ဖိလစ်ပိုင်နှင့် ဗီယက်နမ် အသင်းတို့အား အနိုင်ကစား ခဲ့ကာ တောင်ကိုရီးယား အသင်းအား သရေရလဒ် ကစားနိုင်ခဲ့သည့် မြန်မာလူငယ် အသင်းအား ပရိသတ်များ အားလုံးက နှစ်ထောင်း အားရလျက် ရှိသော်လည်း ခြေစစ်ပွဲ မအောင်မချင်း ပေါ့ဆ၍ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သတိပေးခဲ့သည်။
"နှစ်ပေါင်း မြောက်မြားစွာ စောင့်ဆိုင်းခဲ့ရတဲ့ အဖြေတစ်ခု ထွက်လာတဲ့ အတွက် အရမ်းဝမ်းသာတယ်။ အဓိက.ကတော့ ကစားသမား တွေနဲ့ ပရိသတ် အတွက် အရမ်း ၀မ်းသာပါတယ်။ ဒါပေမဲ့ ခြေစစ်ပွဲ မအောင်မချင်း တစ်ချက်ကလေးမှ ပေါ့လို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွား ပါလိမ့်မယ်" ဟု ၎င်းက ဖွင့်ဟ ပြောကြားခဲ့သည်။ မြန်မာအသင်းသည် ဇွန်လ ၃၀ရက်နေ့ ညနေ ၃း၁၅ အချိန်တွင် သုဝဏ္ဏ ကွင်း၌ တရုတ်တိုင်ပေ အသင်းနှင့် လည်းကောင်း၊ ဇူလိုင်လ ၃ရက်နေ့ ညနေ ၆း၁၅ အချိန်တွင် မလေးရှား အသင်းနှင့် လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။
"ကျွန်တော်တို့ ဆက်လက်ပြီး စနစ်တကျ ပံ့ပိုးပေးပါ့မယ်။ နည်းပြ ပတ်ဆောင်ဟွာ အနေနဲ့ အခုလို ခက်ခဲတဲ့ ပွဲမျိုးကိုတောင် သူကိုင်တွယ် နိုင်ပါတယ်။ ဒီတော့ လက်ကျန် ပွဲတွေမှာ အကောင်းဆုံး ဖြစ်အောင် သူ ကြိုးစားမယ်လို့ ကျွန်တော် ယုံပါတယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ကစားအားကိုလည်း ကျွန်တော်တို့ တွေ့ပြီးပြီလေ။ အကောင်းဆုံး ကြိုးစား ကြမှာပါ" ဟု ဦးဇော်ဇော်က ဆက်လက် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် ပွဲစဉ် ဒုတိယပိုင်း၌ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ကာ ရဲဇော်ထက်အောင်နှင့် လူစားလဲ ခဲ့ရသည့် ကွင်းလယ် ကစားသမား ဖြိုးကိုကိုသိန်း ဒဏ်ရာမှာမူ စောင့်ကြည့် နေရဆဲ ဖြစ်ကြောင်း သိရသည်။ သို့သော် တရုတ် တိုင်ပေနှင့် ပွဲစဉ် မတိုင်မီတွင် ပွဲပယ် ခံထားရသည့် ကစားသမား တစ်ဦး တစ်ယောက်မျှ မရှိကြောင်း သိရသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com