မြန်မာနိုင်ငံခြားရေးဝန်ကြီးဦး ဝဏ္ဍမောင်လွင်ဟာ ဝါရှင်တန်ဒီစီကို လာရောက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နဲ့ မေလ ၁၇ ရက်၊ ကြာသာပတေးနေ့ မနက်ပိုင်း ၂ နိုင်ငံ ဆက်ဆံရေး ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြာရေးဌာနက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
မေလ ၂၀ ရက်နေ့ မှာ ကုန်ဆုံးမယ့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် နောက်တနှစ်သက်တမ်း တိုးဖို့ အချိန် နီးကပ်လာတာနဲ့အတူ မြန်မာနိုင်ငံခြားရေးဝန်ကြီး အခုလို ဝါရှင်တန်ကို လာရောက်တာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံကို မနှစ်က ၂ ကြိမ်သွားရောက်ခဲ့တဲ့ ဝါရင့်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတော့ တနင်္လာနေ့က မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ယာယီရုပ်သိမ်းပေးဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ဟာ သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လက ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်စဉ် ဝါရှင်တန်ဒီစီရှိ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ သူရဲ့ ဒုတိယ ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကြောင့် အမေရိကန်နဲ့ မြန်မာနိုင်ငံကြား တိုးတက်တဲ့ ဆက်ဆံရေး အဖြစ် ၂ နိုင်ငံကြား သံအမတ်ကြီး အဆင့် ခန့်ထားရေးကိစ္စလည်း မကြာမီ အတည်ပြုဖွယ်ရှိနေပါတယ်။
ဝန်ကြီး ဦးဝဏ္ဍမောင်လွင်ဟာ မေလ ၁၃ ရက်နေ့က စင်ကာပူကို ရောက်ရှိခဲ့ပြီး ၂၀၁၄ ခု၊ မြန်မာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် ပြင်ဆင်မှုများမှာ စင်ကာပူရဲ့အကူအညီကို ရယူဖို့အပြင် နှစ်နိုင်ငံကြား နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု အကောင်အထည်ဖော်ရာမှာ  တိုးတက်မှုတွေ အကြောင်း နိုင်ငံခြားရေးဝန်ကြီး K Shanmungam နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဦးဝဏ္ဍမောင်လွင်ဟာ ဝန်ကြီးချုပ် Lee Hsein Loong နဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဦးဝဏ္ဍမောင်လွင်ဟာ မေလ ၁၅ ရက်နေ့မှာ စင်ကာပူကနေ ပြန်လည် ထွက်ခွာခဲ့ပါတယ်။