22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 17, 2012

အစိုးရ သတင်းစာ စွပ်စွဲချက် ABSDF တုံ့ပြန်



(လင်းသန့် ရေးသားပေးပို့သည်)

ဟင်္သာတနှင့် မြန်အောင်မြို့၌ ဖောက်ခွဲရေးလုပ်ဆောင်သူမှာ ထိုင်း-မြန်မာနယ်စပ် အခြေဆိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ အဖွဲ့ဝင် တဦးဖြစ်သည်ဟု ဖော်ပြချက်သည် မဟုတ်မမှန် လုပ် ကြံရေးသားခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပျက်ပြားသွားရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဟု ABSDF အဖွဲ့က တုံ့ပြန်ပြောဆိုသည်။

“ကျနော်တို့နဲ့ လက်ရှိ အစိုးရနဲ့ကြားမှာ စကားပြောဆိုနေတဲ့အချိန်မျိုးမှာ ဒီကိစ္စမျိုး ကျနော်တို့မှာလည်း အစီအစဉ် မရှိ ပါဘူး။ ကျနော်တို့မှာ ဒီလို လုပ်ဖို့ မူလည်းမရှိပါဘူး။ တိုင်းပြည်ရှေ့အနာဂတ်အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ပြောဆိုနေ တဲ့ ကာလမှာ ဒါမျိုးတွေကတော့ ကျနော်တို့ စကားပြောဆိုမှုပဲဖြစ်ဖြစ်၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေးပဲ ဖြစ်ဖြစ် ဒါ တွေက အဟန့်အတားတွေဖြစ်စေနိုင်တဲ့ဟာမျိုးတွေပါ” ဟု ABSDF အဖွဲ့၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ရဲဘော် မြင့်ဟိန်းက ဧရာဝတီကို ပြောသည်။

မြန်မာအစိုးရ သတင်းစာပါ သန်းကိုဦး (ခ) မင်းဇော် အသက် ၂၆ နှစ်ဆိုသည့် အမည်နံမည်နှင့် ပုဂ္ဂိုလ်မျိုး ABSDF အဖွဲ့ တွင်လည်း မရှိကြောင်း၊ ထိုသို့ တဖက်သတ် လုပ်ကြံပြောဆိုမှုကြောင့် အစိုးရနှင့် တိုင်းပြည် အနာဂတ်ကောင်းကျိုး ငြိမ်း ချမ်းရေး ထာဝရ တည်မြဲရေးလုပ်ဆောင်ပြောဆိုနေချိန်တွင် စဉ်းစားစရာဖြစ်ကြောင်း ရဲဘော်မြင့်ဟိန်းက ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေး ပြောဆိုမှု အခြေအနေနှင့် ပတ်သက်ပြီး သူက

“ကျနော်တို့နဲ့ ၂ ဦး ၂ ဖက်တွေ့ဆုံစကားပြောမယ်ဆိုတဲ့ အစီအစဉ်တွေကို အသေးစိပ် ညှိနှိုင်းဆောင်ရွက်နေတဲ့ အခြေ အနေထိ ကျနော်တို့ ရောက်နေကြပါပြီ။ ၂ ဦး ၂ ဖက် ညှိနှိုင်းမှုအရ ကျနော်တို့ဘက်က အဆင်သင့် ရှိနေပေမယ့် တဖက်မှာတော့ သူတို့ ပြုပြင်ပြောင်းလဲမှုတွေ၊ ဖွဲ့စည်းပုံ အသစ်တွေပြောင်းလဲနေတဲ့အတွက် ကျနောတို့အပေါ် ပြန် လည် အကြောင်းကြားလာမယ့်အချိန်ကို စောင့်ဆိုင်းနေဆဲကာလလည်းဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာအစိုးရ သတင်းစာများတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ မေလ ၁၁ ရက်နေ့ က မဲဆောက်မြို့ရှိ ABSDF ရုံးတွင်နေထိုင်နေသူ သန်းကိုဦး ခေါ် မင်းဇော်ကို ဖမ်းဆီးရမိကြောင်း၊ ၄င်းသည် ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က မြန်အောင်မြို့ ကြံ့ခိုင်ရေး ပါတီရုံးနှင့် ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့က ဟင်္သာတမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့ အား ဗုံးထောင် ဖောက်ခွဲခဲ့သူအဖြစ် ရေးသားထားသည်။

“တရားခံရှာမတွေ့ဘဲနဲ့ တဖက်သတ် စွပ်စွဲတာပါ။ ဒါကတော့ ပိုရှင်းပါတယ်။ မဲဆောက်မှာ ကျနော်တို့ ABSDF ရုံးလည်း မရှိပါဘူး” ဟု ရဲဘော် မြင့်ဟိန်းက ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဟင်္သာတ ခရိုင် ရဲ စခန်းတာဝန်ရှိသူကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်း လက်ခံ ဖြေကြားသူက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများ အတွက် ကောင်းမွန် အာမခံနိုင်သည့် အရာများ လုပ်ဆောင်ပေးနိုင်ရေးကိုသာ အာရုံထား လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ ABSDF အဖွဲ့က ဖောက်ခွဲရေး လုပ်သည်ဟု စွပ်စွဲပြောကြားမှုကြောင့် လက်ရှိ ငြိမ်းချမ်းရေး ပြောဆိုနေမှု အစီအစဉ်များ ပျက်သုဉ်းသွားမည် မဟုတ်ဟု ယုံကြည်ကြောင်း ရဲဘော် မြင့်ဟိန်းက ဆိုသည်။

မြန်မာအစိုးရဘက်မှ ဗိုလ်မှူးကြီး စောခင်စိုး (ငြိမ်း) ဦးဆောင်ပြီး ABSDF ဘက် မှ ဒု ဥက္ကဌ ဦးမျိုးဝင်း အပါ အ၀င် ခေါင်း ဆောင်တချို့သည် ထိုင်းနိုင်ငံ နယ်စပ်တနေရာတွင် ယခုနှစ် ဖေဖော်ဝါရီလ အတွင်း တွေ့ဆုံဆွေးနွေးကြ ပြီးနောက် ကိုယ်စားလှယ်အဖွဲ့သည်လည်း ရန်ကုန်သို့ သွားရောက်ကာ အသေး စိပ် ဆွေးနွေးရေး အစီအစဉ်များ ရေးဆွဲခဲ့သည်။

ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ယခင်စစ်အစိုးရ အဆက်ဆက်အား ဆန့် ကျင်တော်လှန်ခဲ့ သည်မှာ ၂၃ နှစ် ကျော် ရှိပြီ ဖြစ်သည်။

အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းခဲ့သည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )