22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

စပိန် ဘုရင့်ဖလား ပထမ အကျော့တွင် နိုင်ပွဲရခဲ့သည့် ဘာစီလိုနာ ~ ဘာစီလိုနာ ၃ - ၂ ရီးယဲလ်မက်ဒရစ်

စပိန်စူပါ ဖလား ပထမ အကျော့ ပွဲစဉ်ကို နူးကမ့်တွင် ယှဉ်ပြိုင် ကစားရာ ဘာစီလိုနာ အသင်းက ရီးယဲလ်မက်ဒရစ်အား (၃-၂)ဖြင့် အနိုင်ရရှိ သွားခဲ့သည်။


ဘာစီလိုနာတွင် လီယွန်နယ် မက်ဆီ၊ ပက်ဒရို ရိုဒရီဂွတ်ဇ်၊ အလက်ဆစ် ဆန်းချက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ရှာဗီဟာနန်ဒက်ဇ်၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ ဒန်နီရယ်လ် အဲလ်ဗက်စ်၊ အက်ဒရီယာနို၊ ဂျရတ်ပီကေးနှင့် ဟာဗီးယား မာရှေယာနိုတို့ ပါဝင် ကစားခဲ့သည်။ ရီးယဲလ်တွင်မူ ကီရင်ဘန်ဇီးမား၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ မီဆွတ်အိုဇေး၊ ဟိုဆေး ကာလီယွန်၊ ရှာဘီ အလွန်ဆို၊ ဆမ်မီ ခီဒီရာ၊ ဖေဘီယို ကွန်ထရာအို၊ ဆာဂျီယို ရာမို့စ်၊ ရောလ် အာဘီယိုနှင့် အယ်လ်ဗာရို အာဘီလိုအာတို့ ပွဲထွက်လာခဲ့သည်။

ပွဲချိန် (၁၉)မိနစ်တွင် ဘာစီလိုနာ ညာခြမ်းမှ အဲလ်ဗက်စ် ထိုးဖောက်လာပြီး ပေးပို့မှုကို မက်ဆီ အသုံး မချနိုင်ခဲ့ပေ။ (၂၈)မိနစ်တွင် ဧရိယာ ထောင့်နားမှ မက်ဆီ ကန်ခွင့်ရခဲ့သော်လည်း ကန်ချက် လွဲချော်မှုကြောင့် ဂိုးမရခဲ့ပြန်ချေ။ မိနစ်(၃၀)တွင် ရော်နယ်လ်ဒိုနှင့် အိုဇေးလ်တို့ တွဲလုံးမှ တစ်ဆင့် ဘန်ဇီးမားက အက်ဒရီယာနိုအား ကျော်ဖြတ် ဂိုးသွင်းရန် ကြိုးစားသော်လည်း ဘာစီလိုနာ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ် ကာကွယ်နိုင်ခဲ့သည်။ (၃၁)မိနစ်တွင် ပက်ဒရို၏ လျှပ်တပြက် အဝေးကန်ချက်ကို ရီးယဲလ်ဂိုးသမား အိုင်ကာ ကားဆီးလက်စ် ပုတ်ထုတ်သွားခဲ့သည်။ (၃၇)မိနစ်တွင် အဲလ်ဗက်စ် ပင်နယ်တီ ဧရိယာထဲ ဆွဲဝင်လာသည်ကို ရာမို့စ်တားဆီးသဖြင့် ဘာစီလိုနာက ပင်နယ်တီ တောင်းဆိုသော်လည်း ဒိုင်က လက်မခံခဲ့ချေ။ ပထမပိုင်း အပြီးတွင် ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။

(၅၃)မိနစ်တွင်မူ ဧည့်သည် ရီးယဲလ်တို့ ဂိုးစရသည်။ အိုဇေးလ် ကန်တင်ပေးသော ထောင့်ကန်ဘောကို ရော်နယ်လ်ဒိုက မြေစိုက် ခေါင်းတိုက်ချက်ဖြင့် လှလှပပ ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် (၂)မိနစ် အကြာတွင် ဘာစီလိုနာက ပြန်လည် ချေပသည်။ ကွင်းလယ်မှ ကန်တင်ပေးလိုက်သည့် ဘောလုံးကို ပက်ဒရိုက လူကျွံထောင်ချောက်အား ဖောက်ထွက်ကာ ကွန်ထရာအိုအား ကျော်ဖြတ်ပြီး ကားဆီးလက်စ်နှင့် အတွေ့တွင် ကန်သွင်းသွားခဲ့သည်။ မိနစ်(၆၀)တွင် မက်ဆီ ချပေးသည့် ဘောလုံးကို အဲလ်ဗက်စ်က ဂိုးတိုင်ထောင့်ထဲ အနိမ့်ကန်ထည့်သော်လည်း ကားဆီးလက်စ် ကာကွယ်သွားပြန်သည်။ (၆၈)မိနစ်တွင် အင်နီယေစတာအား ရာမို့စ်က ဧရိယာထဲတွင် ခပ်ကြမ်းကြမ်း တားဆီးသဖြင့် ဘာစီလိုနာတို့ ပင်နယ်တီ ရခဲ့သည်။ ယင်းကို မက်ဆီက ဂိုးတိုင်ထောင့်ထဲ အမှားအယွင်းမရှိ ကန်သွင်းပြီး အိမ်ရှင်တို့ ပွဲကို ဦးဆောင်သည်။

(၇၇)မိနစ်တွင် ဘာစီလိုနာအသင်း တတိယဂိုးကို ရရှိခဲ့သည်။ အင်နီယေစတာ၏ ပါးနပ်သေသပ်သော ခင်းကျင်းပေးမှုမှတစ်ဆင့် ရှာဗီ လွတ်ထွက်သွားပြီး ကားဆီးလက်စ်၏ ဂိုးတိုင်ထောင့်ထဲ ကန်သွင်းကာ ပွဲရလဒ်သည် (၃-၁) ဖြစ်လာခဲ့သည်။ (၈၅)မိနစ်တွင် မက်ဆီအတွက် အခွင့်ကောင်းတစ်ကြိမ် ထပ်ရပြန်သော်လည်း ကားဆီးလက်စ် ကာကွယ် တားဆီးနိုင်ခဲ့သည်။ ရီးယဲလ်အတွက် နောက်ဆုံးချေပဂိုးကိုမူ လူစားဝင် တိုက်စစ်သမား အိန်ဂျယ်လ် ဒီမာရီယာက (၈၆)မိနစ်တွင် သွင်းယူခဲ့သည်။ ယင်းဂိုးသည် ဘာစီလိုနာ ဂိုးသမား ဗဲလ်ဒက်စ်၏ အမှားမှတစ်ဆင့် ပေးခဲ့ရပြီး နောက်ပြန်ပေးသည့် ဘောလုံးအား ဒီမာရီယာကို လိမ်ခေါက်ရန် ကြိုးစားရာမှ ဘောလုံးဆုံးရှုံးပြီး အာဂျင်တီးနားသား လူမရှိသော ဂိုးပေါက်ထဲ ကန်ထည့်သွားခြင်း ဖြစ်သည်။

ဘာစီလိုနာသည် ယခုပွဲ အနိုင်ရလဒ်ကြောင့် ဘာနေဗျူးတွင် ကစားမည့် ပွဲစဉ်မတိုင်မီ ရလဒ်အသာစီး အနေအထားကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ စပိန်စူပါဖလား ဒုတိယအကျော့ ပွဲစဉ်ကို ဩဂုတ်လ (၃၀)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )