22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, December 21, 2011

အဖြူဆင်းခြင်းနှင့် အဖြစ်များသော မွေးလမ်းကြောင်းပိုးဝင်ခြင်း

မိန်းကလေးတွေမှာ အဖြူဆင်းတာပုံမှန်သဘာဝပဲလား ??

ဟုတ်ပါတယ်။ အမျိုးသမီးအများစုဟာ အပျိုဖော်ဝင်ချိန်မှ သွေးဆုံးချိန်ထိ ရိုးရိုးအဖြူဆင်းတတ်ကျပါတယ်။ သဘာဝအတိုင်းရိုးရိုးအဖြူဆင်းတာကို မသန့်ရှင်းဘူး မကျန်းမာဘူးလို့ မယူဆသင့်ပါဘူး။ အဖြူဆင်းခြင်းဖြင့် သင့်ခန္ဓာကိုယ်က မလိုအပ်တဲ့ ဆဲလ်ဟောင်းတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးခြင်းသာဖြစ်ပါတယ်။ သွေးထဲက အီစရိုဂျင်ဟော်မုန်းပမာဏပေါ်မူတည်ပြီး ရာသီစက်ဝန်းတလျှောက် (ရာသီမလာခင်နှင့်ရာသီလာပြီး) အဖြူဆင်းတဲ့ပမာဏ အနည်းအများကွာတတ်ပါတယ်။ အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်လည်း အဖြူဆင်းတဲ့ပမာဏ အနည်းအများကွာတတ်ကြပါတယ်။


အဖြူဆင်းများတာဟာ ဘာကြောင့်လည်း ??

စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းလွန်းပြီးအားနည်းနေခြင်း၊ ကာမဆန္ဒတက်ကြွနေချိန်၊ မျိုးဥကြွေချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ အဖြူဆင်းများတတ်ပါတယ်။


အဖြူမဆင်းအောင် မိန်းမကိုယ်ကို နေ့စဉ် သန့်စင်သင့်ပါသလား ??

မိန်းမကိုယ်ကို အလွန်အမင်းသန့်စင်ခြင်းဟာ မိန်းမကိုယ်က သဘာဝ pH level ကိုထိခိုက်စေပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပစ်လိုက်လို့ ပြင်ပမှဝင်လာတဲ့ ရောဂါပိုးမွှားတွေကို မတိုက်ထုတ်နိုင်တော့ဘဲ မွေးလမ်းကြောင်းပိုးဝင်နိုင်ပါတယ်။


အဖြူဆင်းတဲ့အရည် ပြောင်းလဲသွားတာ ဘာတွေကြောင့်ဖြစ်နိုင်ပါသလဲ ??

-    မွေးလမ်းကြောင်းပိုးဝင်ခြင်း
-    အမျိုးသမီးတွေ သွေးဆုံးပြီးချိန်မှာ ဖြစ်တတ်တဲ့  Atrophic vaginitis
-    မွေးလမ်းကြောင်းထဲမှာ ပုံမှန်အားဖြင့်ရှိနေတတ်တဲ့ ဘက်တီးရီးယားတွေအလွန်ပွားလာလို့ဖြစ်တဲ့ Bacterial vaginosis
-    သားအိမ်ခေါင်းကင်ဆာ၊ မွေးလမ်းကြောင်းကင်ဆာ
-    Tampon ကို ကြာမြင့်စွာသုံးစွဲခြင်း
 တို့ကြောင့် ဖြစ်နိုင်ပါတယ်။



အဖြူဆင်းတဲ့အရည်ဟာ ဘယ်လိုပြောင်းလဲသွားလျှင် ပိုးဝင်နေတယ်လို့ ယူဆလို့ရပါသလဲ ??

အဖြူဆင်းတဲ့အရည်ဟာ ပုံမှန်မဟုတ်တဲ့အနံ့နံမယ်၊ အစိမ်း (သို့) ညိုညစ်ညစ်အရောင်ရှိမယ်၊ အမြှပ်တွေရှိမယ်၊ နို့နှစ်တွေလိုဖြစ်နေမယ်၊ မိန်းမကိုယ်တစ်ဝိုက်လည်းယားနေမယ် ဆိုရင်တော့မွေးလမ်းကြောင်းမှာ ပိုးဝင်နေတယ်လို့ ယူဆနိုင်ပါတယ်။


ဘာကြောင့်မွေးလမ်းကြောင်းပိုးဝင်နိုင်သလဲ ??

- ရောဂါရှိသူနဲ့ အကာအကွယ်မရှိပဲလိင်ဆက်ဆံခြင်း
- လိင်ဆက်ဆံဖက် အများကြီးရှိခြင်း
- ဆီးချိုရောဂါ၊ ခုခံအားကျဆင်းမှုရောဂါ စတဲ့ ရောဂါများ
- သန္ဓေတားဆေးများ
- ပိုးသတ်ဆေးများ၊ စတီးရွိုက်ဆေးများ
- မွေးလမ်းကြောင်းဆိုင်ရာရောဂါများ ( ဥပမာ သားအိမ်ခေါင်းကင်ဆာ)
ကြောင့် မွေးလမ်းကြောင်းပိုးဝင်နိုင်ပါတယ်။

မွေးလမ်းကြောင်းပိုးမ၀င်အောင် ဘယ်လိုကာကွယ်ရမလဲ ??

- မိန်းမကိုယ်တ၀ိုက်ကို အမြဲသန့်ရှင်းခြောက်သွေ့နေအောင် ထားပါ။

- မိန်းမကိုယ်အတွင်းကို အလွန်အမင်းသန့်စင်ဆေးကြောခြင်း မပြုပါနဲ့။ အမျိုးသမီးတွေဟာ ရာသီလာပြီးချိန်နဲ့ အမျိုးသားနဲ့ဆက်ဆံပြီးချိန်မှာ မိန်းမကိုယ်အတွင်းကို အလွန်အမင်းသန့်စင်အောင် ဆေးကြောတတ်ကြပါတယ်။ တကယ်တော့ မလိုအပ်ပါဘူး။ အထက်မှာ ဖော်ပြခဲ့သလိုပဲ မိန်းမကိုယ်အတွင်းကို အလွန်အမင်း သန့်စင်ဆေးကြောခြင်းကြောင့် မွေးလမ်းကြောင်းကို ပိုးဝင်ခြင်းတောင် ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် သန့်ရှင်းအောင် ဆေးကြောပါ။ ဒါပေမယ့် အလွန်အမင်းမသန့်စင်မိပါစေနဲ့။

- လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ကွန်ဒုံကိုအသုံးပြုပါ။

- အရမ်းကျပ်တဲ့ အတွင်းခံဘောင်းဘီတွေကို မ၀တ်ပါနဲ့။ ချည်သားအတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ၀တ်ဆင်တဲ့ အတွင်းခံဟာလည်း သန့်ရှင်းမှုရှိပါစေ။

- Tampon တွေကို တတ်နိုင်သလောက်မသုံးပါနဲ့။ Pad ကိုသာ အသုံးပြုပါ။ သန့်ရှင်းတဲ့ ပစ္စည်းများကိုသာ အသုံးပြုပါ။

- ဆီး/၀မ်းသွားပြီးချိန်မှာ အရှေ့မှ အနောက်သို့သာ သန့်စင်ခြင်းပြုပါ။

- သင့်မှာ ဆီးချိုရောဂါရှိနေရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏမှာရှိနေအောင် ကုသမှုခံယူပါ။

- တခြားရောဂါတွေကိုလည်း သေချာကုသမှုခံယူပါ။

- မလိုအပ်ပဲ ပိုးသတ်ဆေးတွေနဲ့ စတီးရွိုက်တွေကို စွဲမသောက်ပါနဲ့။


ဘယ်လိုကုသရမလဲ ??

မွေးလမ်းကြောင်းမှာ ပိုးဝင်တဲ့လက္ခဏာတွေ ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ကုသမှုတွေကို ခံယူရမှာဖြစ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )