
ပြုပြင်ပြောင်းလဲရေး အဆက်မပြတ် ပြုလုပ်နေသည့် ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးပေါ် ခြေလှမ်းကြောင့် မော်တော်ကားသစ်ပိုင်ရှင်များ ဦးနှောက်မုန်တိုင်းဆင်ရတော့မည်ဖြစ်သည်။
မော်တော်ယာဉ်သစ်များ နံပါတ်ပြား တပ်ဆင်ရာတွင် အင်္ဂလိပ်ဘာသာဖြင့်လည်း ရေးထိုးနိုင်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သည့်လက စတင်ပြီး တက္ကစီများကို အင်္ဂလိပ်အက္ခရာနံပါတ်များ ထုတ်ပေးခဲ့ပြီးဖြစ်သည်။
ယခု အခါ အသစ်တင်သွင်းလာသော မည်သည့်ကားအမျိုးအစားကိုမဆို အင်္ဂလိပ်အက္ခရာနှင့်ဂဏန်း တပ်လိုက တပ်နိုင်ကြောင်း၊ ထိုသို့ ရွေးချယ်ပြီးပါက မြန်မာဘာသာသို့ ပြောင်းခွင့်မရှိကြောင်း နောက်ဆုံးပေါ်စည်းကမ်းချက်ထုတ်ထားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ကားနံပါတ်များကို မြန်မာအက္ခရာနံပါတ်ဖြင့်သာ တွေ့မြင်ခဲ့ကြရသည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။
လမ်းပေါ်တွင် အင်္ဂလိပ်အက္ခရာ၊ ဂဏန်း ဖော်ပြထားသည့် မော်တော်ယာဉ် တွေ့ရှိပါက နိုင်ငံမှား ရောက်ရှိနေခြင်းမဟုတ်၊ ဒုတိယကမ္ဘာစစ်ပြီးခေတ်သို့ ပြန်ရောက်သွားခြင်းလည်း မဟုတ် စသဖြင့် ဆင်ခြင်ရတော့မည်ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက မိုးမခကို ပြောပြသည်။
မော်တော်ယာဉ်သစ်ပိုင်ရှင်များ နံပါတ်အတွက် ဘာသာရွေးချယ်ရာတွင် လွတ်လပ်စွာ ရွေးချယ် ဆုံးဖြတ်ခွင့်ပေးခြင်းသည် ဒီမိုကရေစီနိုင်ငံကြီးများတွင်ပင် မရနိုင်သည့် အခွင့်အရေးကြီးဖြစ်ကြောင်း သိရှိရသည်။
ကိုးကားသတင်း -
ပြည်ပမှတင်သွင်းလာသည့် မည်သည့်ကားသစ်မဆို အင်္ဂလိပ်အက္ခရာနှင့်ဂဏန်း တပ်ဆင်ခွင့်ပြုမည်
မြန်မာ့အလင်း
သြဂုတ် ၁၆၊ ၂၀၁၂
''အခုတင်သွင်းလာတဲ့ ကားအသစ် Taxi တွေဆို အင်္ဂလိပ်အက္ခရာ AA နဲ့ အင်္ဂလိပ်ဂဏန်းတွေ တပ်ဆင်ပေးထားပါတယ်။ ကားသစ်တင်သွင်းလာတဲ့ ကားပိုင်ရှင်အနေနဲ့ ဆန္ဒရှိလို့ တောင်းဆိုမယ်ဆိုရင် ဘယ်ကားအမျိုးအစားမဆို အင်္ဂလိပ် အက္ခရာ၊ အင်္ဂလိပ်ဂဏန်းနဲ့ နံပါတ်တွေ ထုတ်ပေးဖို့ရှိပါတယ်။ အဲ... အင်္ဂလိပ် အက္ခရာနံပါတ်ရပြီးသား ကားတွေအနေနဲ့ကတော့ မြန်မာအက္ခရာနံပါတ် ပြန်ပြောင်းခွင့် မရှိတော့ပါဘူး။ ဒါကလည်း အတင်းအကျပ် စီမံချက်ရယ်လို့ မဟုတ်ပါဘူး။ ဆန္ဒရှိကြမှပါ''ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြားသိရသည်။
မြန်မာအစိုးရလက်ထက်ကာလတစ်လျှောက် ယာဉ်များ၏ အက္ခရာနှင့်နံပါတ်များထုတ်ပေးရာ၌ မြန်မာအက္ခရာ၊ မြန်မာဂဏန်းများကိုသာ အစဉ်အဆက်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ် ဇူလိုင်လမှစတင်ကာ ပြည်ပမှ တင်သွင်းသော Taxi များကို အက္ခရာ AA ၊ အင်္ဂလိပ်ဂဏန်းဖြင့် ပထမဦး ဆုံး ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ယခုအခါ လမ်းမကြီးများပေါ်၌ AA အက္ခရာအင်္ဂလိပ်နှင့် ဂဏန်းတပ် Taxi များ ပြေးဆွဲနေသည်ကို တွေ့မြင်ရသည်။
ကားပိုင်ရှင်များအနေဖြင့် မိမိကားကို မြန်မာအက္ခရာ၊ မြန်မာနံပါတ်မှ အင်္ဂလိပ် အက္ခရာ၊ အင်္ဂလိပ်ဂဏန်းသို့ ပြောင်းလဲလိုပါက မိမိကားဟောင်းကို အပ်နှံပြီး ကားအသစ်တစ်စီး ထပ်မံတင်သွင်းပြီးမှသာလျှင် ထိုကားကို ပြောင်းလဲတပ်ဆင် စီးနင်းနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
5:52 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com