22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 11, 2012

စပိန်နှင့် အီတလီ သရေကျပြီး ခရိုအေးရှား နိုင်ပွဲရခဲ့သည့် အုပ်စု(C)အဖွင့် ပွဲစဉ်များ

လက်ရှိ ချန်ပီယံ စပိန် အသင်းသည် အီတလီအား သရေသာ ကစားနိုင်ပြီး ပွဲဦးထွက် နိုင်ပွဲနှင့် ကင်းကွဲ ခဲ့ပြီးနောက် ခရိုအေးရှား အသင်းသည် ကောင်းမွန်သော ခြေစွမ်းမျိုး ပြသကာ အိုင်ယာလန်အား အနိုင်ယူကာ အုပ်စု(C)တွင် ရမှတ်(၃)မှတ် ပိုင်ဆိုင်လာပြီ ဖြစ်သည်။

စပိန် ၁ - ၁ အီတလီ
စပိန် အသင်းသည် ပွဲထွက် လူစာရင်းတွင် အံ့ဩစရာ ကောင်းလောက်အောင် အထောင်တိုက်စစ်မှူး တစ်ဦးမှ မပါဝင်ဘဲ ကွင်းလယ် တိုက်စစ် ကစားသမားအများစုကို ပွဲထုတ် ခင်းကျင်းကာ အီတလီအား ရင်ဆိုင် ကစားခဲ့သည်။ အန်းဒရက်စ် အင်နီယေစတာ၊ ဆက်စ်ဖာဘရီဂက်စ်၊ ဒေးဗစ်ဆေးလ်ဗားတို့က တိုက်စစ်ပိုင်းကို အဓိက တာဝန်ယူကာ ကွင်းလယ်တွင် ရှာဗီဟာနန်ဒက်ဇ်၊ ရှာဘီ အလွန်ဆိုနှင့် ဆာဂျီယို ဘုရှ်ကွက်စ်တို့ ပါဝင် ကစားခဲ့ပြီး နောက်တန်းတွင် အယ်လ်ဗာရို အဘီလိုအာ၊ ဆာဂျီယို ရာမို့စ်၊ ဂျရတ်ပီကေးနှင့် ဂျော်ဒီအယ်လ်ဘာတို့ ၀င်ကစားသွားသည်။ အီတလီတွင် အန်တိုနီယို ကာဆာနို၊ မာရီယို ဘာလော့တယ်လီ၊ သီယာဂို မော့တာ၊ အန်ဒရီယာ ပီယာလို၊ ဒန်နီရယ်လ် ဒီရော့စီ၊ ဂျော်ဂျီယို ချီလီယေနီ၊ ကလော်ဒီယို မာချီစီယို အစရှိသည့် ကစားသမားများ ပွဲထွက်လာခဲ့သည်။
စပိန် Vs အီတလီ

ယခုပွဲတွင် အီတလီသည် အံ့ဩစရာ ကောင်းလောက်အောင် တိုက်စစ်ကို မြိုင်မြိုင်ဆိုင်ဆိုင် ကစားပြခဲ့ပြီး ကွင်းလယ်အင်အား တောင့်တင်း လှသဖြင့် နာမည်ကြီးနေသော စပိန်အသင်းပင် အီတလီ ကစားကွက်အောက် ရောက်နေခဲ့သည်။ အီတလီ တိုက်စစ်မှ ကာဆာနို ခြေစွမ်းပြ ထိုးဖောက်ခဲ့သလို စပိန် အသင်း၏ ခံစစ်ကြောင်းကလည်း ဖွဲ့စည်းပုံ လျော့ရဲနေသည်ကို တွေ့ရသည်။ (၂၁)မိနစ်တွင် ကာဆာနို ထောင့်ဖြတ် ကန်သွင်းသော ဘောလုံး ဂိုးပေါက်နားမှ ကပ်ထွက်သွားသလို ဘာလော့တယ်လီ ၀င်ပိတ်ရန်လည်း ခြေတစ်လှမ်းမျှ နောက်ကျနေခဲ့သည်။ (၃၆)မိနစ်တွင် ကိုက်(၃၀)မျှ အကွာမှ မာချီစီယို လှမ်းကန်သော ဘောလုံးကို စပိန်ဂိုးသမား အိုင်ကာ ကားဆီးလက်စ် ဖမ်းမိသွားသည်။ (၄၃)မိနစ်တွင် ရှာဗီနှင့် အတွဲအဖက်မှတစ်ဆင့် အင်နီယေစတာ လှမ်းကန်သော ဘောလုံး ဂိုးဘားတန်းပေါ် ကျော်ထွက်သွားသည်။ (၄၄)မိနစ်တွင် မော့တာ၏ ခေါင်းတိုက်ချက်ကို ကားဆီးလက်စ် အသည်းအသန် ပုတ်ထုတ် ကာကွယ် ခဲ့ရသည်။ စပိန်အသင်းခေါင်းဆောင် ကားဆီးလက်စ် အနေဖြင့် ခံစစ်၏ လျော့ရဲမှုများကြောင့် ပထမပိုင်းတွင် အရေးတကြီး ကာကွယ်မှု (၅)ကြိမ်ထိ ပြုလုပ်ခဲ့ရလေသည်။

ဒုတိယပိုင်းတွင် စပိန်က တိုက်စစ်ဆင်ရန် ပိုမို ကြိုးစားလာခဲ့ပြီး ဖာဘရီဂက်စ်နှင့် တွဲဖက်ကစားကာ အင်နီယေစတာ လှမ်းကန်သော ဘောလုံး ဂိုးပေါက် လွဲသွားသည်။ (၅၃)မိနစ်တွင် ရာမို့စ်၏ အမှားမှတစ်ဆင့် အပိုင်နိုင်ဆုံး အခွင့်အရေးတစ်ရပ် ဘာလော့တယ်လီ ရရှိခဲ့သော်လည်း တုံ့ဆိုင်းနှေးကွေးနေခြင်းကြောင့် နောက်မှပြေးလိုက်လာသည့် ရာမို့စ်၏ ဖျက်ထုတ်ခြင်းကို ခံခဲ့ရသည်။ ယင်းနောက် အီတလီ နည်းပြအဖွဲ့က ချက်ချင်းလိုလိုပင် ၎င်းအား အန်တိုနီယို ဒီနာတယ်လီနှင့် လူစားလဲခဲ့သည်။ (၆၁)မိနစ်တွင် ဒီနာတယ်လီက အီတလီအတွက် အဖွင့်ဂိုးကို သွင်းယူသည်။ ပီယာလို တိကျသပ်ရပ်စွာ ခင်းပေးလိုက်သည့် ဘောလုံးကို ကားဆီးလက်စ်နှင့် တစ်ဦးချင်း အတွေ့တွင် ဂိုးတိုင်ထောင့်ထဲသို့ ဒီနာတယ်လီက ကန်ထည့်သွားခြင်း ဖြစ်သည်။ နောက်(၃)မိနစ် အကြာတွင် စပိန်က ချေပဂိုး ပြန်သွင်းသည်။ ဆေးလ်ဗား ချပေးလိုက်သော ဘောလုံးကို ဧရိယာထဲတွင် ဖာဘရီဂက်စ်က ၀ါးလုံးထိုး ကန်သွင်းသွားပြီး အီတလီ ဂိုးသမား ဂီယန်လူဂီ ဘူဖွန် မည်သို့မျှ မတားဆီးနိုင်ခဲ့ချေ။ ထို့နောက်ပိုင်းတွင် နှစ်သင်းလုံး ဂိုးသွင်းခွင့်များ ရခဲ့ပြီး ဂိုးဝင်အောင် မသွင်းယူနိုင်ခဲ့ချေ။ အထူးသဖြင့် စပိန်၏ လူစားဝင် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်သည် လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေး နှစ်ကြိမ်မျှ ရရှိသော်လည်း ဖြုန်းတီးပစ်ခဲ့ခြင်းကြောင့် နှစ်သင်းလုံး တစ်မှတ်စီဖြင့် ကျေနပ်ခဲ့ရသည်။

ခရိုအေးရှား ၃ - ၁ အိုင်ယာလန်
ခရိုအေးရှား အသင်းသည် အုပ်စု(C)၏ ပထမဆုံး အဖွင့်ပွဲတွင် ရလဒ် ပြတ်ပြတ်သားသား အောင်ပွဲခံခဲ့ပြီးနောက် လက်ကျန် (၂)ပွဲတွင် စပိန်၊ အီတလီတို့နှင့် ရင်ဆိုင်ရန် အားရှိစရာ ဖြစ်လာခဲ့သည်။

ခရိုအေးရှားသည် မာရီယို မန်ဇူကစ်၊ နီကီကာ ဂျီလာဗစ်၊ လူကာမိုဒရစ်၊ အိုင်ဗန် စထရီနစ်၊ အိုင်ဗန် ရီကီတစ်၊ အိုင်ဗန် ပါရီဆစ်၊ ဗန်ဒါ ကော်လူကာ အစရှိသည့် ကစားသမားများကို ပွဲထုတ် ခင်းကျင်းခဲ့သည်။ အိုင်ယာလန်တွင် ရော်ဘီကိန်း၊ ကီဗင်ဒွိုင်းလ်၊ ကိသ်အန်ဒရူးစ်၊ ဒါမိန်းဒပ်ဖ်၊ စတီဖင်ဝါ့ဒ်၊ ရစ်ချတ်ဒန်း၊ ဂျွန်အိုရှီးယား၊ ရှောင်စိန့်လက်ဂျာ အစရှိသော ကစားသမားများ ပါဝင်ခဲ့သည်။

ပွဲအစ (၃)မိနစ်ကတည်းက ခရိုအေးရှား အသင်းက ဦးဆောင်ဂိုး စတင်သွင်းယူသည်။ ရှုပ်ထွေးနေသော အခြေအနေ မှတစ်ဆင့် မန်ဇူကစ် ဂိုးပေါက်နှင့် ခပ်လှမ်းလှမ်းမှ ခေါင်းတိုက်သွင်းယူသော ဘောလုံးကို အိုင်ယာလန် ဂိုးသမား ရှေးဂစ်ဗင်း ဒိုင်ဗင်ထိုး ပုတ်ထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ဂိုးဝင်သွားခြင်း ဖြစ်သည်။ (၁၉)မိနစ်တွင် အိုင်ယာလန်က ချေပဂိုး ပြန်သွင်းသည်။ ပြစ်ဒဏ်ဘောကို ကန်တင်ပေးလိုက်ရာမှ စိန့်လက်ဂျာက ခေါင်းတိုက်ကာ ဂိုးသွင်းသွားခြင်း ဖြစ်သည်။ (၄၂)မိနစ်တွင် အငြင်းပွားဖွယ် လူကျွံ အနေအထားမှတစ်ဆင့် ဂျီလာဗစ်က ဂစ်ဗင်းနှင့် အနီးကပ် ကန်သွင်းပြီး ခရိုအေးရှားတို့ ပွဲကို တစ်ကျော့ပြန် ဦးဆောင်သည်။

ဒုတိယပိုင်း ပြန်စပြီး (၃)မိနစ်အတွင်း ခရိုအေးရှားအသင်း နောက်တစ်ဂိုး ထပ်သွင်းပြီးနောက် ပွဲအဖြေမှာ ပြတ်သားသွားခဲ့သည်။ ပါရီဆစ် ကန်တင်ပေးလိုက်သော ဘောလုံးကို အဖွင့်ဂိုးရှင် မန်ဇူကစ်က ခေါင်းချိုးတိုက်လိုက်ရာ ဂိုးတိုင်နှင့်ထိပြီးနောက် ဂိုးသမား ဂစ်ဗင်းကို ပြန်ထိကာ ဂိုးဝင်သွားခဲ့သည်။ ပွဲချိန် နောက်ပိုင်း မိနစ်များတွင် ဒပ်ဖ်၏ ဖြတ်တင်ဘောများဖြင့် အိုင်ယာလန်က ခရိုအေးရှား ခံစစ်ကြောင်းကို ဖိအားပေး ခြိမ်းခြောက်ခဲ့သော်လည်း ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ပွဲပြီးခါနီးတွင် ဒပ်ဖ်၏ ထောင့်ကန်ဘောကို အန်ဒရူးခေါင်းတိုက်ချက် ဂိုးပေါက်နှင့် ကပ်လွဲ ခဲ့သည့်နောက် (၃-၁)ဖြင့်ပင် ပွဲပြီးသွားခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )