တနင်္ဂနွေ နေ့တွင် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်သည် မိမိ၏ ချယ်လ်ဆီး မန်နေဂျာ အဖြစ် စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် နောက်ဆုံး တည်ရှိမှု ဖြစ်လာနိုင်ကြောင်း ရောဘတ်တို ဒီမက်တီယိုက အရိပ်အမြွက် ပြောကြားလိုက်သည်။
အီတလီသား ဒီမက်တီယိုသည် အန်ဒရီဗီးလက်စ် ဘိုအာ့စ်ကို ချယ်လ်ဆီးက ထုတ်ပယ် ခဲ့ချိန်တွင် ယာယီ မန်နေဂျာ အဖြစ် အသင်းကို ဦးဆောင် ခဲ့ရသည်။ ၎င်းသည် ချယ်လ်ဆီးအား FA ဖလား ရယူ ပေးခဲ့သလို ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်ထိ ပို့ဆောင် ပေးနိုင်ခဲ့သော်လည်း အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက ၎င်းကို အမြဲတမ်း မန်နေဂျာ ရာထူးအတွက် လျာထား စဉ်းစားဟန် မတူကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အသက်(၄၁)နှစ်ရှိ ဒီမက်တီယိုက မိမိ လုပ်နိုင်သည့် ကိစ္စသည် လာမည့်စနေနေ့၌ ဘိုင်ယန်မြူးနစ်အား အနိုင်ယူပြီး အသင်းထံမှ အမြဲတမ်း မန်နေဂျာ အဖြစ် ကမ်းလှမ်း လာမည်ကို မျှော်လင့်ရုံသာ ရှိကြောင်း ၀န်ခံထားသည်။
ဒီမက်တီယိုက "ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးရင် ဘာတွေ ဖြစ်မလဲဆိုတာ ကျွန်တော် ဘယ်လိုမှ ကြိုမသိနိုင်ပါဘူး။ ကျွန်တော့်အတွက် လောလောဆယ်မှာ အနာဂတ်ဟာ ကြိုတွေးဖို့ ဝေးလွန်းပါသေးတယ်။ ကျွန်တော့်အတွက် ဒီထက် အရေးကြီးတာတွေ ရှိသေးတယ်။ ဒါတွေကို အကောင်းဆုံး ဖြတ်သန်းဖို့ ကျွန်တော် လုပ်ရပါမယ်"ဟု ဆိုသည်။ ၎င်းက ချယ်လ်ဆီး မန်နေဂျာ ရာထူးအတွက် မသေချာသေးကြောင်းလည်း ပြောဆိုသွားသည်။ ၎င်းက "ကလပ်အသင်းက ခုချိန်ထိ ကျွန်တော့်ကို ဘာမှ မပြောသေးပါဘူး။ ကျွန်တော်က ချယ်လ်ဆီး မန်နေဂျာ ဘ၀ကို သဘောကျပါတယ်။ ဒါဟာ စိန်ခေါ်မှုတစ်ခုပါ။ ပရိသတ်တွေနဲ့ ကျွန်တော်နဲ့ ကြားက ဆက်ဆံရေးက ကောင်းမွန်ပါတယ်။ ကျွန်တော့်အတွက် စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ နောက်ဆုံး တာဝန်ယူရတာ ဆိုရင်တောင် ကျွန်တော် ချယ်လ်ဆီးကို ချစ်မြတ်နိုး နေမှာပါ။ ဒါကို ဘယ်သူမှ ပြောင်းလဲလို့ မရပါဘူး" ဟုလည်း ပြောကြားသွားသည်။
ဒီမက်တီယိုက "ကျွန်တော်က ဒီအသင်းမှာ အရေး အကြီးဆုံး မဟုတ်ပါဘူး။ တကယ်တမ်းက ကလပ်နဲ့ ကစားသမားတွေက ပိုအရေးကြီးပါတယ်။ ကျွန်တော် သူတို့နဲ့ အတူ လာမယ့် သီတင်းပတ် မြူးနစ်မှာ အကောင်းဆုံး အောင်ပွဲ တစ်ခုကို ပိုင်ဆိုင်ဖို့ မျှော်လင့် ထားပါတယ်" ဟုလည်း ဖွင့်ဟ ပြောဆိုသွားခဲ့သည်။
Ref:Thesun
ကျွန်တော့်အတွက် စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ နောက်ဆုံး တာဝန်ယူရတာ ဆိုရင်တောင် ကျွန်တော် ချယ်လ်ဆီးကို ချစ်မြတ်နိုး နေမှာပါ။ ဒါကို ဘယ်သူမှ ပြောင်းလဲလို့ မရပါဘူး...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com