မုံရွာ၊ ဇူလိုင် ၁၅
ဒေသခံများက ဆန့်ကျင်နေသည့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း တည်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီး မြို့နယ် ဝက်မှေးရွာ ယာမြေများအတွင်း စွန့်ပစ်မြေများ မပုံရန် သွားရောက် တားမြစ်ခဲ့သည့် ဝက်မှေးရွာနေ တောင်သူများအား တောင်စောင်းပေါ်မှ ကျောက်တုံးများဖြင့် လှိမ့်ချခဲ့ပြီး မဖွယ်မရာ အပြုအမူများ ပြုလုပ်ပြခဲ့သော မြန်မာဝမ်ဘို ကုမ္ပဏီမှ တရုတ်လူမျိုး ဝန်ထမ်း သုံးဦးအား အရေးယူ ဖော်ထုတ်ပေးရန် ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ဝက်မှေးရွာခံ ဖြစ်သည့် မသွဲ့သွဲ့ဝင်းက ပြောကြားသည်။
“ကျွန်မတို့က ပဲစဉ်းငုံခင်းထဲမှာ မြေတွေမပုံဖို့ အဲဒီနေ့က သွားပြောတာပါ၊ ညပိုင်း ၈ နာရီလောက်မှာ မြန်မာဝမ်ဘို ကုမ္ပဏီ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ တရုတ်လူမျိုး သုံးယောက်က တောင်ကုန်းပေါ်က နေပြီး ကျောက်တုံးတွေကို ပြိုင်တူတွန်းပြီး လှိမ့်ချပါတယ်။ နောက်ပြီး သုံးယောက် ပြိုင်တူ မဖွယ်မရာ အပြုအမူ လုပ်ပြပါတယ် အဲဒီ အပြုအမူတွေကို လက်မခံလို့ အမှုဖွင့်တာပါ အမှန်ဆိုရင် ဧည့်သည်က အိမ်ရှင်ကို စော်ကားတဲ့ သဘော ဖြစ်နေပါတယ်”ဟု ၎င်းက ဖြစ်စဉ်အား ရှင်းပြသည်။
ညပိုင်းအချိန် ဖြစ်နေ၍ ယင်းကဲ့သို့ မဖွယ်မရာ ပြုလုပ်မှုကို မည်ကဲ့သို့ မြင်ရပါနည်ဟု The Voice weekly က မေးမြန်းရာတွင် ဆိုဒ်မှ လုပ်ငန်းခွင်မီးများ ထွန်းထားပြီး ရွာသားများတွင်လည်း ဓာတ်မီးများ ပါသည့်အတွက် မြင်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ယင်းအမှုဖွင့် တိုင်ကြားမှုအား ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် မဖွယ်မရာ ပြုလုပ်မှု၊ ကျောက်တုံးများအား လှိမ့်ချမှုဖြင့် အမှုတွဲ လက်ခံရရှိကြောင်း ယင်းရဲစခန်းမှ အရာရှိ တစ်ဦးက အတည်ပြု ပြောကြားပြီး (ပ) နံပါတ်ကိုမူ မသိရှိရသေးပေ။
“ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်တော့ မသိရသေးပါဘူး။ ဒါပေမယ့် တကယ် ဖြစ်ခဲ့တာ မှန်တယ် ဆိုရင်တော့ တရားရုံးက အရင် ဆုံးဖြတ်မှာပါ။ ပြီးရင်တော့ ကုမ္ပဏီကလည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ကို အပြစ်ပေးသွားမယ်လို့ ထင်ပါတယ်”ဟု မြန်မာဝမ်ဘို ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ The Voice Weekly ၏ ဆက်သွယ် မေးမြန်းမှုအား ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာဝမ်ဘို စီမံကိန်းမှာ ဆားလင်းကြီးမြို့နယ် စီမံကိန်းနယ်တွင် ပါဝင်သော ရွာသူရွာသားများ၏ တောင်းဆိုမှုကြောင့် ဇွန်လ ပထမပတ်မှ စတင်၍ မြေသားစုပုံ စွန့်ပစ်မှုများနှင့် စက်ရုံအလုပ်ရုံ တည်ဆောက်ရေး လုပ်ငန်းများအား ယာယီရပ်နား ထားကြောင်း ဒေသခံ တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
The Voice Weekly

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com