22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 19, 2012

အာဆင်နယ်နှင့် ရီးယဲလ်တို့ အနိုင် ရခဲ့သည့် ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်များ

ယမန်နေ့ညက ယှဉ်ပြိုင် ကစားသည့် ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲစဉ်များတွင် အာဆင်နယ် အသင်းသည် ပြင်သစ်ချန်ပီယံ မွန့်ပယ်လီယေးကို အဝေးကွင်းတွင် အနိုင် ကစားနိုင်ခဲ့ပြီး စပိန် လာလီဂါ ချန်ပီယံ ရီးယဲလ်မက်ဒရစ်မှာ အင်္ဂလန် ချန်ပီယံ မန်ချက်စတာ စီးတီးကို အနိုင် ရရှိခဲ့သည်။

မွန့်ပယ်လီယေး ၁ - ၂ အာဆင်နယ်
အာဆင်နယ်သည် အစောပိုင်းတွင် ပေးလိုက်ရသည့် ပင်နယ်တီဂိုးကို မြန်မြန်ဆန်ဆန်ပင် လိုက်လံချေပကာ အနိုင်ဂိုးထိ သွင်းယူပြီး အဖွင့်(၃)မှတ် ရရှိလာခဲ့သည်။ မွန့်ပယ်လီယေး အသင်းတွင် ဆူလီမိန်း ကာမာရာ၊ ရာမီ ကာဘယ်လာ၊ ယူနက်စ် ဘယ်လ်ဟန်ဒါ၊ အန်သိုနီ မူနီယာ၊ မာကို အက်စ်ထရာဒါ၊ ဂျာမဲလ် ဆီဟိုင်၊ ဟီလ်တန် အစရှိသည့် ကစားသမားများ ပါဝင် ကစားခဲ့သည်။ အာဆင်နယ် အသင်းတွင်မူ မွန့်ပယ်လီယေး တိုက်စစ်မှူးဟောင်း အိုလီဗာဂီရော့ဒ်အပြင် လူးကက်စ်ပိုဒေါ့စကီး၊ ဆန်တီကာဇိုလာ၊ မစ်ကယ် အာတီတာ၊ ဂါဗင်ဟို၊ အဘူဒီယာဘီ၊ သောမတ်စ် ဗာမေလန်၊ ကားလ်ဂျန်ကင်ဆန် အစရှိသည့် ကစားသမားများနှင့် လူစုံခဲ့သည်။



ပွဲအစ (၉)မိနစ် ကတည်းက အိမ်ရှင်အသင်း ဦးဆောင်ဂိုး ရရှိသည်။ ဘယ်လ်ဟန်ဒါကို ပင်နယ်တီ ဧရိယာ စည်းအစပ်တွင် ဗာမေလန် ဝင်ဖျက်ရာ ဒိုင်လူကြီးက မွန့်ပယ်လီယေးကို ပင်နယ်တီကန်ရန် ခွင့်ပြုခဲ့သည်။ ယင်းပင်နယ်တီကို ဘယ်လ်ဟန်ဒါကပင် ဂိုးသမား ဗီတို မန်နိုနီကို လှည့်စားပြီး ဂိုးအလယ်တည့်တည့်သို့ အသာအယာ ခုပ်ကန်ကာ ဂိုးသွင်းယူသွားသည်။ သို့သော်လည်း ပွဲချိန် (၁၆)မိနစ်တွင်ပင် အာဆင်နယ်အတွက် ပိုဒေါ့စကီးက ချေပဂိုး ပြန်သွင်းသည်။ အာဆင်နယ်၏ ဟန်အတိုင်း အနီးကပ် အပေးအယူ ပြုလုပ်ပြီး ကာဇိုလာ ထုတ်ပေးလိုက်သော ဘောလုံးကို ဂီရော့ဒ်က ပိုဒေါ့စကီးထံ ခင်းပေးလိုက်ရာ ဂျာမန်သားက ဂိုးသမား ဂေါ်ဖရီ ဂျော်ဒရန်နှင့် အနီးကပ် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၂)မိနစ် အကြာတွင် အာဆင်နယ်အသင်း နောက်တစ်ဂိုး ရသည်။ ကွင်းလယ်မှ ဂါဗင်ဟိုထံ ထုတ်ပေးသော ဘောလုံး နားလည်မှု လွဲကာ လိုရာမရောက်ခဲ့သော်လည်း ဂျန်ကင်ဆန်ထံ ရောက်သွားပြီး ညာခြမ်းမှ ၎င်းဖြတ်ပို့လိုက်သည်ကို ဂိုးရှေ့တွင် နေရာယူထားသည့် ဂါဗင်ဟိုက အနီးကပ် ပိတ်သွင်းသွားသည်။

(၃၄)မိနစ်တွင် ကိုက်(၂၀) အကွာမှ အက်စ်ထရာဒါ အနိမ့်လှမ်းကန်သော ဘောလုံးကို အီတလီသား ဂိုးသမား မန်နိုနီ တားဆီးနိုင်ခဲ့သည်။ (၄၈)မိနစ်တွင် ဒီယာဘီ အမှားမှ ကာဘယ်လာ အကောင်းဆုံး အခွင့်အရေး ရခဲ့သော်လည်း ဖြုန်းတီးပစ်ခဲ့သည်။ (၅၅)မိနစ်တွင် မန်နိုနီ ရှေ့တက်နေသည်ကို အခွင့်ကောင်းယူကာ ကာဘယ်လာ ကျော်ကန်သော ဘောလုံး အာဆင်နယ် ဂိုးဘားတန်းကို ထိထွက်ခဲ့သည်။ (၅၇)မိနစ်တွင် ကာဇိုလာ၏ ကန်ချက်ကို ဂျော်ဒရန် ပုတ်ထုတ်ခဲ့ရသည်။ (၈၁)မိနစ်တွင် ပါးမာတီဆက်ကာကို လှည့်ထုတ်ပြီး ဘယ်လ်ဟန်ဒါ အကောင်းဆုံး ကန်သွင်းခွင့် ရခဲ့သော်လည်း Playmaker၏ ကန်ချက်သည် မန်နိုနီ ရင်ဘတ်ထဲ တည့်တည့်ရောက်သွားသဖြင့် မွန့်ပယ်လီယေးတို့ အိမ်ကွင်းတွင် ချေပဂိုးပင် မသွင်းနိုင်ဘဲ ရမှတ်ဗလာ ဖြစ်ခဲ့ရသည်။

ရီးယဲလ်မက်ဒရစ် ၃ - ၂ မန်ချက်စတာစီးတီး
ဘာနေဗျူးတွင် ရီးယဲလ်မက်ဒရစ်အား ခံစစ်ပိတ် ကစားပြီး တန်ပြန် တိုက်စစ်နှင့် ပြစ်ဒဏ်ဘောများကို အားပြုထိုးဖောက်သည့် မန်ချက်စတာ စီးတီး၏ ဗျူဟာ အလုပ်ဖြစ်ခဲ့သော်လည်း အိမ်ရှင်အသင်း၏ စိတ်ဓာတ်ကောင်းကောင်း အားထုတ်မှုကို မလှန်နိုင်ခဲ့ပေ။ ရီးယဲလ် အသင်းတွင် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဂွန်ဇာလို ဟီဂူအင်း၊ ရှာဘီအလွန်ဆို၊ အိန်ဂျယ်လ် ဒီမာရီယာ၊ မိုက်ကယ် အက်ဆီယန်၊ ဆမ်မီ ခီဒီရာ၊ မာဆယ်လို၊ ပီပီနှင့် ရာဖေးလ် ဗာရိန်း အစရှိသည့် ကစားသမားများ ပွဲထွက်လာသည်။ မန်စီးတီးတွင် ကားလို့စ်တီဗက်ဇ်၊ ဆမ်မီ နာဆရီ၊ ဂါရတ်သ်ဘယ်ရီ၊ ယာယာတိုရေး၊ ဒေးဗစ်ဆေးလ်ဗား၊ ဟာဗီဂါစီယာ၊ ဗင်းဆင့် ကွမ်ပနီ၊ မာတီဂျာ နက်စ်တာဆစ်တို့ ပါဝင် ကစားသွားသည်။

ပွဲချိန် (၈)မိနစ်တွင် ရော်နယ်လ်ဒို စတင်ခြိမ်းခြောက်လာသည့် အားထုတ်မှုကို မန်စီးတီး ဂိုးသမား ဂျိုးဟတ် ကာကွယ်ခဲ့ရသည်။ (၁၂)မိနစ်တွင် ဒီမာရီယာ လှည့်ထုတ်ပေးသည့် ဘောလုံးကို ရော်နယ်လ်ဒို လှမ်းကန်ပြန်သော်လည်း ဟတ်ပင် ကာကွယ်သွားပြန်သည်။ (၃၉)မိနစ်တွင် တိုရေး၏ ခင်းပေးလိုက်သော ဘောလုံးကို ဆေးလ်ဗား ထိန်းကန်ရန် ကြိုးစားသော်လည်း ရီးယဲလ်နောက်တန်းက ပိတ်ဆို့ခဲ့သည်။ ထို့နောက် ဟီဂူရင်းနှင့် မာဆယ်လိုတို့ ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုပွဲသည် ဒုတိယပိုင်း ပြီးခါနီး မိနစ်(၂၀) ဝန်းကျင်မှ မြိုင်လာခဲ့သည်။



(၆၉)မိနစ်တွင် မန်စီးတီး ဂိုးစသွင်းသည်။ တန်ပြန်တိုက်စစ်မှတစ်ဆင့် တိုရေး အလယ်အူကြောင်းအတိုင်း ဆွဲထွက်လာပြီး ဘယ်ဖက်သို့ ထုတ်ပေးလိုက်သော ဘောလုံးကို လူစားဝင် တိုက်စစ်မှူး အီဒင်ဂျက်ကိုကာ ရီးယဲလ်ဂိုးသမား အိုင်ကာ ကားဆီးလက်စ် မှန်းဆထားသည့်ဘက်နှင့် ဆန့်ကျင်၍ လှိမ့်ဘော ကန်သွင်းသွားခြင်း ဖြစ်သည်။ (၇၆)မိနစ်တွင် ရီးယဲလ်က ချေပဂိုး ပြန်သွင်းသည်။ ဘယ်နောက်ခံ ကစားသမားက ဂိုးဧရိယာ ထိပ်နားတွင် ဘောလုံးရယူထားပြီးနောက် ၎င်းမသန်သည့် ညာခြေဖြင့် အမြင့်ဘော လှမ်းကန်ရာ ဂိုးဘားတန်းနှင့် ရှပ်ပြီး ဝင်သွားခဲ့ခြင်း ဖြစ်သည်။ (၈၅)မိနစ်တွင် အလက်ဇန္ဒား ကိုလာရော့ဗ် အဝေးမှ လှမ်းကန်သော ပြစ်ဒဏ်ဘောကို အလွန်ဆို တားဆီးရန် ကြိုးစားသော်လည်း လွဲချော်ကာ ဂိုးတိုင်ထောင့်ထဲ တန်းနေအောင် ဝင်သွားသဖြင့် မန်စီးတီးတို့ ပွဲကို တစ်ကျော့ပြန် ဦးဆောင်သည်။

ရီးယဲလ်အတွက် ချေပဂိုးကို (၈၇)မိနစ်တွင် လူစားဝင် တိုက်စစ်မှူး ကီရင် ဘန်ဇီးမားက ဒီမာရီယာ ပေးပို့သော ဘောလုံးကို လှည့်ထုတ်ကာ အနိမ့်ကန်သွင်းခဲ့ပြန်သည်။ မန်စီးတီးတို့ အသည်းကွဲစေမည့် ဂိုးကို မိနစ်(၉၀)တွင် ရော်နယ်လ်ဒိုက ရယူသည်။ ဘယ်ခြမ်းမှ ထိုးဖောက်ပြီး ဧရိယာထဲ ချိုးဝင်လာသည့် ပေါ်တူဂီ တိုက်စစ်မှူး၏ ထောင့်ဖြတ်ကန်ချက်သည် ကွမ်ပနီနှင့် ကွယ်နေသဖြင့် မြင်ကွင်းမရှင်းသော ဟတ်၏ လက်ရှေ့တွင် မြေထောက်ကာ ဂိုးထဲ ဝင်သွားသဖြင့် အိမ်ရှင်အသင်း ဘာနေဗျူးတွင် (၃)မှတ်အပြည့်ဖြင့် အောင်ပွဲခံခွင့် ရရှိသွားသည်။

အခြားပွဲစဉ် ရလဒ်များ

ဒိုင်နမို ဇာဂရက်ဘ် ၀ - ၂ ပေါ်တို
PSG ၄ - ၁ ဒိုင်နမိုကိဗ်
အိုလံပီယာကော့စ် ၁ - ၂ ရှော်လ်ကေး
အေစီမီလန် ၀ - ၀ အန်းဒါးလက်ခ်ျ
မာလာဂါ ၃ - ၀ ဇင်းနစ်စိန့်ပီတာစဘာ့ဂ်
ဘိုရပ်ရှားဒေါ့တ်မန် ၁ - ၀ အေဂျက်စ်အမ်စတာဒမ်
Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )