22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ရုပ်ရှင်လောကသားအားလုံး တက်ညီလက်ညီနဲ့ ဝိုင်းဝန်းကြိုးစားကြမှသာ


 
ယခင် စာချုပ်ထားသည့် ထုတ်လုပ်ရေးများအတွက် သာမက အသစ်စာချုပ်ထားသည့် ထုတ်လုပ်ရေးများ အတွက်ပါ ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေသူ ပြေတီဦးက ရုပ်ရှင်လောကသားများ အားလုံးရင်ဆိုင်နေရသည့် ဈေးကွက်ကျဆင်းမှု ပြဿနာအပေါ် အဖြေရှာနိုင်ရန် ကြိုးပမ်းနေသည့် မင်းသားများအနက် တစ်ဦးဖြစ်သည်။ ကြုံတွေ့ရလျက်ရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုဈေးကွက်အပေါ် အမြင်၊ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်အပေါ် သဘောထားနှင့် ရှေ့ဆက်မည့် အနုပညာခရီးစဉ်အချို့ကို ပြောပြခဲ့သော သရုပ်ဆောင်မင်းသား ပြေတီဦး
မေး ။ ၂၀၁၂ခုနှစ်အတွက် အနုပညာပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားတာမျိုး ရှိလား။
ဖြေ ။ ကြိုတင် ပြင်ဆင်ထားတာ တွေရှိပါတယ်။ အာဒမ်ဧ၀ဒသ ဇာတ်ကားအပြီးမှာ နင်စေရင်၊ လက်ပံ၊ တိုက်ဆိုင်မှုရှိလျှင်လို ကားမျိုးတွေ က ပရိသတ်ကြားထဲကို အနုပညာဖန်တီးမှု အသစ်တစ်ခုအနေနဲ့ တင်ပြဖို့ကြိုးစားတဲ့ ကားမျိုးတွေပေါ့လေ။ ကျွန်တော့်ရဲ့စိတ်ကူးအရဆိုရင် လမ်းကြောင်းတစ်ခု ပြောင်းအောင် ကျွန်တော်တို့လုပ်နိုင်ခဲ့ပြီးပြီ။ အဲဒီ ရဲ့နောက်မှာ ပရိသတ်ထပ်ပြီးလက်ခံနိုင်အောင် ငါးကားထပ်ရိုက်ထားတယ်။ အဲဒီကားတွေ ပြီးရင်တော့ ဒီလမ်းကြောင်းကို ကျွန်တော်ထပ် မရိုက်တော့ဘူး။ နောက်ထပ်လမ်းကြောင်းတစ်ခု ဖောက်နိုင်အောင် ကြိုး စားမယ်။
မေး ။ အုတ်မြစ်ခိုင်မာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ခဲ့တဲ့ ကားတွေအပေါ် ပရိသတ်ရဲ့ တုံ့ပြန်မှုကို ဘယ်လိုမျှော်လင့်ထားလဲ။
ဖြေ ။ အဲဒီဇာတ်ကားငါးကားက အာဒမ်ရယ်ဧ၀ရယ်ဒသရယ် ဆိုတဲ့ အောင်မြင်မှုလမ်းကြောင်း တစ်ခု အပေါ် အုတ်မြစ်ခိုင်မာဖို့ ထပ်ချထားတဲ့ဇာတ်ကားတွေပါ။ အဲဒီကားတွေအပေါ်မှာ အကောင်းဆုံး အားစိုက်ထုတ်မှုတွေ ထည့်ထားတယ်။ ဒါကြောင့် ပရိသတ်အားပေးလိမ့်မယ်လို့လည်း ယုံကြည်တယ်။
မေး ။ ဒါဆိုအခုလက်ရှိ ရင်ဆိုင်နေရတဲ့ ဈေးကွက်ကျဆင်းမှု အခြေအနေမှာရော အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်လား။
ဖြေ ။ ဖြစ်လာနိုင်ပါတယ်။ အာဒမ် ဧ၀တုန်းကတော့ ရှင်းနေတာပဲလေ။ အကယ်ဒမီရပြီး နောက်တစ်ခေါက် ပြန်ပြတာတောင် အားပေးနေကြတာပဲလေ။ ကားကောင်းရင် ပရိသတ်အားပေးတယ်ဆိုတာ ရှင်းနေတာပဲ။ ကားမကောင်းရင်တော့ ပရိသတ်ကအားပေးမှာ မဟုတ်ဘူး။
မေး ။ ရုပ်ရှင်နဲ့ ဗီဒီယိုဈေးကွက် ကျနေတဲ့အပေါ် မှာရော ဘယ်လိုဖြေရှင်းသွားရမယ်လို့ ထင်လဲ။
ဖြေ ။ ဒါက တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတဲ့အရာတွေ မဟုတ်ဘူး။ ရုပ်ရှင်လောကသားအားလုံး တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကြိုးစားကြမှသာ ရုပ်ရှင်လောကရဲ့ တိုးတက် ပြောင်းလဲမှုဆိုတဲ့ အခြေအနေတစ်ခုကို တွေ့ မြင်နိုင်မှာ။
မေး ။ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ် ဖြစ်ပေါ်လာတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ ။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပါ။ ဒါကြောင့်လည်း ကျွန်တော်တို့အပါအ၀င် အားလုံးက အကောင်အထည် ပေါ်လာအောင် ဆောင်ရွက်ခဲ့ကြတယ်။ ကိုယ်တတ်နိုင်တဲ့ ကျရာနေရာကနေ ပါဝင်ပေးခဲ့ကြတယ်။ ရွေးချယ်ထားပြီးဖြစ်တဲ့ အဖွဲ့အစည်းကလည်း သူတို့ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဆောင်ရွက်နေကြပြီ။
မေး ။ အကယ်ဒမီရပြီးချိန်မှာ ပိုပြီးတာဝန်ကြီး လာတာမျိုးရော ရှိလား။
ဖြေ ။ ကြိုးစားတဲ့အပိုင်းကတော့ အရင်အတိုင်းပါပဲ။ ဘယ်အရာကိုပဲ လုပ်လုပ် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားရတာပါပဲ။ အဲဒီကြိုးစားမှုအပေါ် အသိအမှတ်ပြုမှုတစ်ခုအနေနဲ့ အကယ်ဒမီရလာတယ်။ ကိုယ့်ကိုအသိအမှတ်ပြုရကျိုးနပ်အောင် ကျွန်တော့်ဘက်ကတော့ ဆက်ပြီးကြိုးစားရမှာပါ။ အကယ်ဒမီရခြင်းမရခြင်း ဆိုတာထက် ကိုယ်လုပ်တဲ့အလုပ် အပေါ် အကောင်းဆုံးဖြစ်စေချင် တဲ့ စိတ်နဲ့ပဲကြိုးစားဖြစ်တာပါ။
မေး ။ မိသားစုနဲ့ ဖြစ်လာတဲ့အချိန်မှာ အချိန် သီးသန့်ပေးနိုင်ဖို့ ကြိုးစားမယ်လို့ ပြောခဲ့ဖူးတယ်နော်။ အကောင်အထည်ဖော် ဖြစ်ပြီလား။
ဖြေ ။ ကျွန်တော်ကိုယ်တိုင် အပါအ၀င် အများစု လွဲနေကြတာလေး ရှိတယ်။ လုပ်ငန်းခွင်ဝင်တဲ့သူ အများစုက တစ်ပတ်မှာ အနည်းဆုံး တစ်ရက်တော့ ပိတ်ရက်ရှိတယ်။ ကျွန်တော်တို့မှာ တစ်နှစ်လုံးကို နားရက်မရှိ ရိုက်ကြသလို တစ်ပတ်မှာသုံးလေးရက်က လည်း night scene ဆိုတာမျိုးတွေ ပါသေးတယ်။ ဒီတော့ မိသားစုအတွက် အချိန်ပေးဖို့မပြောနဲ့ ကိုယ်တိုင် နားချိန်တောင် အိပ်ချိန်လောက်ပဲ ရှိသလိုဖြစ်နေတယ်။ ဒီတော့ ကျွန်တော်ဒီနှစ်ထဲမှာဆုံးဖြတ်ထားတယ်။ ဇာတ်ကားရိုက်တွေရဲ့ ကြားထဲမှာမှ နားရက်ဆိုတာမျိုး ရှိအောင်၊ အဲဒီ အချိန်မှာလည်း မိသားစုအတွက် အချိန်ပေးနိုင်အောင်ပေါ့။
မေး ။ အခုပြင်ဦးလွင် ရောက်နေပြီဆိုတော့ ဘယ်နှကားလောက် ရိုက်ဖြစ်မလဲ။
ဖြေ ။ နှစ်စဉ် ဒီအချိန်ကတော့ ပြင်ဦးလွင်မှာ ဇာတ်ကားတွေ သွားရိုက်နေကြပါပဲ။ ရန်ကုန်မှာ အရမ်းပူနေတော့ အပူရှောင်တဲ့သဘောမျိုး ပါသလို ရိုက်ကွင်းနေရာ အပြောင်းအလဲလည်း ဖြစ်သွားတာပေါ့လေ။ ကျွန်တော်ပြင်ဦးလွင်မှာ ဗီဒီယိုရော၊ ဒီဗီဒီရောရိုက်ဖို့ ရှိပါတယ်။ ဇွန်လဆန်းကျမှပဲ ရန်ကုန်ကိုပြန်လာဖြစ်ပါမယ်။
Ref : Eleven
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )