သုတ္တံ ၂၂း၁ "ကောင်းသော အသရေကို များစွာသော ဥစ္စာထက် သာ၍ ရွေးစရာ ကောင်း၏။ သူတစ်ပါး စုံမက်ခြင်း ကျေးဇူးသည် ရွှေငွေ ထက်သာ၍ ကောင်း၏။
အမရိကန် နိုင်ငံတွင် သမ္မတကြီးများ အဆက်ဆက် ရှိခဲ့ရာ အချို့သော သူများက လှပသော သမိုင်းကြောင်းကို ရေးခဲ့ကြသည်။ အချို့သော သူများက ရာဇ၀င် တွင်လောက်အောင် ထူးချွန်း ပြောင်မြောက်သော လုပ်ရပ်များ ရှိခဲ့သလို အချို့သော သူများ၌ အထင်ကြီး လေးစား ဂုဏ်ယူဘွယ် ကောင်းသော ဂုဏ်ပုဒ် များလည်း ရှိခဲ့ကြပါသည်။
သမ္မတကြီး အဗြဟံ လင်ကွန်းသည်လည်း အမေရိကန် နိုင်ငံ၏ သမ္မတ တစ်ဦး ဖြစ်ခဲ့ပါသည်။ သူသည် လူပင် သေသော်လည်း နာမည် မသေခဲ့သော ပုဂ္ဂိုလ် တစ်ပါးဖြစ်သည်။ သမ္မတကြီး လင်ကွန်း အပါအ၀င် အထင်ကရ ပုဂ္ဂိုလ်ကြီး လေးဦး၏ ရုပ်တုကို Black Hill Of Dakota တောင်တန်းတွင် ထွင်းထု ထားသည်မှာ အသက်ဝင်လှပြီး ကမ္ဘာ့အံဘွယ် လက်ရာ တစ်ခု အဖြစ် ထင်ရှား ကျော်ကြား ခဲ့ပါသည်။ သမ္မတကြီး လင်ကွန်းသည် အရပ်မြင့်မြင့်၊ ခါးကိုင်းကိုင်း၊ မေးရိုးကားကား နှင့် ရုပ်ရည်မှာ မထည်ဝါ လှသော်လည်း အဘယ်ကြောင့် သူသည် နိုင်ငံကျော် ရပါသနည်း။
သူသည် ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာပါသည်။ လက်လုပ် လက်စား လယ်သမား မိသားစုတွင် ဖခင်၏ လယ်ယာ လုပ်ငန်း၌ အသက် (၂၀) အထိ လုပ်ဆောင်ခဲ့ပါသည်။ အညတရ သစ်လုံး အိမ်တိုင် ကလေးမှ ခမ်းနား ထည်ဝါလှသော သမ္မတ အိမ်ဖြူတော်ကြီး၌ တစ်နေ့ ရောက်ရမည်ကို လင်ကွန်း အနေနှင့် စဉ်းစားမိမည် မဟုတ်ပါ။ သို့သော် သူသည် တော်ပြီး ကြိုးစားသူ တစ်ဦး ဖြစ်လာသည်။ ထိုကဲ့သို့သော ကြီးမြတ်သူ တစ်ဦး ဖြစ်လာရန် လမ်းကြောင်းပေးသည့် အရာမှာ သူ၏ ရိုးသား ဖြောင့်မက်ခြင်းနှင့် ကောင်းစွာ အသက်ရှင် ခဲ့ခြင်း တို့ကြောင့်ဟု ဆိုလျှင် မှားမည်မထင်ပါ။ သူသည် သမ္မတ တစ်ဦး ဖြစ်လာရသည်ကို ပြောပြမည် ဆိုလျှင် အတော်ပင် ခရီး ရှည်မည် ထင်ပါသည်။
သူ့အသက် (၂၀) သို့ ရောက်လာ သောအခါ မိဘလယ်ကို စွန့်ပြီး မြို့သို့ တတ်လာသည်။ အမေရိကန် တောင်ပိုင်း ပြည်နယ်ရှိ နယူအော်လန်းမြို့သို့ မစ္စစပီ မြစ်ကြီးကို ဖြတ်ပြီး ရေလမ်းခရီး ဖြင့် ရောက်လာခဲ့သည်။ ၀ါခင်းများ၌ အလုပ် လုပ်နေကြသော နီဂရိုး ကျွန်များကို ပထမဦးဆုံး မြင်တွေ့လိုက်ရာ အတော်ပင် ထိပ်လန့် တုန်လှုပ် သွားပြီး ကျွန်စနစ် ပပျောက်ဘို့ မိမိကြိုးစား မည်ဟု စိတ်ဆုံး ဖြတ်ချက် ချလိုက်သည်။
ဖခင်၏ လယ်ယာ လုပ်ငန်းမှ ထွက်ခွါလာပြီးနောက် အလုပ် အမျိုးမျိုး လုပ်ခဲ့သည်။ ပထမဦးစွာ သူသည် စာရေး အလုပ် ၀င်လုပ်သည်။ ထို့နောက် စတိုးဆိုင်ပိုင်ရှင် ထို့နောက် စာတိုက်အုပ် အလုပ်များကို လုပ်ကိုင်ခဲ့သည်။ နောက်ဆုံးတွင် ဥပဒေ ပညာကို သင်ယူပြီး ရှေ့နေ တစ်ဦး ဖြစ်လာသည်။ ထို့နောက် နိုင်ငံရေး လောကသို့ ခြေချပြီး စကား ပြောကောင်းသူ တစ်ဦးအဖြစ် လူသိထင်ပေါ် ကျော်ကြား လာခဲ့သည်။
နယူယောက်မြို့ လူထု တရားဟော ပွဲကြီး၌ ကျွန်စနစ်ကို ဆန့်ကျင်သော သူ၏ မိန့်ခွန်းက လူအများကို တုန်လှုပ်စေခဲ့သည်။ သူသမ္မတ ဖြစ်လာသော အခါတွင် အမေရိကန်ပြည်၌ ကျွန်များအားလုံးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သည်။ သို့သော် လင်ကွန်းသည် အသက်ရှည်စွာ မနေလိုက်ရပါ။ ကျွန်စနစ်ကို အဆုံးသတ် စေသည့် ပြည်တွင်းစစ် အပြီး ကဇတ်ရုံ၌ စိတ်မနှံ့သူ တစ်ဦး၌ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံရလိုက်ရပါသည်။ သူသည် ပြည်သူ့ အချစ်တော် သမ္မတကြီး တစ်ဦး ဖြစ်ခဲ့သည်မှာ သူတော်၍ တတ်၍ မဟုတ်ပါ။ သူ၏ ရိုးသားဖြောင့်မက် ခြင်းနှင့် သနားကြင်နာ တတ်သော နှလုံးသား ရှိသောကြောင့်သာလျှင် ဖြစ်သည်။
သူသည် ကြင်နာတတ်သော နှလုံးသားမှာ လူကိုပင် မဆိုထားနှင့် တရိစ္ဆာန်များကိုပင် ကြင်နာ ချစ်ခင်သော သူတစ်ဦး ဖြစ်ပါသည်။ ရယ်စရာ ကောင်းသည့် အဖြစ်အပျက်ကို ဖော်ပြချင်ပါသည်။ ထိုအချိန်တွင် သူသည် ရှေ့နေတစ်ဦးဖြစ်ပြီး သူငုယ်ချင်းများနှင့် အတူ အခြားမြို့ တစ်မြို့ သို့ မြင်းစီး ထွက်လာရာ တာလမ်းလေးအတိုင်း လျှောက်လာကြပါသည်။ သူတို့သည် ရွံ့ နွံအိုင်ကို ဖြတ်ကြသည်။ ထိုအချိန်တွင် ၀က်ငယ်ကလေးတစ်ကောင် ထိုရွံ့အိုင်ထဲသို့ ပြုတ်ကျရာ ထိုဝက်ကလေးမှာ ရုန်းကန်နေပြီး စူးရှစွာ အော်နေသည်။ လင်ကွန်းက "အော် သနားစရာ ၀က်ကလေးပါလား" ဟု ဆိုသည်။ ထို့နောက် သူ့အဖေါ်များကို "ငါဒီမှာ ရပ်ပြီး ၀က်ကလေးကို ကယ်ချင်တယ်။" ဟု ပြောသောအခါ သူငယ်ချင်းများက "မမိုက်ချင်စမ်းပါနဲ့ကွာ၊ မင်းတစ်ကိုယ်လုံး ရွံ့တွေ ပေကုန်ရင် တရားရုံး တရားသူရှေ့မှာ ဘယ်လိုလုပ် ရင်ဆိုင်မှာလဲ" ဟု ပြောပါသည်။
သို့သော် ခရီးဆက်လာကြရာ မလှမ်းမကမ်းတွင် လင်ကွန်သည် မနေသာတော့ဘဲ " ဟိုဝက်ကလေးကို ဒီလို ပစ်မထားရက် ဘူးကွာ" ဟု ဆိုကာ နောက်ကြောင်းပြန်ကာ ရွံ့နွံထဲတွင် နစ်နေသော ၀က်ကလေးကို ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်သည်။ ပြီးသည်နှင့် သူငယ်ချင်း များနှင့် အတူ ခရီးဆက်လေသည်။
သူငယ်ချင်းများက "မင်း အ၀တ်အစားတွေ ညစ်ပတ်ကုန်ပြီ" ဟု သူ့ကို ညည်းညူကြပါသည်။ သူကလည်း " ငါ့ အ၀တ်အစား အတွက် မပူပါနဲ့၊ နဲနဲ ပါးပါး သန့်ရှင်းရေး ပြန်လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ။ ဒုက္ခ ရောက်နေတဲ့ ၀က်ကလေးကို ကယ်တင်လိုက်ရလို့ ငါ့နှလုံးသား ထဲမှာ နာကျင်မှု သက်သာသွားတယ်။" ဟု ရယ်မောလျှက် ပြန်ပြောလိုက်ပါသည်။
ဘာမှ မဟုတ်သော ၀က်ကလေး တစ်ကောင်အပေါ်တွင် သနားကြင်နာ စိတ်ရှိသော သူတစ်ဦးသည် သနားစရာ ဘ၀မှာ ရုန်းကန် နေရသော ကျွန်များအတွက် များစွာ လုပ်ဆောင် နိုင်ခဲ့ခြင်းသည် ဂန္ဓ၀င် စာတင်လောက်သည် မဟုတ်ပါလား"
၂၀၁၁ ခုနှစ် စက်တင်ဘာလထုတ် စိန်ခေါ်သံ မဂ္ဂဇင်းမှ မမူမူဝင်၏ စာမူကို ပြန်လည်ကူးယူ ဖော်ပြပါသည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com