22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 2, 2012

The Lady ရုပ်ရှင်အပြီး ထပ်ပေါ်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒုတိယမြောက် မှတ်တမ်း ရုပ်ရှင်

အသက် ၆၇ နှစ်အရွယ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေပြီ ဖြစ်တာမို့လို့ သူဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ဒါရိုက်တာတွေထဲ နိုင်ငံခြားသားတွေပြီးရင် ပထမဆုံးမြန်မာလူမျိုးအဖြစ် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။
ပြသချိန် ၁ နာရီခွဲကြာမယ့် သူ့ရဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း မှတ်တမ်းရုပ်ရှင်ဟာ ရိုက်ကူးရေးအနေနဲ့ အခုမှ အစပဲ ရှိသေးတဲ့အကြောင်းကို မင်းထင်ကိုကိုကြီးက “၂၁ ရက်နေ့ကမှ အမေ့ ခြံထဲမှာ စရိုက်ဖြစ်တာပါ။ အမေစုနဲ့အင်တာဗျူးအခန်းတွေ ရိုက်ဖြစ် ခဲ့ပါတယ်”လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ် ပြီး တစ်လအကြာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်လိုတဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်ကို အသိပေးခွင့်တောင်းခဲ့တယ်လို့ ၂၀၁၀ အာဆီယံ ရုပ်ရှင် ပွဲတော်မှာ“အင်းသီး”မှတ်တမ်းရုင်ရှင်နဲ့ ဒုတိယအကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဆုရခဲ့တဲ့ မင်းထင်ကိုကိုကြီးက ပြောပြပါတယ်။
“အဲဒီတုန်းကတော့ အမေစုက ရိုက်ပေါ့။ အခုတော့ ခဏနေပါ ဦးလို့ပြောတယ်။ ၂၀၁၁ ဇူလိုင်မှာ ကျွန်တော်က နောက်တစ်ခါထပ် ပြောတော့ အမေစုကရိုက်ခွင့်ပေးလိုက်ပါတယ်”လို့ သူကပြောတယ်။ အဲဒီလို ခွင့်ပြုချက်ရတဲ့နောက်မှာတော့ မင်းထင်ကိုကိုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို အများကြီး ရှာဖွေစုဆောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်း စုကြည် နော်ဝေမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုသွားယူတော့ အဲဒီအခမ်းအနားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းမို့လို့ သူ့ရဲ့ဇာတ်ကားထဲမှာထည့်ဖို့အတွက် မင်းထင်ကိုကိုကြီးဟာ နော်ဝေကိုလိုက်သွားပြီး ဆုယူတဲ့အခမ်းအနားကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသေးတယ်။ “အမေစုအနားမှာ အဲဒီလိုမျိုးရိုက်ချင်လို့ စောင့်နေတဲ့နိုင်ငံခြားသားတွေလည်း အများကြီး။ ကျွန်တော့်ကို ရိုက်ခွင့် ပေးလိုက်တယ်ဆိုတာ ကိုယ့်မြန်မာအချင်းချင်း ရိုက်စေချင်လို့ပေးလိုက်တာ ဖြစ်နိုင်ပါတယ်” လို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။
ဇာတ်ကားလုံးဝပြီးစီးဖို့ဆိုရင်တော့ အချိန်နှစ်နှစ်လောက်ကြာဦးမယ်လို့ သူကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကြိမ်ကြိမ် အသေးစိတ်ဆွေးနွေးပြီးတဲ့နောက်မှာတော့ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင်ထဲမှာ ဘယ် အချိန်ကာလကနေ ဘယ်အချိန်အထိပါမယ်ဆိုတဲ့Timeline တစ်ခုကို ဆွဲနိုင်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံထားတဲ့ Luc Besson ရဲ့The Lady ဇာတ်ကားနဲ့ အခု မင်းထင်ကိုကိုကြီးရိုက်မယ့် မှတ်တမ်းရှင်ရှင်တို့ရဲ့ မတူညီတဲ့အချက်က တော့ အခု မင်းထင်ကိုကိုကြီးရိုက်မယ့်အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝကနေ အခု လွှတ်တော်ထဲရောက် နေတဲ့အကြောင်းတွေ ပါတာပဲဖြစ်ပါတယ်။
“အခု အဓိကပြဿနာက အချိန်။ အမေစုက အခု လွှတ်တော်ထဲမှာပဲဆိုတော့ အလုပ်အရမ်းရှုပ်နေတယ်။ ကျွန်တော် တို့လိုချင်သလို အချိန်ကိုမပေးနိုင်ဘူး။ ဒီတော့ ပြီးဖို့နှစ်နှစ်လောက်ကြာမယ်ဆိုတာ မဆန်းဘူး”လို့ မင်းထင်ကိုကိုကြီး က ပြောတယ်။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မှတ်တမ်းရှင်ရှင်ရိုက်ဖို့ စိတ်ကူးဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကလွတ်လာပြီးတော့ ရတာဖြစ်ပြီး အရင်ကတော့ ရိုက်ဖို့စိတ်ကူးမရခဲ့ဘူးလို့ သူက ဆိုပါတယ်။ ဇာတ်ကားလုံးဝ ပြီးစီးသွားရင်တော့ အဲဒီကားကို နိုင်ငံတကာမှာဖွင့်ပွဲလုပ်မယ်လို့ မင်းထင်ကိုကိုကြီးကပြောတယ်။
“ဘယ်နိုင်ငံမှာလုပ်မယ်ဆိုတာတော့ မစဉ်းစားရသေးဘူးဗျာ။ အဝေးကြီးလည်းလိုသေးတာကိုး။ လုပ်တာကတော့လုပ်မှာ။ ကျွန်တော့်မှာ အခု ဇာတ်ကားကို နာမည်တောင် မစဉ်းစားရ သေးဘူး” လို့ သူက ပြောပါတယ်။ “ပြည်တွင်းမှာတော့ အဲဒီကားကို အလကားဖြန့်မယ်။ ပရိသတ် တွေဆီ ပိုရောက်ဖို့အတွက်တော့ ရုံတွေမှာ ပြမလား၊ တီဗွီ ချန်နယ် တစ်ခုခုက လွှင့်မလားဆိုတာကိုတော့ စဉ်းစားရမယ်”လို့ သူက ဆက် ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ ပြင်သစ် ဒါရိုက်တာ Luc Besson ရဲ့ The Lady ဇာတ်ကားဟာ မနှစ်က ထွက်ရှိခဲ့ပါတယ်။ ရုံတင်ပြသခြင်းမရှိခဲ့တဲ့ အဲဒီဇာတ်ကားဟာ ခိုးကူး ခွေအနေနဲ့ အင်မတန်ရောင်းကောင်းခဲ့ပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ့သမိုင်းဆိုင်ရာအချက်အလက်တွေပေါ်မှာ လွဲမှားမှု တွေရှိတယ်ဆိုပြီး အငြင်းပွားစရာဖြစ်ခဲ့ပါသေးတယ်။ “အချစ်ဇာတ်လမ်း ဆန်ဆန်ပါပဲ။ ဇာတ်လမ်းက အစကတည်း က အချက်အလက်တွေမှားနေတာကတော့ စိတ်ပျက်စရာကြီး”လို့ The Lady ကို ခိုးကူးခွေအနေနဲ့ကြည့်ခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် ရန်ကုန်သူ မေနှင်းက ဆိုပါတယ်။
မင်းထင်ကိုကိုကြီးကတော့Luc Besson ဟာ သူ့ဇာတ်ကားထဲမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရတာဟာ ခင်ပွန်း ကွယ်လွန်သူ မိုက်ကယ်အဲရစ်ကြောင့်ရသလိုလို ပုံဖော်ထားတာ ကြောင့် ထိုဇာတ်ကားကိုThe Lady လို့မပေးဘဲThe Husband လို့ ပေးသင့်တယ်လို့ ဆိုပါတယ်။ “ဗိုလ်ချုပ်ကိုလုပ်ကြံတဲ့အခန်းမှာလည်း ခြောက်လုံးပြူးက နားထင်ကို လာတေ့ရာမှာ ဗိုလ်ချုပ်က လုပ်ချင်ရာ လုပ်ကြပါတော့ဆိုတဲ့ ပုံစံမျိုးရိုက်ပြထားတယ်။ သူအဲဒီလို ရိုက်ပြလိုက်တာက ဘယ်တော့မှ လွယ်လွယ် အရှုံးမပေး တတ်တဲ့ ဗိုလ်ချုပ်ရဲ့သိက္ခာကို စော်ကားသလိုဖြစ်နေတယ်။
သမိုင်းအချက်အလက်တွေမှားနေတာလည်းပါတော့The Lady ဟာ သေသေချာချာ ပြင်ဆင်မှုမရှိဘဲ ချက်ချင်းထရိုက်တဲ့ ဇာတ်ကားလို့ပဲ ပြောရမှာပေါ့” လို့ သူက ပြောတယ်။ အဲဒီအကြောင်းတွေကို သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတော့ ဒေါ်အောင်ဆန်းစုကြည်က “ကောင်းတာပေါ့။ သားတို့ သင်ခန်းစာယူလို့ရတာပေါ့”လို့ ပြောပါတယ်။ွှ့The Wall Street Journal သတင်းစာနဲ့ ဒီနှစ်အစောပိုင်းတုန်းကလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့Luc Besson ဟာ သူ့အနေနဲ့ The Lady ဇာတ်ကားကို ရိုက်တုန်းက အချက်အလက်မှန်မှန်ကန်ကန်ရခွင့်မကြုံခဲ့ဘူးလို့ ဆိုပါတယ်။
“ရတဲ့အချက်အလက်တွေက အများကြီးပဲ။ အဲဒါတွေကို နည်းနည်းပဲကျန်တဲ့အထိ စစ်ထုတ်ပစ်ရပါတယ်။ အဲဒီအခါမှာ တော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အမှန်တရားဆိုတာ ဒီအချက်အလက်တွေထဲမှာရှိတယ်” ဆိုတာမျိုး ရလာတယ်။ သေတော့မသေချာဘူး ဒါပေမယ့် အနည်းဆုံးတော့ နီးစပ်မှုတော့ ရှိတယ်”လို့Luc Besson က အဲဒီ အင်တာဗျူးမှာ ဖြေထားပါတယ်။ အခု မှတ်တမ်းရုပ်ရှင်ကို ရိုက်ဖြစ်သွားရတဲ့အကြောင်းနဲ့ပတ်သက်ပြီး မင်းထင်ကိုကိုကြီးက “အမေစုအပေါ် လေးစား တဲ့ စိတ်ကြောင့်ပါ။ တခြားအကြောင်းမရှိပါဘူး”လို့ ဆိုပါတယ်။ “လူပုဂ္ဂိုလ်တစ်ယောက်အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်တာ ကျွန်တော့်အတွက် ဒါဟာပထမဆုံးပါပဲ။ ကျွန်တော် တို့ဆီမှာ ကမ္ဘာကသိတဲ့လူ သုံးယောက်ရှိတယ်။ ဗိုလ်ချုပ်၊ ဦးသန့်နဲ့ အမေစု။ အခုဆို အမေစုတစ်ယောက်ပဲ ကျန် တော့တယ်။ သူ့ဘဝအကြောင်းကို ကျွန်တော့်အနုပညာနဲ့ တတ်စွမ်းသလောက် မှတ်တမ်းတင်ချင်တာပါ”လို့ မင်းထင် ကိုကိုကြီးက ပြောပါတယ်။
                                                                                                 ကျော်ဖြိုးသာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )