ဘော့စ်နီးယား၊ ဟာဇီးဂိုဗီးနား (Bosnia-Herzegovina) မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲအတွင်း လူမျိုးတုန်း သတ်ဖြတ်မှုတွေမှာ တာဝန်ရှိသူအဖြစ် နာမည်ဆိုးနဲ့ ကျော်ဇောတဲ့ ဘော့စ်နီးယား-ဆာ့ဗ် စစ်တပ် အကြီးအကဲအပေါ် ကုလသမဂ္ဂ တရားခွင်က တရားလို ရှေ့နေတွေက စွဲချက်တွေ တင်သွင်းနေကြပါတယ်။

ဗိုလ်ချုပ်ကြီး ရက်ကို မလာဒစ်ခ်ျ (Ratko Mladic) ကတော့ နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာရှိတဲ့ ကုလသမဂ္ဂ တရားခွင်ကို လက်မထောင်၊ လက်ခုပ်တီးပြီး ရောက်လာခဲ့တာပါ။
အသက် ၇၀ အရွယ်ရှိ စစ်ခေါင်းဆောင်ဟောင်းဟာ မူဆလင် အမျိုးသမီး တဦးကို စေ့စေ့ကြည့်ပြီး လည်ပင်းကို လှီးဖြတ်တဲ့ပုံ လုပ်ပြခဲ့ပါတယ်။ တရားခွင်ကို တက်ရောက်လာတဲ့ အမျိုးသမီး တယောက်ကတော့ ဠင်းတတကောင်အဖြစ်နဲ့ ထပ်တလဲလဲ ခေါ်ခဲ့တာပါ။ ဒီနောက်မှာတော့ တရားသူကြီး Alphons Orie က အပြန်အလှန် မတော်တရော် ပြုမူနေတာတွေကို ရပ်ဖို့ ကြားဝင်ဟန့်တားခဲ့ရပါတယ်။

စစ်ခေါင်းဆောင်ဟောင်း မလာဒစ်ခ်ျ ဟာ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ အမှုတွေ အပါအ၀င် စွဲချက် ၁၁ ခုနဲ့ ရင်ဆိုင်နေရတာပါ။ စွဲချက်တွေကို သံသယမရှိ ရလေအောင် သက်သေထူသွားမယ်လို့လည်း တရားလို ရှေ့နေ Dermot Groome က တရားခွင် အဖွင့် လျှောက်လှဲချက် ပေးရာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မလာဒစ်ခ်ျဟာ ဘော့စ်နီးယားက ဆာဗရီနီဆာ မြို့မှာ အမျိုးသားနဲ့ ယောက်ျားလေး ရှစ်ထောင်လောက်ကို အစုလိုက်အပြုံလိုက် ကွပ်မျက်ဖို့နဲ့၊ ၁၉၉၀ ပြည့်လွန် နှစ်ဦးပိုင်းတွေမှာ ဆာယာရေဗို မြို့တော်ကို ပိတ်ဆို့ ၀ိုင်းဝန်းထားရာက သေကြေမှုတွေ ဖြစ်ရတဲ့အထိ အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂက ဘေးကင်းလုံခြုံရာ ဒေသအဖြစ် သတ်မှတ်ထားတဲ့ နေရာမှာ စုဝေးနေကြတဲ့ အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ ဆာဗရီနီဆာ မြို့က အစုလိုက် အပြုံလိုက် လူသတ်ပွဲကတော့ ၁၉၉၅ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။