22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, February 16, 2012

ချစ်သူများနေ့

         Valentine’s Day ပေါ်ပေါက်လာပုံနဲ့ ပတ်သတ်ပြီး ထင်မြင် ယူဆချက်တွေ မြောက်များစွာ ရှိပါတယ်။ အချို့သော သူများကတော့ ဒီလိုထင်မြင် ယူဆကြပါတယ်။ ခရစ်တော်ပေါ်ပြီး အေဒီ (၂ဝဝ)ကျော် (၃ရာစု)၊ ရောမမြို့(Rome)မှာ နေထိုင်ခဲ့တဲ့ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း (St. Valentine) မှတဆင့် ဖြစ်ပေါ် လာတာပါလို့ ယူဆ ကြပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ခရစ်ယာန် ဘာသာ အတွက် မွန်မြတ်သော အာဇာနည် တစ်ပါးလို့လဲ တင်စား ခေါ်ဝေါ် ကြပါတယ်။ သူဟာ အေဒီ (၂၆၉)ခု၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ သေဒဏ် စီရင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်က အုပ်ချုပ်နေတဲ့ ဒုတိယမြောက် ကလောဒီယပ်စ်ဘုရင် (Cludiaus-II)က သူ့ကို ဆန့်ကျင်တယ်ဆိုပြီး ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ဖမ်းဆီး ထောင်ချကာ သေဒဏ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အေဒီ (၄၉၆)ခုမှာတော့ ပုပ်ရဟန်းမင်းကြီး ဂီလာစီးယပ်စ် (Pope Gelasius)က ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကို Valentine’s Dayလို့ သတ်မှတ် ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းရဲ့ အကြောင်းနဲ့ သမိုင်း ဖြစ်စဉ်တွေကို အောက်မှာ ဆက်လက် ဖော်ပြ သွားပါဦးမယ်။
         အေဒီ(၃)ရာစုမှာ ရောမ အင်ပါယာကို ဒုတိယမြောက် ကလောဒီယပ်စ် ဘုရင် အုပ်ချုပ်နေပါတယ်။ ကလောဒီယပ်စ် ဘုရင်ဟာ ရောမအင်ပါယာရဲ့ မြို့တော်ဖြစ်တဲ့ ရောမမြို့(Rome)မှာ နန်းစံပါတယ်။ ဘုရင် ကလောဒီယပ်စ်ကို လူတော်တော် များများက သဘောမကျကြပါဘူး။ အဲဒီလို သဘောမကျတဲ့ အထဲမှာ ဘုန်းတော်ကြီး ဗယ်လင်တိုင်းလဲ ပါပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ရောမမြို့မှာ နေထိုင်နေတဲ့ ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ သူဟာ သနားကြင်နာတတ်ပြီး အပြောအဆို ညင်သာ သိမ်မွေ့သူလဲ ဖြစ်ပါတယ်။ သူ့ကို ချစ်ခင် ကြတဲ့သူတွေ အလွန် များပြားပါတယ်။
         ကလောဒီယပ်စ် ဘုရင်ဟာ စစ်လိုလားသူပါ။ သူ့တပ်မတော်ကို အင်အား ကြီးသထက် ကြီးအောင် ပြုလုပ်ချင်သူပါ။ ဒါကြောင့် ရောမအင်ပါယာ ထဲမှာရှိတဲ့ ယောက်ကျားသားများ အားလုံးကို သူ့တပ်မတော်ထဲ ဝင်စေချင်ပါတယ်။ ဒါပေမယ့် သူမျှော်လင့်သလို ဖြစ်မလာပါဘူး။ သူ့အင်ပါယာထဲမှာရှိတဲ့ ယောက်ကျားသားများက တပ်မတော်ထဲ မဝင်ချင်ကြဘူး။ စစ်ကိုလဲ မတိုက်ချင်ကြဘူး။ သူတို့ရဲ့ မိသားစုတွေ၊ မိန်းမနဲ့ ကလေးတွေကို မခွဲခွာချင်ကြဘူး။ ဒါကြောင့် တော်တော် များများက တပ်မတော်ထဲဝင်ဖို့ ငြင်းဆန်ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ကလောဒီယပ်စ်ကို ဒေါသအမျက် ခြောင်းခြောင်းထွက်စေပါတယ်။ ဒါကြောင့်သူဟာ ရက်စက်တဲ့ အကြံအစည် တစ်ခု ကြံစည်ခဲ့တယ်။ တကယ်လို့ ယောက်ကျားတွေသာ မိန်းမမယူ၊ အိမ်ထောင်မပြုဘူးဆိုရင် တပ်မတော်ထဲဝင်ဖို့ စိတ်ပါလာနိုင်တယ်လို့ သူတွေးတောခဲ့တယ်။ ဒါကြောင့် သူအမိန့်တစ်ခု ထုတ်လိုက်တယ်။ အဲဒါကတော့ ထိမ်းမြား လက်ထပ်တာကို ခွင့်မပြုပဲ ပိတ်ပင် တားဆီးတဲ့ အမိန့်ပါပဲ။ လူငယ်များက ဒီအမိန့်ကို အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့ အမိန့်လို့ ယူဆကြတယ်။
            ဘုန်းတော်ကြီး ဗယ်လင်တိုင်းကလဲ ဒီအမိန့်ကို လုံးဝ ယုတ္တိမရှိဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ဒီအမိန့်ကို ဘုန်းတော်ကြီး ဗယ်လင်တိုင်းက လုံးဝ မထောက်ခံခဲ့ပါဘူး။ဘုန်းတော်ကြီး ဗယ်လင်တိုင်းဟာ ထိမ်းမြား လက်ထပ်တာကို ကောင်းသော ပြုမူခြင်းလို့ ခံယူထားတဲ့အတွက် ကလောဒီယပ်စ် ထုတ်ပြန်ထားတဲ့ အမိန့်ကို မလိုက်နာပဲ ထိမ်းမြား လက်ထပ်ပွဲတွေကို ဆက်လက် လုပ်ဆောင်ပေးခဲ့ပါတယ်။ အမိန့်ကြောင့် တိုးတိုး တိတ်တိတ်ပဲ လုပ်ခဲ့ကြရပါတယ်။ ဖယောင်းတိုင်ငယ်လေးတွေ ထွန်းညှိထားတဲ့ လက်ထပ်ပွဲကျင်းပရာ အခန်းငယ်လေးထဲမှာ ဘုန်းတော်ကြီး ဗယ်လင်တိုင်း၊ သတို့သားနဲ့ သတို့သမီးတို့ပဲရှိပါတယ်။ ကောင်းချီးမင်္ဂလာ ပေးတာကိုလဲ ဘုန်းတော်ကြီးက တိုးတိုးလေးပဲရွတ်ဆိုပါတယ်။ ဒီလိုနဲ့ တိုးတိုးတိတ်တိတ် လက်ထပ်ပွဲတွေကို အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့တာပေါ့။
           တစ်ညမှာတော့ လက်ထပ်ပွဲ ကျင်းပနေတုန်းမှာ ဘုရင့်တပ်မတော်သားတွေ ရောက်လာပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သတို့သားနဲ့ သတို့သမီးဟာ တပ်မတော်သားတွေလက်ထဲ မရောက်ခင် ထွက်ပြေး လွတ်မြောက်သွားပါတယ်။ တပ်မတော်သားများဟာ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ဖမ်းလိုက်ကြတယ်။ အဲဒီနောက်မှာတော့ အမိန့်မနာခံမှုနဲ့ ဘုန်းတော်ကြီးကို အကျဉ်းချထားပြီး သေဒဏ်စီရင်ဖို့ အမိန့်ချမှတ်ခဲ့တယ်။
            အကျဉ်းကျနေတဲ့ အချိန်မှာ ဘုန်းတော်ကြီးကို ချစ်ခင်ကြတဲ့ သူတွေဟာ အကျဉ်းထောင်အထိ လာရောက်ပြီးတော့ သူတို့ ချစ်ခင်တဲ့ ဘုန်းတော်ကြီးကို ပန်းစည်းတွေ ပစ်ပေးကြတယ်။ စာတိုလေးတွေ ပစ်ပေးကြတယ်။ ထောင်ထဲဝင်လို့မရလို့ ပစ်ပေးကြရရှာတယ်။ ဒီစာလေးတွေ၊ ပန်းစည်းလေးတွေ ကတဆင့် သူတို့ဟာ အချစ်ကို ယုံကြည်ကြတယ် ဆိုတာ ပြောခဲ့ကြတယ်။ သူတို့ဟာ ဘုန်းတော်ကြီးနဲ့ တွေ့ခွင့်မရကြဘူး။ အဲဒီထဲကမှ တစ်ယောက်သော သူဟာ ဘုန်းတော်ကြီးကို တွေ့ခွင့်ရခဲ့တယ်။ အဲဒီ တစ်ယောက်သော သူကတော့ ထောင်မှူးကြီးရဲ့ သမီးလေးဂျူလီယာ(Julia) ပဲဖြစ်ပါတယ်။ သူမရဲ့အဖေဟာ သူမကို ဘုန်းတော်ကြီးနဲ့ တွေ့ဖို့ ခွင့်ပြုခဲ့ပါတယ်။ အချုပ်ခန်းထဲထိလဲ ဝင်ခွင့်ပြုခဲ့တယ်။ သူမဟာ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်တွေကို ထောက်ခံခဲ့တယ်။ ဘုန်းတော်ကြီးရဲ့ နောက်ဆုံးအချိန်တွေကို အဖော်ပြု အားပေးခဲ့တယ်။ (တချို့သော သမိုင်းကြောင်းတွေမှာ ဂျူလီယာက မွေးကတဲက အမြင်အာရုံ မရရှာတဲ့ ဒုက္ခိတမလေး တစ်ယောက်လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဘုန်းတော်ကြီှး ဗယ်လင်တိုင်းက ဘုရားသခင်ထံမှာ ဆုတောင်းပေးလို့ မျက်စိအလင်း ပြန်ရလာတယ်လို့ ရေးသားထားတာလဲ တွေ့ရပါတယ်။)
             ဘုန်းတော်ကြီး ဗယ်လင်တိုင်းဟာ သေဒဏ် စီရင်ခြင်း ခံရမယ့်နေ့ (ဖေဖော်ဝါရီ ၁၄ရက်၊ အေဒီ ၂၆၉ခု)မှာ သူ့ရဲ့ နောက်ဆုံး အချိန်တွေမှာ အတူရှိနေခဲ့တဲ့ သူမကို ကျေးဇူးတင်တဲ့ အနေနဲ့ သူမရဲ့ သစ္စာတရား အတွက် စာတိုလေး ပေးခဲ့ပါတယ်။ အဲဒီစာတိုလေး ကတော့ “သင့်ရဲ့ ဗယ်လင်တိုင်းဆီက အချစ်မေတ္တာ”(Love from your Valentine)လို့ အဓိပ္ပါယ် ရပါတယ်။
          ဒီစာတိုလေး မှတဆင့် Valentine’s Day မှာ အချစ်သဝဏ် လွှာလေးတွေ ပေးတဲ့အလေ့အထဟာ တကမ္ဘာလုံးကို ပျံ့နှံ့သွားပုံရပါတယ်။ အမှန်တရား ဘက်က ရပ်တည်ခဲ့တဲ့ သူရဲကောင်းကြီး ကတော့ လူသေပေမယ့် နာမည် မသေခဲ့ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အင်အား ကြီးနေပါစေ၊ ချစ်ခြင်း မေတ္တာကို ဖျက်ဆီးလို့ မရနိုင်ဘူး ဆိုတာ လူသားတွေ အားလုံး သဘောပေါက်သွားကြပါပြီ။ အရာအားလုံးထက် အင်အား ကြီးမားတာ ချစ်ခြင်း မေတ္တာတရားဆိုတာ အကြွင်းမဲ့မှန်ကန်ပါတယ်။
               အခု အောက်မှာဆက်လက် ဖော်ပြမှာကတော့ အနောက်နိုင်ငံတွေမှာ Valentine’s Day နဲ့ ပတ်သတ်ပြီး ပြုလုပ်ကြတဲ့ ရိုးရာအလေ့အထတွေပါ။
              လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက အင်္ဂလန်နိုင်ငံ (England)မှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ရောက်ရင် ကလေး သူငယ်များဟာ လူကြီးတွေလို ဝတ်စား ဆင်ယင်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ သီချင်းတွေ လိုက်လံ သီဆိုပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ကောင်းချီးပေးတဲ့ သီချင်းတွေပေါ့။ (Happy New Year လိုမျိုး ဖြစ်မယ် ထင်ပါတယ်။)
               ဝေးလ်စ် (Wales) နိုင်ငံမှာတော့ သစ်သား ဇွန်းလေးတွေကို ပြုလုပ်ပြီး လက်ဆောင် ပေးကြပါတယ်။ သစ်သား ဇွန်းလေးတွေပေါ်မှာ အသဲပုံ၊ သော့နဲ့ သော့ခလောက် ပုံလေးတွေကို ဆေးခြယ်ပြီး အလှဆင်ကြတယ်။ အဲဒီ အဓိပ္ပါယ်ကတော့ “ငါ့ရဲ့အသဲတံခါးကို မင်းဖွင့်သွားပြီ” (You unlock my heart!) ဆိုတာပဲ ဖြစ်ပါတယ်။
               တချို့နိုင်ငံတွေမှာ ဆိုရင် မိန်းမပျိုလေး တွေဟာ ယောက်ကျားပျိုလေး တွေဆီကနေ အဝတ်အစားတွေ လက်ဆောင် အဖြစ်ရကြတယ်။ အဲဒီ အဝတ်အစားတွေကို သိမ်းထားရင် အဲဒီမိန်းမပျိုလေးက လက်ဆောင်ပေးတဲ့ ယောက်ကျားလေးကို လက်ထပ်မယ့်သူလို့ သတ်မှတ် လိုက်တာပဲတဲ့။
             တချို့လူတွေကလဲ ဒီလိုယုံကြည်ကြတယ်။ Valentine’s Day မှာ ခေါင်းပေါ်ကနေ မြေလူးငှက်(robin)လေး ဖြတ်ပျံသွားတယ်ဆိုရင် အဲဒီမိန်းကလေးက သင်္ဘောသားနဲ့ လက်ထပ်ရလိမ့်မယ်တဲ့။ စာကလေးငှက် ဆိုရင် ဆင်းရဲတဲ့သူနဲ့ လက်ထပ်ရပြီး ပျော်ရွှင်မှုတော့ ရလိမ့်မယ်တဲ့။ ရွှေဝါရောင်ငှက် (goldfinch)ကို တွေ့ရတယ် ဆိုရင်တော့ မီလျံနာနဲ့ လက်ထပ်ရမယ်တဲ့ဗျား…။
              နောက်တစ်ခုကတော့ တကယ်ဖြစ်နိုင်၊ မဖြစ်နိုင် မသိပေမယ့် ဖတ်ပြီးတော့ ပြုံးချင်စရာ အလေ့အထလေးတစ်ခု၊ ယုံကြည်မှုလေးတစ်ခုပေါ့။ တကယ်လို့ သင့်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သူတွေ တစ်ယောက်ထက်မက ပိုရှိနေမယ်ဆိုရင် ဘယ်တစ်ယောက်နဲ့ လက်ထပ်ရမလဲဆိုတာ ရွေးချယ်တဲ့ နည်းပါပဲ။ အရင်ဆုံး ပန်းသီးတစ်လုံးကို ယူလိုက်ပါ။ ပန်းသီးအညှာကို ကိုင်ပြီး ပန်းသီးကိုလှည့်ပါ။ အဲဒီလိုလှည့်နေတုံးမှာ သင်ရည်ရွယ်ထားတဲ့ သူတွေရဲ့ အမည်တွေကို ရွတ်ပေးရပါမယ်။ ပန်းသီးအညှာ ပြုတ်သွားတဲ့အချိန်မှာ ရွတ်မိတဲ့ အမည်က သင်လက်ထပ်ရမယ့်သူရဲ့ အမည်ပါပဲတဲ့။ ဒါ့အပြင် နောက်တစ်ခုက အဲဒီပန်းသီးကို အလည်ကနေ ထက်ခြမ်း ခွဲကြည့်လိုက်ပါ။ ပြီးတော့ မြင်တွေ့ရတဲ့ ပန်းသီးအစေ့လေးတွေကို ရေတွက်ပါ။ အဲဒီအရေအတွက်က သင်ရမယ့် ကလေး အရေအတွက်ပါပဲတဲ့။ ဒါကို ဖတ်ပြီးတော့ ပြုံးမိကြမယ်လို့ထင်ပါတယ်။
ဒီပို့စ်လေးကို ကြိုက်မိလို့သိမ်းထားတာတော့ တော်တော်လေးတောင် ကြာနေပါပြီ.. ဗဟုသုတအနေနဲ့ သိမ်းထားခဲ့တာပါ.. ခု သူငယ်ချင်းတို့လည်း ဗဟုသုတရအောင် ပြန်မျှဝေတာပါ.. ဘယ်ကကူးထားမိလဲဆိုတာတော့ မမှတ်မိတော့ပါဘူး.. ပို့စ်ပိုင်ရှင်ရှိရင် အကြောင်းကြားနိုင်ပါတယ်..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )