22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 16, 2012

ကျပ်သန်းထောင်ချီ ကြေးနီ အလွဲသုံးစားမှု စတင်အရေးယူ

 
ဝန်ထမ်း ၄၆ ဦးက အသိပေး ဖော်ထုတ်ခဲ့သည့် ကျပ်သန်းပေါင်း ၂၇၀၀ကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ကျော် အလွဲ သုံးစားမှုတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ကြေးနီ စီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်း တစ်ဦးတို့က ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားပြီး တရားစွဲဆိုနိုင်ရန် အမှုတည်ဆောက်နေကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးလှငွေက အတည်ပြု ပြောကြားသည်။
ဒေါ်လာ ၃ ဒသမ နှစ်သန်းကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ ကျော် အလွဲ သုံးစားမှုမှာ စစ်ဆေးဆဲ ဖြစ်နေသဖြင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်း ခံထားရသော ကြေးနီ စီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်း တစ်ဦးတို့ကို တရားရုံး တင်မည့်ရက် ရွှေ့ဆိုင်း၍ ရမန်ကြီး တစ်ပတ် ထပ်ယူထားကြောင်း ၎င်းက ဆိုသည်။
ထိန်းသိမ်း ခံထားရသည့် မုံရွာ ကြေးနီ စီမံကိန်း စက်ရုံမှူး ဦးအောင်လောဟာ နှင့် ကြေးနီပို့ တာဝန်ခံ ဦးကျော်ဆွေတို့ ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ဖမ်းဆီးထားခဲ့ပြီး ၁၄ ရက် ပြည့်မြောက် ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့ တွင် တရားရုံးသို့ ရုံးတင် စစ်ဆေးရန် စီစဉ်ထားကြောင်း၊ သို့သော် ယင်းနေ့ နေ့လယ်ပိုင်းတွင် ကျောင်းဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်လာသော သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း၏ ခရီးစဉ် ရှိသောကြောင့် မြို့နယ် တရားသူကြီးမှာ ညနေ ၄ နာရီကျော်မှ တရားရုံးသို့ ပြန်လည် ရောက်ရှိပြီး မြို့နယ် ဥပဒေ အရာရှိမှာ လည်း ယင်းအမှုအတွက် ကြည့်ရှုရမည့် စာရွက်စာတမ်း အထောက်အထားများ မှာ အလွန် များပြားသည့်အတွက် သေချာစွာ ဖတ်ရှုနိုင်ရန် ရမန်ကြီး တစ်ပတ် ထပ်ယူ ခဲ့ရကြောင်း ထိန်းသိမ်း ခံထားရသူများ၏ အကျိုးဆောင် ရှေ့နေ ဦးဝင်းမြင့်က ပြော ကြားသည်။
သတ္တုတွင်း ဝန်ကြီးဌာနနှင့် အိုင်ဗင်ဟိုး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခဲ့သော အဆိုပါ ကြေးနီ စီမံကိန်း ကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင် ကုမ္ပဏီတို့ထံ လွှဲပြောင်း ရောင်းချခဲ့သည့် အတွက် ၂၀၁၀ ပြည့် နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင် မှစတင်ပြီး ထုတ်လုပ်မှု ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ အထိ တရားမဝင် စက်လည်ပတ်၍ ကြေးနီတန်ချိန် ၃၃၈ ဒသမ ၉၃၂ တန်ကို အလွဲသုံးစား ပြုလုပ် ခဲ့သဖြင့် ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက ၂၀၁၁ ခုနှစ် စက်တင် ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးထံသို့ တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း၊ သို့သော် အရေးယူ ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိသောကြောင့် နိုင်ငံတော် သမ္မတကြီးထံသို့ တိုင်ကြားစာ ထပ်မံ ပေးပို့ခဲ့ရကြောင်း ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။ အဆိုပါ အလွဲသုံးစားမှုကို အရေးယူ ဆောင်ရွက်ပေးရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် သတ္တုတွင်း ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဖေသိန်းက ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်း၌ (ပ) နံပါတ် ၂၈၅/၂၀၁၁ ဖြင့် တိုင်ကြား ခဲ့သော်လည်း တစ်နှစ်နီးပါး ကြာမြင့်လာသည့် တိုင်အောင် ထိရောက်သော အရေးယူ ဆောင်ရွက်မှု မရှိကြောင်း၊ ပြစ်မှု ကျူးလွန်သူများတွင် အဓိက ပါဝင်ဖွယ်ရှိသော နိုင်ငံခြားသား အထွေထွေ မန်နေဂျာနှင့် အတွင်းရေးမှူးတို့မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ လဆန်းကပင် ပြည်ပနိုင်ငံသို့ အလွယ်တကူ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း ကြေးနီသတ္တုတွင်း ဝန်ထမ်းများနှင့် ထိန်းသိမ်း ခံထားရသူနှစ်ဦး၏ မိသားစုဝင်များက ပြောကြားသည်။
ယင်းကဲ့သို့ အမှုကိစ္စ ကြန့်ကြာရမှု အခြေအနေနှင့် ပတ်သက်၍ The Voice Weekly က စက်တင်ဘာလ ၆ ရက်နေ့ ၌ ဒဂုံမြို့နယ် တရားရုံးတွင် သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကို ကို မေးမြန်းခဲ့ရာ ပုဒ်မ ၆/၁ ဖြင့် ဝန်ထမ်း နှစ်ဦးကို ဖမ်းဆီး ထားသည်ဟု ကြားသိရ ကြောင်း၊ အဆိုပါ အမှုကို ဌာန ဆိုင်ရာ စုံစမ်း စစ်ဆေးမှု သာမက တိုင်းဒေသကြီး စာရင်းစစ် အဖွဲ့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနတို့က ဝင်ရောက် စစ်ဆေး နေသောကြောင့် ကြန့်ကြာ ခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။
ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစား မှုနှင့် ပတ်သက်၍ အသိပေး ဖော်ထုတ် တိုင်ကြားခဲ့သော ဝန်ထမ်း ၄၆ ဦးကို သတ္တုတွင်း ဝန်ကြီးဌာန အမှတ်(၁)သတ္တု တွင်းလုပ်ငန်း ခေတ္တ ဦးဆောင် ညွှန်ကြား ရေးမှူးနှင့် အကြီးတန်း အရာရှိများက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ တွင် လာရောက် တွေ့ဆုံခဲ့ပြီး အလွဲသုံးစားမှု မှန်ကန်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာကို ဖတ်ပြ၍ မုံရွာမြို့တွင် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အမှုစစ်ဆေး နေစဉ်မှာပင် ကြေးနီသတ္တုများ ပြန်လည် သိမ်းဆည်း မိကြောင်း အသိပေးခြင်း၊ နိုင်ငံတော် သမ္မတကြီး၏ နှုတ်မိန့်အရ အဆိုပါ သိမ်းဆည်းရမိသော ကြေးနီများကို လေလံတင် ရောင်းချရာမှ ရရှိသော နိုင်ငံခြားငွေများ ကို ဘဏ်တွင် အပ်နှံခြင်း၊ ယင်းငွေထဲမှ ရန်ကုန်နှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီး များတွင် ကင်ဆာရောဂါကုစက်များ လှူဒါန်း ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့ကို အသိပေး ပြောကြားခဲ့သည်ဟု ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက ပြောကြားသည်။
ရန်ကုန်နှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီးတို့တွင် သတ္တုတွင်းဝန်ကြီး ဌာနကသော်လည်းကောင်း၊ မြန်မာအိုင် ဗင်ဟိုး ကုမ္ပဏီက သော်လည်းကောင်း ကင်ဆာ အထူးကု စက်များ လှူဒါန်းထားမှုရှိ မရှိကို The Voice Weekly သတင်း အဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့တွင် အတည်ပြု မေးမြန်းခဲ့ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အများ စုပေါင်း လှူဒါန်း ထားသော ကင်ဆာ ဓာတ်ရောင်ခြည် စက်နှစ်လုံးသာ ရှိပြီး အလှူရှင်များ စာရင်းတွင် သတ္တုတွင်း ဝန်ကြီးဌာနပါဝင် ခြင်း မရှိကြောင်း ကင်ဆာ ဓာတ်ရောင်ခြည် ဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ စိုးဦးမောင်က ပြောကြားသည်။
မန္တလေး ပြည်သူ့ ဆေးရုံကြီး ကင်ဆာဌာနတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် ဝယ်ယူထား သော ဓာတ်ရောင်ခြည် စက်နှစ်လုံးသာ ရှိပြီး တစ်လုံးမှာ တပ်ဆင်ထားခြင်း မရှိသေးသော စက်အသစ်ဖြစ်ကြောင်း အဆိုပါ ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ပထမပတ်က ဖြစ်ပေါ်ခဲ့သော ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစားမှုတွင် ကြေးနီစက်ရုံ ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီး ထားသော်လည်း အဆိုပါ ကြေးနီများကို ရန်ကုန်မြို့အထိ သယ်ယူခဲ့ရာ၌ ပါဝင်ခဲ့သူများနှင့် ရှစ် လ နီးပါးကြာ လက်ခံ သိမ်းဆည်း ထားသူများကိုမူ အရေးယူနိုင်ခြင်း မရှိသေးကြောင်း ကြေးနီ သတ္တုတွင်း ဝန်ထမ်းများ နှင့် ထိန်းသိမ်းခံရသူ နှစ်ဦး၏ မိသားစုဝင်များက ပြောကြားသည်။
“ဒီတန်ချိန် ၃၀၀ ကျော်ကြီးကို ဒီနှစ်ယောက် တည်းနဲ့တော့ လုံးဝ မဖြစ်နိုင် ပါဘူး။ ကြီးကြီးပိုင်းက မပါဘဲ နဲ့တော့ လုပ်ရဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကလည်း အမှန်အတိုင်း ဖြစ်စေချင်ပါတယ်” ဟု ဆားလင်းကြီး ရဲတပ်ဖွဲ့ စခန်း တွင် ထိန်းသိမ်း ခံထားရသော ကြေးနီ စီမံကိန်း ဝန်ထမ်း ဦးကျော်ဆွေ၏သား ဖြစ်သူ ဦးသက်ဝင်းထွန်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီသို့ ပေးပို့သော ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အရေးကြီးသော စစ် ဆေး တွေ့ရှိချက် အစီရင်ခံစာ ၃/၂၀၁၂ တွင် ကြေးနီ ၃၃၈ ဒသမ ၉၃၂ တန်ကို စာရင်း မဖော်ပြဘဲ မမှန်မကန် ထုတ်ယူခဲ့ သည့် မှတ်တမ်း အထောက်အထားများ ကြိုတင် ဖျောက်ဖျက်ထားခြင်း များကို မြန်မာအိုင်ဗင်ဟိုး ဝန်ထမ်းများ ဖြစ်သော ဌာနမှူး ဦးအောင်လောဟာ၊ General Manager Mr.Glenn E.Forl နှင့် ဒေါ်သီရိတို့က ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ တိုင်စာကို စစ်ဆေးရာမှ အစုရှယ်ယာ ရောင်းချခြင်း တွင် ကျသင့်ငွေ ဒေါ်လာသန်း ၁၀၀ ကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်က ပေးချေခြင်း မဟုတ်ဘဲ ဝမ်ဘောင် ကုမ္ပဏီက ပေးချေ ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြ ထားသည်။
ဇန်န၀ါရီလ ၁ ရက်နေ့မှ ၄ ရက် နေ့အထိ လေးရက်တာ ကာလအတွင်း ဒေါ်လာသုံးသန်းကျော် တန်ဖိုးရှိသော ကြေးနီ တန်ချိန် ၃၃၈ ဒသမ ၉၃၂ တန် ကို ထုတ်လုပ် နိုင်ခဲ့သော မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီ၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း ကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သို့ ဒေါ်လာသန်း ၁၀၀ ဖြင့် ရောင်းချခဲ့ခြင်း မှာ မေးခွန်း ထုတ်ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း အမျိုးသား လွှတ်တော် သတ္တုနှင့် သယံဇာတ ကော်မတီဝင် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“ကျွန်တော် အမှန်အတိုင်း ပြောရရင် MEC နဲ့ ဦးပိုင်မှာ စီမံခန့်ခွဲရေး လုပ်နေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုကို အယုံအကြည် မရှိဘူး။ တပ်မတော်က လုပ်တဲ့ စီးပွားရေး လုပ်ငန်းတွေက ရှုံးတာ များတယ်။ မြင်းခြံ သံမဏိ စက်ရုံကို ဝန်ကြီးဌာန လက်ထဲ ပြန်လွှဲပြောင်း လိုက်သလို၊ ဦးပိုင်က လုပ်နေတဲ့ လုပ်ငန်းတွေ ကိုလည်း ဝန်ကြီးဌာန လက်ထဲ လွှဲပြောင်း ပေးရင်၊ ပုဂ္ဂလိကပိုင် ပေးမယ်ဆိုရင်လည်း Open Tender ပေးစေ ချင်တယ်” ဟု ဦးဖုန်းမြင့်အောင် က ဆိုသည်။
အနာဂတ် ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း များကို ဒေသခံများ၏ သဘောဆန္ဒ ရယူပြီးမှ ဆောင်ရွက်သွားရန်နှင့် စီမံကိန်းပါ အချက်အလက်များနှင့် ရရှိမည့် အကျိုး အမြတ်များကို ပွင့်လင်း မြင်သာမှု ရှိစွာဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မုံရွာမြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီက ဝက်မှေး ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
“လေးရက်ကို ဒေါ်လာသုံးသန်းနဲ့ တွက်မယ် ဆိုရင် ခြောက်လ ကြာတာနဲ့ အရင်းကျေပြီ။ လျှော့ဈေးနဲ့ လက်သိပ် ထိုးရောင်း မရောင်းဆိုတာ ကာယကံရှင်တွေပဲ သိနိုင်မှာပါ။ အသွင် ကူးပြောင်းရေး ကာလ ဖြစ်တဲ့အတွက် နိုင်ငံပိုင် လုပ်ငန်း တွေကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်းတာတွေ အများကြီး ရှိခဲ့တယ်” ဟု ပြည်သူ့ လွှတ်တော် ငွေစာရင်း ကော်မတဝင်တစ်ဦး က ပြောကြားသည်။
အဆိုပါ မုံရွာ ကြေးနီ စီမံကိန်း အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာ လေးရွာမှာ ရွှေ့ပြောင်းပေးရန် ဖိအားပေး ခံခဲ့ရခြင်း၊ လယ်ယာမြေ ဧကပေါင်း ၇၈၀၀ ကျော် သိမ်းဆည်း ခံခဲ့ရသဖြင့် တောင်သူများ ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရခြင်း၊ ကြေးနီ စီမံကိန်း စွန့်ပစ် မြေစာပုံများကြောင့် သဘာဝပတ်ဝန်း ကျင် ပျက်စီးခြင်းများ ကြုံတွေ့နေရခြင်း စသည့် ရလဒ်များကြောင့် ဒေသခံများမှာ အဆိုပါ စီမံကိန်း ရပ်ဆိုင်းရန် ဇွန်လ ပထမပတ်မှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုလျက် ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ပေါ်သို့ ကူးစက်ခဲ့သည်။ 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )