ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ ကယ်ဆယ်ရေး စခန်းတစ်ခုကို ဖေဖော်ဝါရီလတွင် တွေ့ရစဉ်
ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်း အချို့တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများ ရှိနေသည် ဟု အဆိုပါ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လျက် လူမှုကူညီရေး လုပ်ကိုင်နေသူများထံမှ သတင်းရရှိပါသည်။
ကချင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေးစခန်းများတွင် သောက်သုံးရေ အခက်အခဲများလည်း ဖြစ်ပေါ်နေပြီး လက်ရှိတွင် ကျန်းမာရေးပိုင်း ချို့ယွင်းမှုများအနေဖြင့် ၀မ်းပျက် ၀မ်းလျှောရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားလျက်ရှိကြောင်း သိရှိရသည်။
“အရေးကြီးလူနာတွေကို ဆေးရုံကို ပို့ဆောင်ကုသပေမယ့် လိုအပ်နေတဲ့ ဆေးဝါးအထောက်အကူ အလုံအလောက် မရတာလည်းရှိပါတယ်။ အထူးသဖြင့် ၀မ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များ နေကြတယ်”ဟု တရုတ်နိုင်ငံတွင်းရှိ ကယ်ဆယ်ရေး စခန်းအချို့သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းတွင် စတင်ခဲ့ပြီး ယင်းကာလမှစတင်ကာ ဒေသခံများသည် ၎င်းတို့ နေထိုင်ရာ ကျေးရွာများကို စွန့်ခွာကာ ကယ်ဆယ်ရေးစခန်းများတွင် သွားရောက် ခိုလှုံခြင်းများ ရှိလာခဲ့သည်။
လက်ရှိတွင် ကယ်ဆယ်ရေး စခန်းများမှာ ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့၊ ဗန်းမော် မြို့၊ မိုးမောက်မြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တရုတ်နိုင်ငံတို့တွင် တည်ရှိနေသည်။
“အခုတလော ၀မ်းပျက်ဝမ်းလျှော၊ အထက်လန်အောက်လျှောနဲ့ သေဆုံးမှုတချို့ရှိသလို အာဟာရချို့တဲ့ တာကြောင့် ကလေးငယ်တချို့ သေဆုံးမှုလည်း ရှိပါတယ်”ဟု လူမှုကူညီရေး လုပ်ကိုင်နေသူကဆိုသည်။
ကယ်ဆယ်ရေးစခန်းများ အနက် မြို့ပေါ်နှင့်အလှမ်းဝေးသော ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေး ချို့ယွင်းမှုများ ကြုံတွေ့ရပါက ကုသမှု ရရှိနိုင်ရန် ခက်ခဲနေခြင်း၊ ကုသမှုပြုလုပ်ရန် အခြေအနေပေးသော်လည်း ဆေးဝါး မလုံလောက်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် အိမ်သာ မလုံလောက်ခြင်းစသည့် အခက်အခဲများရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ နောင်တောင်းမြို့ရှိ ကယ်ဆယ်ရေး စခန်းအချို့တွင်လည်း ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွား နေခြင်းရှိကာ ကယ်ဆယ်ရေးစခန်းရှိ ဆေးခန်းတွင် နေ့စဉ်လာရောက် ပြသသူဦးရေမှာ နေ့စဉ် ၁၀ ဦးဝန်းကျင်ရှိ နေကြောင်း၊ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော မိခင်၏ နို့ရည်ကြောင့် အာဟာရချို့တဲ့ကာ ကလေးငယ်တစ်ဦး သေဆုံးမှုလည်း ငါနောင်ပါစခန်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
3:51 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com