ရီးယဲလ်မက်ဒရစ် အသင်းသည် အိမ်ကွင်းတွင် ဘာစီလိုနာအား (၂-၁)ဖြင့် အနိုင် ကစားပြီးနောက် စပိန် စူပါဖလား ချန်ပီယံဆုကို ဆွတ်ခူးသိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်။
ရီးယဲလ်သည် ဘာစီလိုနာမြေတွင် (၃-၂)ဖြင့် အရေးနိမ့်ထားရာ နှစ်ကျော့ပေါင်းရလဒ် (၄-၄)ဖြင့် သရေဖြစ်ခဲ့သော်လည်း အဝေးဂိုး စည်းမျဉ်းအရ ပြိုင်ဘက်ကို အသာစီး ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရီးယဲလ်တွင် ဂွန်ဇာလို ဟီဂူအင်း၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ မီဆွတ်အိုဇေးလ်၊ အိန်ဂျယ်လ် ဒီမာရီယာ၊ ရှာဘီအလွန်ဆို၊ ဆမ်မီခီဒီရာ၊ မာဆယ်လို၊ ဆာဂျီယိုရာမို့စ်၊ ပီပီ၊ အယ်လ်ဗာရို အဘီလိုအာတို့ ပါဝင် ကစားခဲ့သည်။ ဘာစီလိုနာတွင် လီယွန်နယ်လ် မက်ဆီ၊ ပက်ဒရို ရိုဒရီဂွတ်ဇ်၊ အလက်ဆစ် ဆန်းချက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ရှာဗီ ဟာနန်ဒက်ဇ်၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ ဂျော်ဒီအယ်လ်ဘာ၊ ဟာဗီးယား မာရှေယာနို၊ ဂျရတ်ပီကေးနှင့် အက်ဒရီယာနိုတို့ ပွဲထွက် လာခဲ့သည်။
ယခုပွဲတွင် အိမ်ရှင် ရီးယဲလ်သည် ဘာစီလိုနာအပေါ် ခြေအသာဖြင့် ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ပိုမို ဖန်တီးနိုင်ခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် (၇)မိနစ်တွင် ဟီဂူအင်း အပိုင်အခွင့်အရေး ရခဲ့သော်လည်း ဘာစီလိုနာ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ် ကာကွယ်သွားသည်။ (၁၁)မိနစ်တွင် ဘာစီလိုနာ နောက်တန်းအမှားမှတစ်ဆင့် ဟီဂူအင်းက ရီးယဲလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူသည်။ ကွင်းလယ်မှ ကန်တင်ပေးလိုက်သော ဘောလုံးကို မာရှေယာနို နောက်ပြန်ကန်ထုတ်ရန် ကြိုးစားမှု လွဲချော်သွားသည့်နောက် ဟီဂူအင်းက ဆွဲယူသွားပြီး ဗဲလ်ဒက်စ်၏ လက်အောက်မှ ကန်သွင်းသွားခြင်း ဖြစ်သည်။ (၁၉)မိနစ်တွင် ရီးယဲလ်တို့ ဒုတိယဂိုး ရရှိသည်။ ပီကေးရှေ့မှ ဖြတ်ထွက်ပြီး ရော်နယ်လ်ဒိုက ဘောလုံးကို လှလှပပ မြှောက်တင်ချိတ်ယူပြီး ဂိုးဧရိယာထဲတွင် သွေးအေးအေး ကန်သွင်းသွားခြင်း ဖြစ်သည်။ (၂၂)မိနစ်တွင် ဟီဂူအင်း၏ အားထုတ်မှုကို ဗဲလ်ဒက်စ် ခြေထောက်ဖြင့် တားဆီးခဲ့ရပြန်သည်။ (၂၄)မိနစ်တွင် ပီပီ၏ ခေါင်းတိုက်ချက် ဂိုးဝင်သွားသော်လည်း ဂိုးမသွင်းခင် ပြိုင်ဘက်အပေါ် ပြစ်ဒဏ်ကျူးလွန်ထားကြောင်း ဒိုင်က ဆုံးဖြတ်ပြီး ခွင့်မပြုခဲ့ချေ။
(၂၈)မိနစ်တွင် ပွဲ၏ အလှည့်အပြောင်းအဖြစ် အက်ဒရီယာနို အထုတ်ပယ် ခံလိုက်ရသည်။ ရော်နယ်လ်ဒိုအား ဖျက်ထုတ်ပုံ ကြမ်းတမ်းသဖြင့် ဒိုင်က တိုက်ရိုက် အနီကတ် ပြခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာတို့ (၁၀)ယောက်ကျန်ဖြင့် တောက်လျှောက် ရုန်းကန်ခဲ့ရသည်။ ပွဲချိန် မိနစ်(၃၀)တွင် မာဆယ်လို ချပေးသည့် ဘောလုံးကို ခီဒီရာ ဖြတ်ကန်သော်လည်း ဗဲလ်ဒက်စ် ဖမ်းမိခဲ့သည်။ (၃၃)မိနစ်တွင် ဟီဂူအင်း၏ ထိုးဖောက်လာမှုကို မာရှေယာနို ပါးနပ်စွာ တားဆီး ဖျက်ထုတ်နိုင်ခဲ့ပြန်သည်။ ထိုအချိန်တွင် ရီးယဲလ်က ပွဲကို သိသိသာသာ စိုးမိုးကစားနေပြီ ဖြစ်သည်။ (၄၅)မိနစ်တွင် ဘာစီလိုနာတို့ တစ်ဂိုးပြန်လည် ချေပသည်။ အဝေးမှ ပြစ်ဒဏ်ဘောကို လှလှပပ ကန်ချက်ဖြင့် မက်ဆီက ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ချက်ချင်းလိုလို ရော်နယ်လ်ဒိုနှင့် ဟီဂူအင်းတို့ အခွင့်အရေးများ ရခဲ့သေးသော်လည်း ဂိုးမဝင်ခဲ့ချေ။
ပီကေးရှေ့မှ ဖြတ်ထွက်ပြီး ရော်နယ်လ်ဒိုက ဘောလုံးကို လှလှပပ မြှောက်တင်ချိတ်ယူပြီး ဂိုးဧရိယာထဲတွင် သွေးအေးအေး ကန်သွင်းသွား...
ဒုတိယပိုင်းတွင်လည်း ရီးယဲလ်တို့ပင် ခြေအသာဖြင့် ထိုးဖောက်ပြီး ဘာစီလိုနာကို ဖိအားပေးခဲ့သည်။ (၆၂)မိနစ်တွင်မူ ဘာစီလိုနာ၏ တွဲလုံးကစားဟန်ဖြင့် ပက်ဒရို ခင်းပေးသည်ကို မာရှေယာနို ဂိုးသွင်းရန် ကြိုးစားသော်လည်း ရီးယဲလ် ဂိုးသမား အိုင်ကာ ကားဆီးလက်စ် တားဆီးသွားသည်။ (၆၈)မိနစ်တွင် ခီဒီရာ၏ ကန်ချက်ကို ဗဲလ်ဒက်စ် ကာကွယ်ခဲ့ရပြန်သည်။ မိနစ်(၈၀)တွင် တစ်ပွဲလုံး ခြေစွမ်းပြနေသည့် ဟီဂူအင်း၏ ထိုးဖောက်ဂိုးသွင်းမှုကို ဗဲလ်ဒက်စ် မည်သို့မျှ မတုံ့ပြန်နိုင်သော်လည်း တိုင်ထိထွက်သွားခဲ့သည်။ ပွဲပြီးခါနီးတွင် ရီးယဲလ်၏ လူစားဝင် ကစားသမားသစ် လူကာမိုဒရစ် ကိုယ်တိုင်ဂိုးသွင်းရန် အားထုတ်မှု ဂိုးတိုင်ဘေးမှ ကပ်ထွက်ခဲ့သည်။ နောက်ပိုင်းတွင် ဘာစီလိုနာ ဂိုးရရန် အားထုတ်မှု အချို့ကို ရီးယဲလ်ဂိုးသမားနှင့် ခံစစ်က ပိုင်ပိုင်နိုင်နိုင် တားဆီးပြီးနောက် ပွဲအပြီးတွင် စပိန်စူပါဖလားကြီးကို ဆွတ်ခူးရယူနိုင်ခဲ့သည်။
Ref: Eurosport
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com