22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, December 19, 2011

တစ်သက်တာအတွက် ခရစ္စမတ်လက်ဆောင်~~

ရင်ထဲစွဲကျန်ရစ်စေတဲ့ ဒီလို တကယ့်အဖြစ်အပျက်လေးတစ်ခု ရှိခဲ့ပါတယ်။
 

ခရစ္စမတ်ရောက်တော့မယ်။ အမေရိကန် ချီကာဂို အနောက်မြောက်အရပ်မှာရှိတဲ့ Park Pridge မြို့ရဲ့ နေရာအနှံ့မှာ
ခရစ္စမတ်ကိုကြိုဆိုတဲ့ အသက်အငွေ့တွေနဲ့ စည်ကားလို့နေခဲ့တယ်။

အလယ်တန်းကျောင်းတက်နေတဲ့ "ရှယ်လီ"ဟာ မကြာသေးခင်က လက်ခံရရှိခဲ့တဲ့ ခရစ္စမတ်ကတ်တွေကို အထပ်လိုက်
ကိုင်ပြီး သူငယ်ချင်း "ဟီလာရီ"ကိုကြွားဖို့ ပြင်ဆင်နေခဲ့တယ်။ ဒါပေမယ့် ဟီလာရီယူလာတဲ့ ခရစ္စမတ်ကတ်က သူ့ထက်
ပိုများနေတာကို တွေ့လိုက်ရတယ်။

"နင့်မှာ သူငယ်ချင်းတွေ များလှချည်လား? နည်းတစ်နည်းတော့ ရှိရမယ်?" ရှယ်လီက အားကျကျမေးတယ်။

"နည်းကတော့... တခြားသူအပေါ် ရိုးသားမယ်၊ နွေးထွေးမယ်" လို့ပြောပြီး ဟီလာရီဟာ ရှယ်လီကို လွန်ခဲ့တဲ့(၂)နှစ်က
သူတွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့တယ်။

"အဲဒီအချိန်က နွေဦးရာသီပေါ့။ နွေးနွေးထွေးထွေး ညနေခင်းတစ်ခုမှာ ဖေဖေနဲ့ကျွန်မ ပန်းခြံထဲလမ်းလျှောက်နေခဲ့တယ်။
အဲဒီအချိန်မှာ ရယ်စရာကောင်းတဲ့ အဘွားအိုတစ်ဦးကို ကျွန်မတွေ့လိုက်တယ်။ ဒီလောက်ပူနွေးတဲ့ ရာသီဥတုမှာ သူကသိုး
မွေးအင်္ကျီအထူကြီးကို ဝတ်ထားတယ်။ လည်ပင်းမှာလည်း သားရေပုဝါ ပတ်ထားတယ်။ သူ့ပုံစံက နှင်းတွေအရမ်းကျနေ
လို့ဝတ်ထားတဲ့ပုံစံမျိုးပဲ။ ဖေဖေရဲ့လက်မောင်းကို ကျွန်မအသာအယာဆွဲပြီး "ဖေဖေ... အဲဒီအဘွားအိုရဲ့ပုံစံက ရယ်စရာ
အရမ်းကောင်းတာပဲနော်" လို့ ပြောလိုက်တယ်"

"ကျွန်မရဲ့စကားကြောင့် ဖေဖေရဲ့ပုံစံ အရမ်းတည်ကြည်သွားတယ်။
ခဏလောက်တိတ်ဆိတ်သွားပြီးမှ ဖေဖေ စကားစတယ်။

"ဟီလာရီ... သမီးကြည့်ရတာ အရည်အချင်းတစ်ခု လျော့နေသလိုပဲ။ တခြားလူကို သမီး မနှစ်သက်၊ မလိုလားတတ်
ဘူး။ ဒါဟာ တခြားလူနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သမီးမှာ ရိုးသားမှုနဲ့ ဖော်ရွေမှုမရှိကြောင်း သက်သေပြနေတာပဲ"

"အဲဒီတုန်းက ဖေဖေဟာ ပြဿနာကို အကြီးချဲ့နေတယ်လို့ ကျွန်မထင်ခဲ့တယ်။ ဖေဖေ့ကို မကျေမနပ်နဲ့
"အဲဒီအဘွားအိုရဲ့ပုံစံကို ရယ်စရာကြီးလို့ ဖေဖေမထင်ခဲ့ဘူးပေါ့" လို့ ကျွန်မပြန်မေးတယ်"

"သမီးနဲ့ ဆန့်ကျင်ဖက်ပဲ.. အဲဒီအဘွားအိုပုံစံကို ဖေဖေနှစ်သက်တယ်" လို့
ဖေဖေပြန်ပြောတော့ ကျွန်မအရမ်း အံ့သြသွားမိတယ်"

"အဲဒီအဘွားအိုဟာ ဖျားနေလို့၊ နေထိုင်မကောင်းသေးလို့ အနွေးထည်၊ မာဖလာတွေ ဝတ်ထားတာလည်း ဖြစ်နိုင်တယ်။
ဒါပေမယ့် သစ်ကိုင်းပေါ်က ပန်းပွင့်တစ်ပွင့်ကို သူကြည့်နေတဲ့ပုံစံက အရမ်းကို အသက်ဝင်နေတယ်။ ကဲ.. သူ့ပုံစံ ချစ်စရာ
ကောင်းမနေဘူးလား....နွေဦးရာသီကို သူငမ်းလင့်နေတယ်။ သဘာဝကို သူနှစ်သက်၊ သဘောကျတယ်။ ဒီအဘွားအိုဟာ
လူကိုဆွဲဆောင်စေတယ်လို့ ဖေဖေထင်တယ်" လို့ ဖေဖေက ဆက်ပြောတယ်။

"အဲဒီအချိန်ကျမှ အဘွားအိုကို နောက်တစ်ခေါက် ကျွန်မသေချာပြန်ကြည့်မိတယ်။ အဘွားအိုဟာ ဖေဖေပြောသလိုပဲ
နွေဦးကိုတောင့်တတဲ့ အရိပ်အယောင်တွေ သူ့မျက်လုံးထဲ ထင်ဟပ်နေတယ်။ မျက်နှာပေါ်ပေါ်နေတဲ့ သူ့အပြုံးတွေက
သူ့နှလုံးသားရဲ့အပျော်ကို ဖုံးဖိမထားနိုင်ခဲ့ဘူး။

"ဖေဖေဟာ အဘွားအိုရှေ့ ကျွန်မကိုခေါ်သွားပြီး အပြုံးလေးနဲ့ "နွေဦးကို အရသာခံနေတဲ့ အန်တီ့ရဲ့ပုံစံက လူကို
ဆွဲဆောင်စေတယ်။ အန်တီကြောင့် နွေဦးရာသီက ပိုလှသွားပါတယ်" လို့ပြောတယ်။ အဘွားအိုဟာ စိတ်လှုပ်ရှားစွာ
နဲ့ "ကျေးဇူး.......ကျေးဇူးတင်ပါတယ်" လို့ ပြောပြောဆိုဆိုနဲ့ သူ့လက်ဆွဲအိတ်ထဲကနေ ဘီစကစ်တစ်ထုပ်ထုတ်ပြီး
ကျွန်မကို လှမ်းပေးတယ်။ "သမီးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ" တဲ့။

အဲဒီအဖြစ်အပျက်နောက်ပိုင်း ဖေဖေက ကျွန်မကို "သူတစ်ပါးကိုရိုးရိုးသားသား၊ ကြင်ကြင်နာနာနဲ့ လိုလားတတ်ရတယ်။
လူတိုင်းမှာ ဖေဖေတို့လိုလားနှစ်သက်စေတဲ့အရာတွေ ရှိတယ်။ ဒါမှ သမီးမှာ သူငယ်ချင်းတွေ အများကြီးရှိလာနိုင်တယ်"
လို့ပြောခဲ့ပါတယ်။

ဟီလာရီ ရဲ့အဖြစ်အပျက်က ရှယ်လီစိတ်ကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ခဲ့တယ်။

အချိန်ကမြားအလျင်လို မြန်ဆန်ခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာ ခရစ္စမတ်ရက်ကို ရောက်လာခဲ့တယ်။ အဲဒီနေ့က
အိမ်မှာ ခရစ္စမတ်သစ်ပင်၊ လက်ဆောင်တွေ ပြင်ဆင်ရင်းနဲ့ ဟီလာရီတစ်ယောက် အလုပ်များနေခဲ့တယ်။ အဲဒီအချိန်မှာ
ရှယ်လီတစ်ယောက် မျက်နှာပေါ်မှာ အပြုံးတွေနဲ့ အိမ်ထဲပြေးဝင်လာပြီး ဟီလာရီကို အားပါးတရပွေ့ဖက်လိုက်တယ်။
ပြီးတော့ "ဟီလာ.. ကျေးဇူးတင်ပါတယ်။ ဒီနှစ်ခရစ္စမတ်မှာ ငါ ခရစ္စမတ်ကတ်တွေ (၈၂)ခုတောင် ရလိုက်တယ်။
မနှစ်ကထက် ၁ဝဆတောင် ပိုခဲ့ပါတယ်" လို့ပြောတယ်။

"ငါပေးမယ့် ကတ်လေးလဲ ထည့်တွက်လိုက်ပါဦး"

ဟီလာရီက ပြောပြောဆိုဆို အလှဆုံးကတ်တစ်ခုကို ကမ်းပေးလိုက်တယ်။
ကတ်ပေါ်မှာက...............
"လိုလားနှစ်သက်တယ်ဆိုတာ ခင်မင်ရင်းနှီးဖို့ ပေါင်းကူးတံတားလေးပါ။
သူတစ်ပါးကို ကြင်ကြင်နာနာနဲ့ လိုလားတတ်ပါစေလို့ ဆန္ဒပြုပါတယ်" လို့ ရေးထားတယ်။

ဖခင်ရဲ့အသွန်အသင်ကို ဟီလာရီ စွဲစွဲမြဲမြဲမှတ်ယူခဲ့တယ်။ အလယ်တန်းကနေ တက္ကသိုလ်အထိ အဲဒီနောက် အလုပ်အထိ၊
လောကကြီးထဲအထိ ဘယ်နေရာရောက်ရောက် ဟီလာရီဟာ သူငယ်ချင်းတွေ ဝိုင်းဝိုင်းလည်တဲ့ဗဟို ဖြစ်ခဲ့တယ်။ ဒီနေ့
အထိသူဟာ အမေရိကန်မှာသာမက တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စား၊ အလေးထားမှုကို ခံနေတဲ့ (Hillary Clinton)
ဖြစ်ခဲ့တယ်။

တကယ်တော့ လိုလား၊ နှစ်သက်တယ်ဆို တခြားလူကို အပေါ်ယံသာမန်လောက်ပဲ ချီးကျူးတာမျိုး မဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ နှလုံးသားထဲကနေ လှပတဲ့ အပြုသဘောဆောင် တွေးတောမှုကိုပါ ရောင်ပြန်ဟပ်စေပါတယ်။

နွေဦးရာသီလို ကြည်လင်နွေးထွေးတဲ့ စိတ်ရှိသူမှသာ နွေဦးရဲ့အလှအပကို ခံစားတတ်မှာဖြစ်တယ်။
နှလုံးသားထဲမှာ နေရောင်ရှိမှ မြင်မြင်သမျှအရာတွေ လင်းလက်မှာဖြစ်တယ်။
ဖြူစင်ရိုးသားတဲ့ တွေးတောမှုက သေးငယ်တဲ့ အပြုအမူလေးကိုတောင် ကြီးကျယ်မြင့်မြတ်စေပါတယ်။

သူတစ်ပါးကို နှစ်သက်လိုလားတတ်မှ အပြုသဘောဆောင်တဲ့၊ အကောင်းမြင်တတ်တဲ့ အတွေးတွေကို မွေးမြူတတ်မှာ၊
တစ်သက်လုံး ခံစားတတ်မှာဖြစ်တယ်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )