22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 5, 2012

ထိုင်း၏စွပ်စွဲချက်အကြောင်း DKBA ထပ်ရှင်းမည်


၁၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲအတွက် ကရင်၊ မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်၊ ဂျပန်၊ ဘာသာပြန်များ စီစဉ်ပေးထားသည်ဟု DKBA အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်က ရှင်းပြသည် (ဓာတ်ပုံ - ပြည်တော်မြင့်)

ထိုင်းအစိုးရက DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်အား မူးယစ်ရာဇာအဖြစ် ကြေညာကာ ဆုကြေးငွေထိုင်းဘတ် ၁၀ သိန်းထုတ်ပြန်ထားသည့် ကိစ္စ နှင့်ပတ်သက်၍ အဖြစ်မှန်ကို နိုင်ငံတကာက ပိုမိုသိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းဌာ နများနှင့် ပြည်တွင်းသတင်းဌာနများကို ဖိတ်ကြားကာ ယခုလ ၁၀ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ထပ်မံ ပြုလုပ်မည်ဟု အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်ကပြောသည်။

၎င်းက”ထိုင်းအစိုးဘက်က အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေကို နိုင်ငံတကာက ပိုမို သိရှိဘို့အတွက် သတင်းစာ ရှင်းလင်းပွဲ ထပ်လုပ်မှာဖြစ်တယ်။ ပြည်တွင်းက နိုင်ငံခြားသတင်းဌာနတွေနဲ့ ပြည်တွင်းသတင်းဌာနတွေအပြင် ထိုင်းမှာ အခြေစိုက်တဲ့ သတင်းဌာနတွေကိုလည်း ဖိတ်ထားတယ်။ သတင်းထောက်တွေရဲ့ သွား လာရေးနဲ့ လုံခြုံရေးအတွက် ကျနော်တို့အားလုံးတာဝန်ယူထားတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံခြားသတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများကို ဖိတ်စာများ ပေးပို့ထားပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် ခရီးစဉ်ကို မြ၀တီမြို့မှတဆင့် သွားရောက်နိုင်ရန် စီစဉ်ထားပြီး သတင်းစာ ရှင်းလင်းပွဲအတွက် ကရင်၊ မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်၊ ဂျပန်၊ ဘာသာပြန်များ စီစဉ်ပေးထားသည်ဟုလည်း ပြော သည်။

မြ၀တီခရိုင်ရှိ DKBA ဌာနချုပ်တွင်ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားထားသည်ဟု ဗိုလ်မှူးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။

ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ် ချလုံယူဘမ်းရုန်းဦးဆောင်သည့် ထိုင်းနိုင်ငံ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ ရုံး (ONCB) အဖွဲ့သည် ယခင်လ ၂၀ ရက်နေ့ကထုတ်ပြန်ခဲ့သည့် ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မူးယစ်ရာဇာ ၂၅ ဦးထဲတွင် စောလားပွယ် ပါရှိပြီး ဆုကြေးငွေဘတ် ၁၀ သိန်း ထုတ်ပြန်ထားသည်။

“ဒီအခြေအမြစ်မရှိတဲ့စွပ်စွဲမှုကို ထိုင်းဘက်က တာဝန်ယူဖြေရှင်းမှုတွေ မလုပ်ခဲ့ဘူး ဆိုရင် နယ်စပ်ဒေသအခြေ တည်ငြိမ်ရေးကို တာဝန် မယူနိုင်ဘူး” ဟု ယခုလ ၁ ရက်နေ့က ထိုင်းသတင်းထောက်များကို ပြောကြားခဲ့သည့် အတွက် ထိုင်းနိုင်ငံသားများ DKBA စခန်းများ တည်ရှိရာ နယ်စပ်များသို့ သွားရောက်ခြင်းမပြုရန် ယခုလ ၂ ရက်နေ့က တာ့ခ်ခရိုင်ဝန်မှသတိပေး ချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင်တင်းမာမှုများဖြစ်ပွားနေသည့် နယ်စပ်ထိုင်းဘက်ခြမ်းတွင် ထိုင်းဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ရသော DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် (ဓာတ်ပုံ - ပြည်တော်မြင့်)


ထိုင်းဘက်မှသက်သေအထောက်အထားများခိုင်လုံစွာပြသနိုင်ပါက နိုင်ငံတကာခုံရုံးသို့ မိမိ တက်ရောက်မည် ဖြစ်ကြောင်း၊ ထိုင်းအစိုးရ၏ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသည် DKBA နှင့် ကရင်အမျိုးသားထု အပြင် မြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည်ဟု စောလားပွယ်က ပြောသည်။

နယ်စပ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ယခင်ကထိုင်းစစ်တပ်နှင့်DKBA အကြား ပူးပေါင်း ဆောင်ရွက်များ ရှိခဲ့သည်ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်သည့် DKBA ကလို့ထူးဘော ဗျူဟာ အခြေစိုက်သည့် ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား(ရာဘ)အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ (ONCB) အဖွဲ့က စောလားပွယ်တွင် တာဝန်ရှိသည်ဟုဆိုကာ ဆုကြေးငွေ ထုတ် ထားခြင်းဖြစ်သည်။

ထိုင်းဒုဝန်ကြီးချုပ်ချလုံယူဘမ်းရုန်းက စောလားပွယ်အနေနှင့် ထိုင်းနိုင်ငံတွင် လာရောက် အဖမ်းခံခြင်းကလွဲ၍ အခြားနည်းလမ်းမရှိဟု ယခုရက်ပိုင်းအတွင်းက ထိုင်းရုပ်သံလိုင်းများတွင် ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သော်လည်း ထိုင်းသတင်း ထောက်များလာရောက်ရန် ကန့်သတ်ခံခဲ့ရပြီး၊ နိုင်ငံခြားသတင်းထောက်များကိုလည်း ဖိတ်ကြားနိုင်ခြင်း မရှိခဲ့သည့်အတွက် ယခုလ ၁၀ ရက်နေ့တွင် ထပ်မံပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးဆန်းအောင်က ပြောသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )