22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, April 29, 2012

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိ

7301
ဓါတ်ပုံ (Eleven Media Group)

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိခဲ့ပြီး  အရေးယူမှုလျော့ရဲခြင်းအပေါ် ဝေဖန်မှုများရှိနေ၊ အဂတိလိုက်စားကာ တရားသဖြင့် မစီရင်သော တရားသူကြီးများကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ပြည်သူ့ရှေ့မှောက်တွင် ဥပဒေအရအပြစ်ပေး အရေးယူခြင်းသည် ဒီမိုကရေစီစနစ်နှင့် ပိုမိုကိုက်ညီမှုရှိမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား
သမ္မတကြီးမိန့်ခွန်း ပြောကြားပြီးသည့်နောက် ပြည်သူလူထုက တရားစီရင်ရေးဆိုင်ရာ တရားသူကြီးများအပေါ်တွင် တိုင်ကြားမှု ၇၇ မှုရှိခဲ့ပြီး တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်း မှာ မှန်ကန်မှုရှိခဲ့ကြောင်း၊ ထို့ပြင် ရာထူးအဆင့် လျှော့ချခံရသူ နှစ်ဦး၊ အငြိမ်းစားပေးခြင်း ခံရသူတစ်ဦးနှင့် သတိပေးခြင်းခံရသူ ၄၀ဦး အပါအ၀င် ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူ တရားသူကြီးပေါင်း ၅၇ ဦး ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူလူထုနယ်ပယ်တွင် တရားမျှတမှုမရှိသော တရားစီရင်မှုများ၊ လာဘ်ပေးလာဘ်ယူမှု များ ပြုလုပ်ကာ တရားစီရင်မှုများအပေါ် တိုင်ကြားမှုများစွာ ရှိနေသော်လည်း ပြစ်မှုဆိုင်ရာ ဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်မည့် ဥပဒေများ မရှိသေးခြင်း၊ အရေးယူမှုအပိုင်း ၌ အားနည်နေခြင်းများအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်အကြံပြုခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းခဲ့သည့် “တရားရေးမဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်ရေးအတွက် ၀ိုင်းဝန်းကူညီ ထောက်မပေးရေး အဆို”ကို ထောက်ခံဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က “ကျွန်တော့်အနေနဲ့ သူရဦးအောင်ကို တင်သွင်းခဲ့တဲ့အဆို ကို ဝေဖန်အကြံပြုချက်များနှင့်တကွ တင်ပြပါမယ်။ ဒီအဆိုကို ဘာကြောင့် ထောက်ခံတင်ပြ ရသလဲဆိုတာ ကျွန်တော်တို့ရဲ့ တရားရေးမဏ္ဍိုင်ဟာ အင်မတန်မှယိမ်းယိုင်နေပြီဆိုတာ ပြည်သူလူထုရဲ့ ပြောဆိုဝေဖန်ချက်တွေက သက်သေခံနေပါတယ်။ ဒီနေ့ပြည်သူကနေ နိုင်ငံခြား သတင်းဌာနတွေကို ပေးပို့တဲ့တင်ပြ စာတွေကို နားထောင်လိုက်ရင် ဒီရက်ပိုင်းလေးမှာပဲ သထုံမြို့နယ် ဥပဒေ၀န်ထမ်း၊ တခြားမြို့နယ်က တရားသူကြီးတွေ ပြည်သူလူထုအပေါ်မှာ ဥပဒေနဲ့အညီ လွတ်လပ်စွာ တရား မစီရင်တဲ့ ဥပဒေလိုင်စင်ရပြီး အလွဲသုံးစားလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆို တာ ကျွန်တော်တို့ ငြင်းလို့မရပါဘူး။ နောက်တစ်ခုက ကျွန်တော် တရားရုံးချုပ်နဲ့ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းရှိပါတယ်။ ကျွန်တော့်မေးခွန်းက ကြယ်ပွင့်ပြပါ။ ဒါပေမယ့် ကျွန်တော့်ဆီကို ပြန်လာတော့ ကြယ်ပွင့်ပြ မေးခွန်းဆိုပေမယ့် ထိပ်တန်းလျှို့ဝှက်လို့ ပါလာပါတယ်။ အဲဒါကြောင့် ပြည်ထောင်စု တရားရုံးချုပ်ရဲ့ ပြန်ကြားချက်ကို ထိပ်တန်း လျှို့ဝှက်လို့ ပါတဲ့အတွက် လွှတ်တော်တွင်းမှာ ကျွန်တော် ကိုးကားခွင့် ရှိ၊ မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြည်ထောင်စု တရားရုံးချုပ် သက်ဆိုင် သူများကို မေးမြန်းပါရစေ။ ဥက္ကဋ္ဌ ကြီးမှတစ်ဆင့် ဖြေကြားပေးပါလို့ တင်ပြပါတယ်။ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက ဆက်လက်ဆွေးနွေးရန် ပြောကြားသည်)။ ဥက္ကဋ္ဌကြီး ခင်ဗျာ ကျွန်တော့်ဆီ ပြန်ကြားစာအရ သမ္မတကြီးမိန့်ခွန်းပြောပြီးတော့ ၃၃ /၂၀၁၁မှာ ပြည်သူလူထုက တရားစီရင်ရေးအပေါ်မှာ တိုင်ကြားခဲ့တာ ၇၇ မှုရှိပါတယ်။ အဲဒီ ၇၇ မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူမှုကတော့ ၁၀ ယောက်ကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ နှစ်ဦးကို ရာထူးအဆင့် လျှော့ချခြင်း ရှိပါတယ်။ အငြိမ်းစားပေးခြင်း ခံရသူတစ်ဦး ရှိပါတယ်။ သတိပေးခြင်းခံရသူ ၄၀ ဦး ရှိပါတယ်။ စုစုပေါင်းဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားသူကြီး ၅၇ ဦးရှိကြောင်း တွေ့ရပါတယ်။ ခြုံပြောရရင် ပြည်သူလူထုရဲ့ တိုင်ကြားချက်ဟာ ၈၀ ရာခိုင်နှုန်းနီးပါး မှန်ကန်တယ်ဆိုတာ ပြည်ထောင်စုတရားရုံးချုပ်ရဲ့ ပြန်စာအရ ဖော်ပြနေပါ တယ်။ ပြည်သူလူထု နယ်ပယ်မှာတင် မကပါဘူး။ မကြာခင်က လန်ဒန်ကနေ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းကောက်ယူရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ တရားဥပဒေစိုးမိုးမှု အနည်းဆုံး ၁၀ နိုင်ငံ စာရင်းမှာ ကျွန်တော်တို့ နိုင်ငံ ပါဝင် နေပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို ထိပါးရုံတင်မကဘဲ ယခုနိုင်ငံရေး အခြေအနေသစ် အရ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း ခြင်း၊ ဆိုင်းငံ့ခြင်းကာလမှာ ကျွန်တော်တို့နိုင်ငံမှာ လာရောက်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက်လည်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အဆိုးဆုံးစာရင်းမှာ ပါဝင်နေတာကို မလိုလားအပ်ဆုံး အခြေအနေနဲ့ အရေးတကြီး ပြုပြင်ရပါတော့မယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဆွေးနွေးသွားခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဆွေးနွေးချင်ပါတယ်။ တရားရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတစ်ဝန်း စိတ်ဝင်စားနေသလို ပြင်ပနိုင်ငံ များကလည်း စိတ်ဝင်စားနေတဲ့ကိစ္စ ဖြစ်တဲ့အတွက် တကယ်လို့သာ ဖွင့်ပေးမယ်ဆိုရင် အချိန်ပိုပေးမယ်ဆိုရင် ဒီထက်မက ဆွေးနွေးမယ့်သူများ လည်း ပေါ်လာမှာဖြစ်ပါတယ်။ ဒီ နေရာမှာ ဦးသိန်းညွန့်က ဥက္ကဋ္ဌကို မေးခွန်းမေးပါတယ်။ ကြယ်ပွင့်ပြ မေးခွန်းကို ပြန်ဖြေတဲ့အခါမှာ စာ နဲ့ဖြေတယ်။ ထိပ်တန်းလျှို့ဝှက် ဖြစ်နေတယ်။ ဒါကြောင့်မို့ ဥက္ကဋ္ဌကြီး ဒါကိုဖြေကြားပေးပါ။ ရှင်းလင်းပေးပါလို့ ပြောတဲ့အခါမှာ ကျွန်တော်က ဆွေးနွေးပါလို့ပဲ ပြောလိုက်ပါတယ်။ ဦးသိန်းညွန့် ဆွေးနွေးတဲ့နေရာမှာ ထိပ်တန်းလျှို့ဝှက်လို့ ဖော်ပြရတဲ့အကြောင်းကို ကျွန်တော် သဘော ပေါက်ပါတယ်။ တရားသူကြီးများ၊ တရားရေး အဖွဲ့အစည်းများက တာဝန်ရှိသူများကို တရားရုံးချုပ်အနေနဲ့ အရေးယူခဲ့တာ အမှုပေါင်း ဘယ်လောက်၊ လူပေါင်း ဘယ်လောက်၊ ပုဂ္ဂိုလ်ပေါင်း ဘယ်လောက် ဒီလိုဖော် ပြထားတာတွေ့ရမယ်။ ဒါကို ကျွန်တော့်အထင် ပြောမယ်ဆိုရင် ပြည်သူကို ထုတ်ပြန်ကြေညာပေးမယ် (သို့မဟုတ်) လွှတ်တော်ကို အသိပေးမယ်ဆိုရင် တရားသူကြီးများအနေနဲ့ ခုနကဲ့သို့ အမှုကိစ္စများမှာ ပါဝင် ပတ်သက်နေတာတွေ ရှိနေတယ်။ ဒါကြောင့်မို့ ဒီလိုထုတ်ပြန်လိုက်တယ် ဆိုရင် တရားရုံးချုပ် တရားသူကြီးနဲ့ တခြားတရားသူကြီးများမှာ သိက္ခာတွေ ကျသွားနိုင်တယ်ဆိုတဲ့ အနေအထားအရ ထိပ်တန်းလျှို့ဝှက်ဆိုတာ ဌာန အတွင်းမှာ (သို့မဟုတ်) သူ့ပတ်ဝန်း ကျင်အတွက်ပဲ ဒီလိုဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ တကယ်တန်း ကျတော့ ကျွန်တော့်အမြင်ပြောရရင်  ဒီကိစ္စမျိုးမှာ တရားရုံးချုပ်အနေနဲ့ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ပြော ဖို့လိုပါတယ်။ ဘယ်တရားသူကြီး၊ ဘယ်နေရာမှာ၊ ဘာကိစ္စအတွက် တရားသဖြင့် မစီရင်လို့ (သို့မဟုတ်) အဂတိလိုက်စားလို့ ဒီလိုဆောင်ရွက် တာ။ ဒါကြောင့်မို့ ဒီလိုအရေးယူ လိုက်တယ်ဆိုလို့ရှိရင် တရားရုံးချုပ် အပေါ်မှာ ပြည်သူတွေအမြင်ပိုပြီးတော့ ကောင်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် ဦးသိန်းညွန့် ဆက်ဆွေးနွေးပါလို့ ပြောခြင်းဖြစ်ပါတယ်။ အဲဒီမှာမှ အခုလိုတရားရုံးချုပ်က စီမံလိုက်တာက စီမံခန့်ခွဲရေး နည်းလမ်းအားဖြင့် အပြစ်ပေးတယ်လို့ အကြမ်းဖျင်း သဘောပေါက်ပါတယ်။ တကယ်ဖြစ်သင့်တာက ဒီလိုကိစ္စမျိုး ပေါ်ပေါက်လာရင် ဥပဒေအရ အရေးယူ အပြစ်ပေးခြင်းဟာ ပိုပြီးတော့ နှစ်ဖက်မျှတလို့ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်လိုက်တယ် ဆိုလို့ရှိရင် ပြည်သူလည်းသိ၊ သက်ဆိုင်ရာ တရားသူကြီးများလည်း သိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများလည်း သိ သွားမှာဖြစ်တဲ့အတွက် ပိုကောင်းမွန် တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကတစ်ချက်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့်ခရီးမှာ စီမံခန့် ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ဥပဒေအရ အပြစ်ပေး အရေးယူခြင်းဟာ ဒီနေ့သွားတဲ့စနစ်နဲ့ပိုပြီး ကိုက်ညီမှုရှိကြောင်း ကျွန်တော့်အနေနဲ့ ထင်မြင်သုံးသပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းဝါနုက “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၇ မှာ တရားသူကြီး များရဲ့တရားစီရင်ရေးဆိုင်ရာ ဆောင် ရွက်ချက်များကို အရေးယူမှု မပြုနိုင်ရန် ကင်းလွတ်ခွင့် ပြုထားပါတယ်။ အဲဒီကင်းလွတ်ခွင့်ကို ပယ်ဖျက်သင့်ပါတယ်။ ဒါမှသာ သဘောရိုးလို့ တွင်ကျယ်စွာသုံးပြီး မရိုးမဖြောင့် ပြုလုပ်ခြင်းများ ပပျောက်ကာ တရားစီရင်ရေး ကဏ္ဍကို တည့်မတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 ဝေယံဖြိုးဦး (Eleven Media Group)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )