22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, January 18, 2012

အသက်အရွယ် အိုမင်းလာသောအခါဝယ်

ကျွန်တော်ဟာ အသက် ၉၁ နှစ် ကျော်လာခဲ့ပါပြီ။ ဒါကြောင့် ကမ္ဘာ့စာနယ်ဇင်းတို့၊ ရေဒီယိုတို့၊ ရုပ်မြင်သံကြားတို့မှာ မကြာမကြာလာတတ်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ဂရုစိုက် နားထောင်လေ့ရှိပါတယ်။
ကမ္ဘာမှာဒီနေ့အသက်အရှည်ဆုံးလူမျိုး
လွန်ခဲ့တဲ့ အသက် ၁၅ နှစ် လောက်တုန်းက ကမ္ဘာမှာ အသက်အရှည်ဆုံး လူမျိုးတွေဟာ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ အိုက်စလန် စတဲ့ ပြည်သူပြည်သားတွေလို့ လေ့လာမိသလိုပဲ။ အဲဒီလူတွေရဲ့ အစားအသောက် လေ့လာကြည့်တော့ အများအားဖြင့် ဒိန်ချဉ်ကိုသာ သောက်ကြတဲ့အတွက်လို့ သိရတယ်။ အဲဒီလို စကင်ဒီနှေးဗီးယားနယ်ဟာလည်း ကမ္ဘာမှာ နွားနို့ အထွက်ကောင်းတဲ့ နိုင်ငံတွေထဲ ပါဝင်တယ်။
အခုတော့ ဒီဘက်ပိုင်းမှာ ဂျပန်လူမျိုးတွေဟာ ကမ္ဘာမှာ အသက်အရှည်ဆုံးနေရာကို ယူလိုက်ပြီတဲ့။
တိုင်းပြည်အစိုးရကလည်း ကျန်းမာရေးအတွက် ဂရုစိုက်ပြီး မပြတ်ညွှန်ကြားပေးတယ်တဲ့။ ဂျပန်လူမျိုးတိုင်းဟာ ကျန်းမာရေးကို ဂရုစိုက်တယ်။ ကိုယ်လက်လှုပ်ရှားမှုကို စက်ရုံ၊ အလုပ်ရုံတွင်သာမက တစ်ပြည်လုံးကို ဦးဆောင်ဦးစီးပြုပြီး နိုင်ငံတော်က အချိန် သတ်မှတ်ပေးထားတယ်။ အဲဒီလို အသံလွှင့်ပြီး အချက်ပေးတဲ့အချိန်မှာ ယောက်ျား၊ မိန်းမတွေဟာ မိမိတို့ လုပ်ကိုင်နေတဲ့ အလုပ်တွေကို ခေတ္တရပ်ဆိုင်းပြီး ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ကြရတယ်။
ပြီးတော့ စားသောက်ဆိုင်မှာလည်း အသားထက် သီးနှံတွေကို ပိုစားကြတယ်။ အဆီအစိမ့်တွေကိုလည်း အများအားဖြင့် ရှောင်တယ်။ ဟင်းသီးဟင်းရွက်တောင် သူတို့တိုင်းပြည်ကထွက်တဲ့ ဟင်းသီးဟင်းရွက်ပဲ စားတယ်။ 
ဘာကြောင့်လဲဆိုရင် သူတို့တိုင်းပြည်မှာ ဓာတုပစ္စည်းတွေပါတဲ့ မြေသြဇာကိုသုံးတော့ နိုင်ငံတော်အစိုးရ ကိုယ်တိုင်က မသုံးကြဖို့ ပညာပေးတယ်။
အသက်အရွယ်ကြီးတဲ့လူတွေဟာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျအောင် မနေဘဲ ကျန်တဲ့ ရက်ကြွင်းကလေးတွေကို မိမိ မိသားစုအတွက်ပဲ ဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း အကျိုးရှိမဲ့ အလုပ်တစ်ခုခုကို ဖြစ်ဖြစ် လုပ်ကိုင်နေဖို့ အထူး လိုတယ်ဆိုတာ တစ်နေ့တခြား နားလည်မိပါတယ်  .  .  .
သူတို့တိုင်းပြည်က ထွက်တဲ့ သီးနှံတွေက ဈေးကြီးပေမယ့် ကိုယ့်တိုင်းကိုယ့်ပြည်က ဟင်းသီးဟင်းရွက်တွေကိုပဲ ၀ယ်စားပြီး နိုင်ငံခြားကလာတဲ့ သီးနှံတွေ ဈေးနှုန်းချိုပေမယ့် အတတ်နိုင်ဆုံး ရှောင်တယ်တဲ့။
အဲဒီလို အစားအသောက်ကိုလည်း ဂရုစိုက်စားကြတယ်။ ကိုယ်ကာယ လှုပ်ရှားတယ်။ ပြီးရေပူလည်း စိမ်ကြတယ်တဲ့။ ဒီလို စိမ်ပြေနပြေ ရေပူစိမ်တော့ တစ်နေ့တာ ပင်ပန်းသမျှ အကြောအချဉ်တွေကိုလည်း ပြေစေတယ်တဲ့။ အဲဒီလို အကြောင်းကြောင်း တွေကြောင့် ဂျပန်လူမျိုးတွေဟာ အသက်ရှည်တယ်တဲ့။
ဂျပန်အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ရှည်တယ်လို့ သိရတယ်။ အမျိုးသမီးတွေဟာ လင်ယူသားမွေး ကိစ္စတွေဟာလည်း ယောက်ျားတွေထက် ပိုတယ်။ လင်ယူသားမွေးတော့ အားအင်ချည့်နဲ့စေတယ်။ ဒါဟာ ကျန်းမာရေးကိုအင် မတန်ထိခိုက်တဲ့ အဲဒီလို လင်ယူသားမွေး နေတာတောင် ဂျပန်ယောက်ျားတွေထက် အသက်ရှည်သေးတယ်ဆိုရင် တကယ်လို့များ လင်ယူသားမွေးများ မပြုခဲ့လျှင် အခုထက်ပိုပြီး အသက်ရှည်မယ်လို့ ပြောလို့ရပါတယ်။
ဝန်ထမ်းတွေ အငြိမ်းစားယူပြီးနောက်
အမေရိကန်မှာ ၅၅ နှစ်ဆိုရင် ၀န်ထမ်းတွေကို ပင်စင်ပေးတယ်။ အဲဒီအထဲက ၁၉ ရာခိုင်နှုန်းလောက်ကသာ အေးဆေးစွာ နေရတယ်။ ဂေါက်သီးရိုက်တယ်။ ဒါပေမယ့် ၈၁ ရာခိုင်နှုန်းကတော့ လူ့အဖွဲ့အစည်း အကျိုးရှိမယ့် 
သိပ္ပံပညာတို့ကို ရှာဖွေဆည်း ပူးဖို့ လုပ်ကြတယ်။ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အမွေအနှစ်တွေ ထားခဲ့ဖို့ ကမ္ဘာအရပ်ရပ်ကို ခရီးထွက် လေ့လာကြတယ်။
တချို့ ပင်လယ်မြေအောက်ရှိ သတ္တ၀ါတွေအကြောင်း လေ့လာ ရှာဖွေတယ်။ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ မှတ်တမ်းပြုတယ်။ တချို့ အာကာသမှာရှိတဲ့ ကြယ်တံခွန်တွေ လေ့လာခြင်း၊ မှတ်တမ်းပြုခြင်း၊ ကျမ်းပြုခြင်း စတဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူး  ရှိမယ့် ပညာရပ်တွေကို လေ့လာကြတယ်။
ဒီလိုလေ့လာကြတဲ့အခါ ငွေကုန်ကြေးကျ ခံရတယ်။ တချို့အသက်ပင် ဆုံးရှုံးကြတယ်။ ဒီလို ပင်စင်ပေးခံရပေမယ့် စိတ်အားမငယ်တဲ့အပြင် မိမိတို့နောက်ဆုံး လူလောကမှာ နေရမယ့် ကြွင်းကျန်တဲ့ရက်တွေ၊ လတွေ၊ နှစ်တွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ကြတယ်။
ငရုတ်ကျည်ပွေ့အတတ်ပေါက်တဲ့နှယ်
တချို့ တိုင်းပြည်တွေမှာ အရင်က အသက်ကြီးတဲ့ လူတွေရဲ့အကြောင်းကို မှတ်တမ်းပြုကြတယ်။ နောက် ၁၀ နှစ်ကြာမှ အဲဒီလို မှတ်တမ်းမှတ်ရာပြုတဲ့ သက်ကြီးရွယ်တွေစာရင်းကို ပြန်ကောက်ယူကြပြန်တယ်။ အတော်များများဟာ ကွယ်လွန်သွားကြ တယ်ဆိုတာ တွေ့ရတယ်။
ကျန်တဲ့ ဘိုးဘွားတွေကို ဘာများ လုပ်ကိုင်ချင်ကြသလဲလို့ မေးတော့ တချို့ သေခါနီးတော့မှ စာသင်ချင်ကြတဲ့။ ငရုတ်ကျည်ပွေ့အတတ်ပေါက် ဆိုတဲ့ သဘောလိုပေါ့။
ကျန်တဲ့သက်ကြီးရွယ်အိုတွေရဲ့ သမိုင်းကြောင်းတွေကို ပြန်လေ့လာတဲ့ အခါ 'စိတ်ကောင်း၊ စေတနာကောင်း၊ သဘောကောင်းတဲ့ မေတ္တာတရားထားတဲ့ ဘိုးဘွားတွေဟာ အရက်၊ ကွမ်း၊ ဆေးလိပ် မသောက်တဲ့လူတွေထက် အသက် ခုနစ်နှစ်တောင် ပိုလို့ရှည်တယ်တဲ့။
ဥပါဒန်ကြောင့် ဥပဒ်ရောက်
အသက်ကြီးလာပြီဖြစ်တဲ့ ဘိုးဘွားတွေဟာ မိမိကိုယ်မိမိ ငါတော့ အသက်ကြီးပြီ၊ ပုတီးစိတ်ပြီး သေမယ့်ရက်ကို စောင့်မျှော်ပြီး နေရင်တော့ ဒီလို ခံယူချက်ရှိတဲ့အတိုင်း သင်္ချိုင်းကုန်းကို မြန်မြန်ရောက်တော့မယ်။ ငါတော့အိုပြီလို့ ကိုယ့်ကိုယ်ကို ခံယူလိုက် တဲ့လူဟာ တကယ်ကို အိုသွားတယ်တဲ့။ အားငယ်တဲ့စိတ် ၀င်လိုက်တာနဲ့ တစ်ပြိုင်နက် မိမိရုပ်ဟာလည်း တစ်ခါတည်းကျသွားတယ်။ အိုသွားတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေတယ်တဲ့။
ဒါကြောင့် အသက်အရွယ်ကြီးတဲ့ လူတွေဟာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျအောင် မနေဘဲ ကျန်တဲ့ရက်ကြွင်းကလေးတွေကို မိမိ မိသားစု အတွက်ပဲ ဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း အကျိုးရှိမယ့် အလုပ်တစ်ခုခုကို ဖြစ်ဖြစ် လုပ်ကိုင်နေဖို့ အထူးလိုတယ် ဆိုတာကို တစ်နေ့တခြား နားလည်မိပါတယ်

နိုင်ငံခြားရောက်တဲ့ သူငယ်ချင်းရဲ့စာ
နိုင်ငံခြားရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ထံက စာလာပါတယ်။ သူက ဒီလိုရေးထားပါတယ်။ 'အိုတယ်ဆိုတာ သေတာထက် ဆိုးပါတယ်' အိုတယ်ဆိုတော့ ချောင်းနဘေးမှာ တုံးလုံးချည်းလဲနေတဲ့ သစ်တုံးကြီးလိုပဲ။
သောင်ပြင်ပေါ်မှာ တုံးလုံးချည်းလဲနေတဲ့ သစ်တုံးကြီးဟာ နေပူဒဏ်၊ လေပူဒဏ်၊ မိုးရေဒဏ်တို့ ထိပြီး တဖြည်းဖြည်း ပဲ့ပြီးပဲ့ပြီး ကြွေမွပျက်စီးသွားသလိုပါပဲ။
'သစ်တုံးကြီးဟာ မြင်ကွင်းက ချက်ချင်းပျောက်သွားလည်း မဟုတ်သလို'
'အသက်အရွယ်ကြီးလာတော့ ကားဟောင်းကားအိုကြီးများလို ဟိုက ချို့ယွင်း၊ ဒီက ချို့ယွင်းသလိုတဲ့'
'ဟိုအရင် ငယ်စဉ်တုန်းက အိုရမှာ၊ သေရမှာ မကြောက်ခဲ့ပါဘူး။ အခုလည်း မကြောက်ပါဘူး။ ဒါပေမယ့် အိုတာဘာလဲဆိုတာ ယခုမှ သိလာပါတယ်။ တကယ်တော့ အိုတယ် ဆိုတာ သေတာထက် ဆိုးပါတယ်'
အဲဒီလိုရေးပြီး သူက ဒီလို ဆက်ရေးပြန်ပါတယ်။
'အိုကြောင်းတွေ ဒီလောက်ရေးနေတော့ ကျွန်တော်ဟာ ရောဂါဝေဒနာတွေ ဖိစီးပြီး အိပ်ရာထဲမှာ လဲနေပြီလား၊ ဒီလိုတော့လည်း မဟုတ်ပါ။ ရောဂါ ကြီးကြီးမားမားရယ်လို့လည်း မရှိပါ။ pick-up ကားလို ကိုယ်တိုင်မောင်းနိုင်ဆဲ ဖြစ်ပါတယ်။ သွက်သွက်လက်လက် သွားနိုင်၊ လာနိုင်၊ စားချင်တာ စားနိုင်တုန်း ဖြစ်ပါတယ်။
'သေရမယ့်ရက်ကလည်း တဖြည်းဖြည်း နီးလာပြီ ဆိုတော့ ကျန်တဲ့ ရက်ကြွင်းကလေးတွေကို အကျိုးရှိစွာ အသုံးချလိုပါတယ်။ အိမ်မှာလည်း တတ်နိုင်သမျှ တရားထိုင်တယ်။ တရားခွေတွေနာတယ်။ တရားစာအုပ်တွေ ဖတ်တယ်။
ဒါပေမယ့် သိပ်ပြီး အားမရပါ။ ဒီထက်ပိုပြီး လုပ်သင့်တယ်လို့ပဲ ထင်နေပါတယ်။
အဲဒီလို ကျွန်တော့်သူငယ်ချင်းက နိုင်ငံခြားကနေ စာရေးခဲ့ပါတယ်။ သူ့အသက်ဟာ အခု ၇၆ နှစ်ရှိခဲ့ပါ ပြီ။ အငြိမ်းစား ဆရာဝန် တစ်ယောက်လည်း ဖြစ်ပါတယ်။ အတွေ့အကြုံလည်းများတဲ့ ပုဂ္ဂိုလ်ကြီးပါ။
ကျွန်တော်က ပြန်ကြားစာကို ဒီလို ရေးပေးလိုက်တယ်
အထက်မှာ ဖော်ပြခဲ့တဲ့ အမေရိကန် ပင်စင်စားတွေအကြောင်း ပြီးတော့ ချောင်းနံဘေးမှာ သောင်တင်နေတဲ့ သစ်တုံးကြီးအကြောင်း ရေးပေးလိုက်ပါတယ်။ နေပူဒဏ်၊ လေပူဒဏ်၊ မိုးရေဒဏ်တို့ ထိပြီး တဖြည်းဖြည်း ပဲ့ပြီးပဲ့ပြီး 
ကြွေမွပျက်စီးသွားတဲ့ အဖြစ်ကို မရောက်အောင် ဆွဲယူ လွှစင်ပေါ်တင်ပြီး လူ့အဖွဲ့အစည်းအတွက် လိုအပ်သလို ခွဲစိတ်ပစ်လိုက်ရင် သစ်တုံးကြီးဟာ အလိုလို တန်ဖိုးရှိသွားမယ်လို့ ပေါ့ဗျာ။
ပြီးမသေမီ ကြွင်းကျန်တဲ့ အချိန်ပိုင်းကလေးမှာ သေမယ့်ရက်ဟာ တစ်နေ့ထက်တစ်နေ့ နီးလာပြီဆိုကာ သေခြင်းတရား တစ်ခုထဲကိုသာရှုပြီး တရားအားထုတ်နေတာထက် လူဟာ တစ်နေ့သေမယ် ဆိုတာကို အသိတရား  ထားပြီးမှ တရားလည်းအားထုတ်ရင်း၊ အမေရိကန် ပင်စင်စား အများစုတွေ လူ့အဖွဲ့အစည်းအတွက် မြေပေါ်မြေအောက် လျှို့ဝှက်နေတဲ့ ဒါမှမဟုတ် လူတွေမသိသေးတဲ့ သိပ္ပံပညာတွေ ရှာဖွေတဲ့ အလုပ်မျိုး မလုပ်နိုင်တဲ့တိုင်အောင် မိမိ ဖြတ်သန်းလာခဲ့တဲ့ တစ်ပုံတစ်ခေါင်းကြီး ရှိခဲ့တဲ့ အတွေ့အကြုံ တွေကို ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်အဖြစ် မပြုစုနိုင်တဲ့တိုင် ကျမ်းတစ်စောင် စာတစ်ဖွဲ့လောက်ကိုတော့ ပြုစုစေချင်ကြောင်း။ အဲဒီလိုလုပ်ခဲ့ပါရင် ဟိုကနာတာ၊ ဒီကကိုက်တယ်ဆို တဲ့ နာကျင်မှုအပေါ် အာရုံရောက်မှာ မဟုတ်ဘူး။ ဒီတော့ အသက်လည်း ရှည်မယ်။ လူ့အဖွဲ့အစည်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အလုပ်အကျွေးတွေကိုလည်း ပြုရာကျမယ်ပေါ့ဗျာ။လူ့အဖွဲ့အစည်းအတွက် အကျိုးရှိမယ့် အလုပ်တစ်ခုခုကို လုပ်ကိုင်ရင်း တရားထုတ်နိုင်ပါစေလို့ ဆုတောင်းပါကြောင်းလို့ ပြန်စာ ရေးပေးလိုက်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )