆလို့ မရနိုင်တဲ့အရာပါ။ ဘောလုံးဝေဖန်ကျွမ်းကျင်သူပဲဖြစ်ဖြစ်၊ သတင်းဌာနကပဲဖြစ်ဖြစ်၊ အားကစားသမားပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် ကျရှုံးသူ၊ ရှုံးနိမ့်သူတွေ အများအပြားရှိပေမယ့် အောင်မြင်ဖို့အတွက်၊ အလင်းစက်တစ်ခုအတွက် ကြံ့ကြံ့ခံရှေ့ဆက်ရပါတယ်။"


အခွင့်အရေးရောက်လာချိန်မှာ အမိအရဖမ်းဆုပ်ပါ

Knicksအသင်းရဲ့ ကစားသမားတွေဟာ ပြိုင်ပွဲတိုင်း ဒဏ်ရာအထပ်ထပ်ရခဲ့ကြတယ်။ နောက်တန်းကာကွယ်သူ မရှိခဲ့လို့ Jeremy Linထွက်ကစားဖို့ အခွင့်အရေးရခဲ့တယ်။ အဲဒီမှာ သူအစွမ်းကုန်ကြိုးစားခဲ့တယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်။

"ဒီအခြေအနေက စစ်သူကြီးမရှိလို့ *Liao Huaရှေ့ဆောင်တိုက်ခိုက်ရသလိုပေါ့။ တကယ်လို့ တကယ့်ရှေ့ဆောင်သူဖြစ်ခဲ့ရင်ရော ဒီဝန်ကိုထမ်းနိုင်တဲ့ အရည်အချင်းတကယ်ရှိမလား? ဒီလိုဆိုရင်တော့ တကယ့်ခွန်အားကိုစုပုံပြီး အခြေအနေကို ပြောင်းလဲရမှာပဲ။ ဒါပေမယ့် သိထားရမှာက ခွန်အားကို မှန်ကန်တဲ့ဦးတည်ရာ၊ မှန်ကန်တဲ့ အသုံးချမှုပဲဖြစ်သင့်ပါတယ်"

*Liao Huaဟန်မင်းဆက်လက်ထက်က တရုတ်စစ်သူကြီး


သင့်မိသားစုတွေ သင့်ကိုအမြဲထောက်ခံအားပေးတယ်။ ထိုနည်းအတိုင်း သူတို့ကို ကျေးဇူးပြန်ဆပ်ပါ

New York Knicksအသင်းက သူ့ကို တရားဝင်စာချုပ်မချုပ်ခင် Jeremy Linဟာ နယူးယောက်မှာရှိတဲ့ အစ်ကိုအိမ်က ဆိုဖာပေါ်မှာ အိပ်နေဆဲပဲဖြစ်တယ်။ သူ့အိမ်သူအိမ်သား မိသားစုတွေက သူ့ကိုထောက်ခံအားပေးတယ်၊ ယုံကြည်တယ်။ ဒါဟာလည်း သူ့ကို ကြံ့ကြံ့ခံဆက်လျှောက်စေနိုင်ခဲ့တဲ့ အဓိကသော့ချက်ပဲဖြစ်တယ်။ ဒါဟာ အပြန်အလှန် ပေးဆပ်ခြင်းဖြစ်တယ်။ သူတို့ကို သင်လိုအပ်ချိန်မှာ သင့်အနားမှာ သူတို့ရှိတယ်။ အဲဒီလိုပဲ သင့်ကိုသူတို့လိုအပ်တဲ့အခါ သူတို့ဘေးမှာ သင်ရှိနိုင်ရမယ်။

"မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုတွေဟာ ကျွန်တော်တို့ကို ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေဖြစ်စေခဲ့တယ်။ တပြိုင်တည်းမှာပဲ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်ရဲ့ အားပေးကူညီမှုကိုလည်း မမေ့သင့်ပါဘူး"

သင်နဲ့သင့်တော်တဲ့ ပုံစံစနစ်ကိုရှာပါ

Jeremy Lin ဟာ Michael Jordan တို့လို အမှတ်ပဲရအောင်ကစားတဲ့ ကစားသမားမဟုတ်ပါဘူး။ သူဟာ ဘောလုံးလက်ဆင့်ကမ်းသူ၊ ပါဝင်ထောက်ပံ့သူအနေနဲ့ အမှတ်ရအောင် ကစားသူဖြစ်တယ်။ Warriors အသင်းနဲ့ Houston Rockets အသင်းမှာ ကစားတုန်းက အပေးအယူမမျှခဲ့ပေမယ့် Knicksအသင်းမှာတော့ အကျိုးရှိခဲ့ပါတယ်။ သင့်ကိုယ်သင် ဘာလုပ်နေသလဲဆိုတာကို သင်သိသင့်တယ်။ ဒါဟာ မှန်ကန်တဲ့စနစ် (အလုပ်၊ အဖွဲ့အစည်း၊ လုပ်ငန်း)တွေမှာ သင့်ရဲ့လုပ်နိုင်စွမ်းကို ထုတ်ဖော်ပြသစေပါတယ်။ ဒီလိုမှမဟုတ်ရင် သင့်ရဲ့အရည်အချင်းက လူတွေရဲ့လျစ်လျူရှုတာကို ခံရလိမ့်မယ်။

"ကျွန်တော်တို့က မှန်ကန်တဲ့နေရာ၊ မှန်ကန်တဲ့လုပ်ငန်း၊ မှန်ကန်တဲ့ဈေးကွက်ကို ရှာတွေ့ဖို့ လိုအပ်တယ်။ ဒါမှ ပိုအကျိုးရှိတဲ့ လုပ်နိုင်စွမ်းကို ဖော်ထုတ်ပြသနိုင်မှာဖြစ်တယ်"


အဖွဲ့ထဲက တိမ်မြှုပ်နေတဲ့ လုပ်နိုင်စွမ်းရှိသူတွေကို လျစ်လျူမရှုမိစေနဲ့

ကုမ္ပဏီတစ်ခုမှာ လူတွေကို သင်ကြီးကြပ်ရတယ်။ အဲဒီလူတွေထဲမှာ Jeremy Linလိုလူတစ်ယောက် မရှိဘူးလို့ သင်ပြောနိုင်မလား? "မောင်နီ"၊ "မဖြူ"တို့က တခြားကိစ္စတွေမှာ လက်စွမ်းမပြနိုင်တော့ဘူးလား? ကျွန်တော်တို့က လူတွေကို တံဆိပ်ကပ်တတ်တာ အကျင့်ဖြစ်နေခဲ့တယ်။ သူက ဟားဗတ်ကျောင်းသား၊ အာရှသား၊ ကြည့်ရတာ မကစားနိုင်ဘူးထင်ပါတယ်။ ဒီလို အမြင်သေးတဲ့အကြည့်မျိုး တခြားလူကို သင်အရင်ကြည့်လိုက်ပြီလား? Warriors အသင်းနဲ့ Houston Rockets အသင်းရဲ့နည်းပြလို ထူးချွန်တဲ့ လက်ရွေးစင်တစ်ယောက်ကို သင်လက်လွတ်လိုက်မလား?

နယူးယောက်တိုင်းမ် သတင်းထောက် Howard Beck က Jeremy Linကို အခုလို သရုပ်ဖော်ပြောဆိုခဲ့ပါတယ်။ " If you gathered everyone who overlooked or underestimated Lin over the last several years, you could fill Times Square."

"ကျွန်တော်တို့ Moneyball ရုပ်ရှင်ထဲမှာ ဒီလိုခပ်ဆင်ဆင်ပုံပြင်မျိုးကို ကျွန်တော်တို့ကြည့်ဖူး၊ ဖတ်ဖူးပါလိမ့်မယ်။ ကျွန်တော်ရဲ့အနာဂတ်မှာ တူတဲ့အမှားမျိုးထပ်မဖြစ်စေဖို့ ကျွန်တော်မျှော်လင့်တယ်။ အဖွဲ့အစည်းမှာဖြစ်ဖြစ်၊ လူတစ်ဦးတစ်ယောက်ချင်းမှာပဲဖြစ်ဖြစ်ပေါ့။"

၂ဝ၁၂ ဖေဖော်ဝါရီလ ၂၇ရက်မှာ ထုတ်ဝေမယ့် Time မဂ္ဂဇင်းပေါ်က Lin

တခြားသူရဲ့အရိပ်လုပ်ဖို့ မကြိုးစားပါနဲ့။ လူတွေနှစ်သက်တာက သင့်နဂိုကိုပါ။

နာမည်ကြီးသူတွေအတိုင်း တုပရမယ်လို့ မဆိုပါဘူး။ ကျွန်တော်တို့က Steve Jobs၊ ဘေလ်ဂိတ်တွေ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပုံပြင်၊ သူတို့ဖြတ်သန်းတဲ့ အတွေ့အကြုံကို ကျွန်တော်တို့တွဲဖက် အသုံးပြုနိုင်ပါတယ်။ သူတို့နဲ့ တပုံစံတည်းဖြစ်ဖို့တုပရင် ကိုယ့်ရဲ့ထူးခြားတဲ့လက္ခဏာတွေ ပျောက်ဆုံးကုန်သလို
အလှောင်ရယ်လဲခံရလိမ့်မယ်။

နှိမ့်ချတတ်ရမယ်

တကယ်လို့ တစ်နေ့နေ့မှာ သတင်းစာခေါင်းကြီးပိုင်းမှာ သင်အကြောင်းပါခဲ့မယ်ဆိုရင် ဘဝမြင့်မသွားပါနဲ့။ Jeremy Linကတော့ သတင်းထောက်တွေ အင်တာဗျူးချိန်မှာ နှိမ့်ချတဲ့စိတ်ထားနဲ့ ပြန်ဖြေခဲ့တယ်။ ဒါဟာလည်း သူ့အသင်းအဖွဲ့၊ သူပရိသတ်တွေ သူ့ကိုပိုနှစ်သက်စေတဲ့ အကြောင်းရင်းဖြစ်တယ်။

"တီဗီပေါ်ပဲရောက်ရောက်၊ သတင်းစာပေါ်ပဲရောက်ရောက်၊ စင်ပေါ်ပဲရောက်ရောက်၊ ဟောပြောတာပဲဖြစ်ဖြစ် ကိုယ်ဟာဘယ်သူလဲဆိုတာကို ကိုယ်တိုင်သိရတယ်။ ဂုဏ်ကို ကိုယ့်အသင်းအဖွဲ့အတွက်ပေးပါ။ တောက်ပခြင်းက တခဏတာဖြစ်တယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သာမန်စိတ်ပဲထားပါ။ ဒါမှ ကြာရှည်တည်မြဲနိုင်မှာဖြစ်တယ်"


ကိုယ်ဘေးကလူလည်း ထူးချွန်ကြောင်း လူတွေကိုသိပါစေ။ သင့်ကို သူတို့ပိုနှစ်သက်လိမ့်မယ်။

အစောပိုင်းက ကစားသမားTyson Chandler ဘယ်လောက်တော်မှန်း လူတွေမသိခဲ့ကြဘူး။ နောက်ပိုင်း သူနဲ့ Jeremy Lin ဘောလုံးအတူကစားမှ လူတွေ သတိထားခဲ့မိကြတယ်။ Chandlerအလွယ်တကူ ဘောလုံးသွင်းနိုင်အောင် Jeremy Linက တစ်ဖက်အသင်းရဲ့အာရုံကိုချေဖျက်ပေးတယ်။ ဒါဟာလည်း Knicksအသင်းကို အချိန်တိုတိုအတွင်း အောင်မြင်မှုရစေခဲ့တာဖြစ်တယ်။ သူတို့က တစ်ကိုယ်တော် မလှုပ်ရှားဘူး အသင်းအဖွဲ့ရဲ့ စုစည်းမှုကိုယူတယ်။ ပြိုင်ပွဲကို ကြည့်ရတာအားရစေတယ်။ အင်တာဗျူးချိန်မှာ အသင်းသားတွေကို ချီးကျူးဖို့ Jeremy Lin မမေ့ခဲ့ဘူး။

"သင့်ဟာ အသင်းအဖွဲ့ထဲက starဆိုရင် အသင်းရဲ့ပူးပေါင်းဆောင်ရွက်မှု၊ အသင်းအင်အားရဲ့အရေးပါမှုကို လျစ်လျူမရှုမိပါစေနဲ့။ အချိန်တော်တော်များများမှာ လိုအပ်နေတာက အသင်းအဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်မှုပါ။ တစ်ကိုယ်တည်း နာမည်ကြီးဖို့၊ စတားဖြစ်ဖို့ မဟုတ်ပါဘူး။"

Tyson Chandler & Jeremy Lin

ဘဝမှာ ကံကောင်းခြင်း ဒါမှမဟုတ် ကံကြမ္မာရဲ့ အရေးပါမှုကို မမေ့ပါနဲ့

တချို့က ဘုရားသခင်ကို ယုံကြည်တယ်။ တချို့က ကံကြမ္မာကို ယုံကြည်တယ်။ တချို့က ကံကောင်းခြင်းကို ယုံကြည်တယ်။ ဘယ်ဟာကိုပဲ သင်ယုံကြည်ယုံကြည် ကျေးဇူးတရား အပြည့်အဝထားပါ။

ကျွန်တော်က အတိုင်းအတာတစ်ခုထိ ကံကောင်းခြင်းရဲ့ အရေးပါမှုကို ယုံကြည်တယ်။ Stanford တက္ကသိုလ်မှာ Steve Jobs ဟောပြောခဲ့တဲ့ "Connecting the dots"လိုပေါ့။ ဒီကံကောင်းခြင်းအစက်လေးက သင်အခုလက်ရှိကြိုးစကို ဦးဆောင်နေလိမ့်မယ်။ အစက်တိုင်းက ကံကောင်းခြင်း၊ ကံတရား ဒါမှမဟုတ် ဘုရားသခင်ရဲ့လမ်းညွှန်မှုလည်းဖြစ်နိုင်တယ်။ ဒါကို သင်ဘယ်လိုပဲ အမည်ပေးပေး လက်ခံပြီး ကြည်နူးလိုက်ပါ။

http://en.wikipedia.org/wiki/Jeremy_Lin

http://www.inside.com.tw/2012/02/12/9-lessons-jeremy-lin-can-teach-us-before-we-go-to-work-monday-morning

http://www.forbes.com/sites/ericjackson/2012/02/11/9-lessons-jeremy-lin-can-teach-us-before-we-go-to-work-monday-morning/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )