22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, March 20, 2012

ရခိုင်သင်္ကြန်(ရေစစ်ပွဲ)နှင့် သင်္ကြန်ဇာတ်ကား၊ သင်္ကြန်သီချင်း နှစ်ကိုယ်တူစကားဝိုင်း

 

မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသားတွေရဲ့အတာသင်္ကြန် ပွဲတော်ကြီးဟာ တစ်ပတ်ထက်တစ်ပတ် နီးကပ်လာပြီဖြစ်ပါတယ်။ သင်္ကြန်ရောက်ခါနီးပြီ ဆိုတာ သိရဖို့ အတွက် နွေဦးရဲ့လေရူးရနံ့တွေ၊ ပိတောက်၊ငုဝါပင်တို့ရဲ့ ပွင့်သစ်စရွက်နု အလှတွေနဲ့  ရေကစားပစ္စည်း အရောင်းဆိုင်များကို ကြည့်ရုံနဲ့ သင်္ကြန်သင်္ကေတကို ခံစား မိနိုင်နေကြပြီ ဖြစ်ပါတယ်။ သင်္ကြန်မတိုင်ခင် ကာလမှာကတည်းက သင်္ကြန်ရဲ့ အငွေ့အသက်လေးတွေကို ခံစားနိုင်ဖို့ အရင်အပတ်ကစပြီး သင်္ကြန်စာမျက်နှာလေးတွေ ကို ဖော်ပြပေးခဲ့ပါတယ်။ ဒီအပတ်မှာလည်း ပရိသတ်ကြီးအတွက် ရခိုင်သားလေးနေတိုးရဲ့ ရခိုင်သင်္ကြန် ခံစားမှုတချို့နဲ့ သရုပ်ဆောင် မယ်လိုဒီတို့ရဲ့ သင်္ကြန်စကား ဝိုင်းလေးကို ထပ်မံဖော်ပြ ပေးလိုက်ပါတယ်။
နေတိုး- သင်္ကြန်နဲ့ပတ်သက်ပြီးတော့ မျိုးအနေနဲ့ သင်္ကြန်လည်ရတာကို ကြိုက်တာလား။ ဒါမှမဟုတ် မဏ္ဍပ်ထိုင်တာကို ပိုကြိုက်တာလား။
မယ်လိုဒီ- မျိုးကတော့ သင်္ကြန်လည်တာလည်း မကြိုက်ဘူး။ မဏ္ဍပ်ထိုင်တာလည်း မကြိုက်ဘူး။ အနုပညာအလုပ်လုပ် ဖြစ်တဲ့အချိန်မှာတော့ သီချင်းဆိုဖြစ်တယ်။ ငယ်ငယ် တုန်းကတော့ ဘုရားကျောင်းကနေ Camp ထွက်သွားတာပေါ့။ တစ်ခါမှတော့ သင်္ကြန် မလည်ဖူးပါဘူး။
တိုး- ဒါဆိုရင် မျိုးက သင်္ကြန်မှာ အေးအေး ဆေးဆေးနေချင်တာ များတာပေါ့။ သီချင်း ဆိုပြီးတော့ပဲ ဖျော်ဖြေရတာ ကြိုက်တာပေါ့။ အဲဒီလိုမျိုးလား။
မျိုး- ဟုတ်တယ်။ ရှင်းရှင်းပြောရရင်တော့ ကြောက်တာပေါ့နော်။ သင်္ကြန်မှာသူများတွေ ရန်ဖြစ်တာကို မြင်ရရင်လည်း ကြောက်တယ်။ ကိုနေတိုးကကော ရန်ကုန်သင်္ကြန်နဲ့ ရခိုင်မှာ နေခဲ့တုန်းကသင်္ကြန် ဘယ်လိုကွာလဲ။
တိုး- အင်း..ကွာခြားမှုလေးတွေကတော့ ရှိတယ်။ ဘာလဲဆိုတော့ ဒီမှာလည်း သိမ်ဖြူ ကွင်းမှာရခိုင်နဲ့ပတ်သက်ပြီးလုပ်ကြတယ်။ ရခိုင်သင်္ကြန်ထဲမှာမှ အစ်ကိုတို့နေတဲ့ မာန်အောင်ကျွန်းမှာ သင်္ကြန်တွင်းဆိုလို့ရှိရင် အသက် ဆယ့်ခြောက်နှစ်၊ ဆယ်ခုနစ်နှစ် ဝန်းကျင်လောက်ပဲ ရေကစား ကြတာများတယ် အသက် နှစ်ဆယ်ကျော် ဝန်းကျင်တွေက ကျတော့ သင်္ကြန်တွင်းမှာ ဥပုသ်စောင့်ကြတယ်။ ဒါကတော့ ဗုဒ္ဓဘာသာအနေနဲ့ ဥပုသ်စောင့်တယ်။ သင်္ကြန်ပြီးတော့မှ ရေစစ်ပွဲဆိုပြီးတော့ သုံးရက် လုပ်ပေးတယ်။ အဲဒီအချိန်ကျမှ သင်္ကြန်ရေပက်ရတာပေါ့။
မျိုး- အစ်ကိုခုနက ပြောတာ ဘာပွဲလဲ။
တိုး- ရေစစ်ပွဲလေ။ဒါကတော့ ငယ်ငယ်တုန်းက မာန်အောင်မှာနေခဲ့တဲ့ ရခိုင်သင်္ကြန်ရဲ့ ဖြတ်သန်းမှုပေါ့နော်။ ဒါကထူးခြားမှုတစ်ခုပေါ့။
မျိုး- အဲဒါဆိုရင် အဲဒီရေစစ်ပွဲကျမှ အစ်ကိုတို့ က ရေလောင်းရတာပေါ့။
တိုး- အင်း…ရေစစ်ပွဲမှာ လူပျို၊အပျိုတွေက နှစ်ရက်လောင်းရတယ်။ ပြီးရင် အိမ်ထောင်သည် လူကြီးတွေက တစ်ရက်လောင်းရတယ်။
မျိုး- သြော်..ဒါဆိုရင် ရွေးလို့ရတာပေါ့။ အဲဒီထဲက..
တိုး- ဟုတ်တယ်။ ရွေးလို့ရတယ်။
မျိုး- ရန်ကုန်ကကျတော့ ရွေးလို့မရဘူးပေါ့နော်။ အကုန်လုံးကားပေါ်မှာ ရှိတာဆိုတော့ ဘယ်သူတွေက ဘာမှန်းမသိကြတော့ဘူး ပေါ့နော်။
တိုး-အင်း ကိုယ်လောင်းချင်တဲ့ ကောင်မလေးကို ရွေးပြီးတော့ လောင်းလို့ရတယ်။
မျိုး- သင်္ကြန်မကျခင်ကတည်းက ဘယ်သူ့ ကို လောင်းမယ်ဆိုတာ ကြို ပြီးတော့…။
တိုး- ဟုတ်တယ် ကြိုပြီးတော့ နည်းနည်းတော့ ဒိတ်လုပ်ထားတာပေါ့။
မျိုး-သင်္ကြန်ကျရင် လောင်းမယ် ဆိုပြီးတော့ပေါ့။ အစ်ကို ဒီနှစ်သင်္ကြန်ကိုကော ဘာလုပ်မလဲ
တိုး- အင်း.. သင်္ကြန်တွင်းကတော့ အိမ်မှာ အေးအေးဆေးဆေး နေဖြစ်တာ များတယ်။ သင်္ကြန်ကတော့ မလည်ဖြစ်တာ သုံးနှစ်၊ လေး နှစ်ရှိသွားပြီ။၂ဝဝ၇ တုန်းကတော့ မဏ္ဍပ် လုပ်ဖြစ်တယ်။ တခြားနှစ်တွေကတော့ အိမ်မှာပဲ နေဖြစ်တာများတယ်။ ၂ဝဝ၁၊၂ဝဝ၂ လောက်တုန်းကတော့ ရန်ကုန်သင်္ကြန် လည်တယ်။ ကွာခြားမှုကတော့ မရှိပါ ဘူး။ ပျော်စရာကောင်းပါတယ်။ မျိုးကော သင်္ကြန်နဲ့ ပတ်သက်ပြီး ကိုယ်အမြဲ အမှတ်ရနေတဲ့ သီချင်းက ဘာသီချင်း ဖြစ်နိုင်မလဲ။
မျိုး- သင်္ကြန် သီချင်းကတော့ ‘မြနန္ဒာ’ပေါ့။ စတိတ်ရှိုးတွေဘာတွေ လုပ်ရင်လည်း အပိတ်ဆိုရင် အဲဒီ သီချင်းဆိုတယ်။ သင်္ကြန်ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒီသီချင်းက အမှတ်တရ ဖြစ်နေတယ်။ ကိုနေတိုးကကော သင်္ကြန်သီချင်းထဲမှာ ဘယ်သီချင်းကို ကြိုက်လဲ။
တိုး- အင်း…သင်္ကြန်သီချင်းထဲမှာ အကုန်လုံးက ပြန်ဆိုကြတယ်။ အရင်တုန်းက သင်္ကြန်ကို တိတိကျကျ’ သင်္ကြန်မိုး’ ဇာတ်ဝင်ခန်းထဲက သီချင်းတော်တော်များများကို ကြိုက်တယ်။ အဲဒါက မြန်မာ့ဟန်လည်း ပါတယ်။ ပြီးတော့ သင်္ကြန်ကို တအားသတိရစေတယ်။ အမှတ်ရစေတဲ့ သီချင်းမျိုးတွေဖြစ်တယ်။
မျိုး- ကိုနေတိုးက သီချင်းဆိုတာကို ပရိသတ် က လက်ခံအားပေးတယ်၊ကြိုက်တယ်ဆို တော့သင်္ကြန်သီချင်းတွေကိုပြန်ဆိုဖို့ အစီ အစဉ်ကောမရှိဘူးလား။
တိုး- အစီအစဉ်ဆိုတာက ကိုယ့်ဘာသာ ကိုယ်စီစဉ်လို့ မရဘူးလေ။ သင်္ကြန်သီချင်းဆိုဖို့တော့ အစ်ကို့ကိုတစ်ယောက်မှ လာပြီး ပြောတာတော့ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဆိုတော်တွေ ကလည်း အများကြီး ရှိနေတော့ အစ်ကိုတို့လည်း မအားဘူးထင်ပြီး လာမငှားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့နော်။ ဒါပေမဲ့ ဆိုခွင့်ရှိမယ် ဆိုရင်တော့ လည်း ဒါ…အမှတ်တရအနေနဲ့ ဆိုချင်ပါတယ်။
မျိုး- ကိုနေတိုးက ‘သင်္ကြန်မိုး’ထဲက ဇာတ်ဝင်သီချင်းတွေကို ကြိုက်တယ်ဆိုတော့ သင်္ကြန် ဇာတ်ကားထဲမှာလည်း ‘သင်္ကြန်မိုး’ကားကိုပဲ အကြိုက်ဆုံးပဲလား။
တိုး- အင်းပေါ့။ အကြိုက်ဆုံးပဲ ဆိုတာက အမှတ်ရနေတာတော့ ‘သင်္ကြန်မိုး’ဇာတ်ကား တစ်ကားပဲရှိတယ်။ ဒါက သင်္ကြန်နီးပြီဆိုရင် အဲဒီကားပဲ ပြပြနေတယ်လေ။ ဒီကားက တကယ်ကို မြန်မာသင်္ကြန်နဲ့ ပတ်သက်ပြီးတော့ မပါမဖြစ်။ ပြီးလို့ရှိရင် သင်္ကြန်ကားကို ပြပါဆိုရင် ဒီကားကိုပဲ ပြရမှာပေါ့။ ဒီထဲမှာ အရှေ့အနောက် အကုန်လုံးမီအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်တယ်။ မြန်မာ့မူတွေလည်း အများကြီးပါတယ်။ နောက်ရိုက်တဲ့ ဇာတ်ကားထဲမှာ ဒီလိုမြန်မာဆန်ဆန် ဇာတ်ကားမျိုးမရှိတဲ့ အခါ ကျတော့ အစ်ကိုသိပ်မကြိုက်ဘူး။ မျိုးကကော သင်္ကြန်ရောက်ပြီ ဆိုရင် ငယ်ငယ်တုန်းက သင်္ကြန်မိုးဇာတ်ကားကို ကြည့်တယ်။ အခုချိန်မှာ ပြန်ကြည့်ရင် ဘယ်လိုမျိုး ကွာခြားမှုတွေ ရှိသွားလဲ။
မျိုး- အဲဒီတုန်းက သင်္ကြန်ဆိုတာ မကျဖူးဘူးပေါ့။ မွေးတောင် မမွေးသေးဘူး။ အရင်တုန်းက သင်္ကြန်ကနူးညံ့တယ်။သိမ်မွေ့တယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ချစ်စရာကောင်းတဲ့ သင်္ကြန်ပေါ့။ အခုသင်္ကြန်က ခေတ်ကလည်း တိုးတက်ပြီးလူတွေကလည်း တအားဟော့ရှော့တွေ၊ အမိုက်စားတွေ ဖြစ်နေတော့ မြင်ကွင်းက အပူ အအေးနှစ်ပိုင်း ကွဲသွားတယ်။
တိုး-ဒီနှစ်သင်္ကြန် မျိုးက ဘယ်မှာရှိမှာလဲ။
မျိုး- မျိုးက ဒီနှစ်သင်္ကြန်ခရီးသွားဖို့ရှိမယ်။ သီချင်းတော့ မဆိုတော့ပါဘူး။
တိုး- နှစ်သစ်မှာ အကုန်လုံး ပျော်ရွှင်နိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။
မျိုး- နှစ်သစ်မှာ အားလုံး စိတ်၏ချမ်းသာခြင်း  ကိုယ်၏ ကျန်းမာခြင်းနဲ့ လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်ပါစေ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )