22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, June 3, 2012

ထိုင်းအာဏာပိုင်တွေရဲ့ လုံခြုံရေးအစီအစဉ်ကြောင့် မယ်လမှာ ဒေါ်အောင်ဆန်းစုကြည် အသေအချော စကားပြောခွင့် မရခဲ့

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ထဆောင်ရမ် ဒေသမှာရှိတဲ့ မယ်လဒုက္ခသည် စခန်းကို ဒီကနေ့ မနက် (၁၀)နာရီခွဲမှာ ရောက်ရှိလာတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခသည်ဦးရေ (၆၀၀၀) ခန့်က ဆိုင်းဘတ်များ ပိုစတာများ ကိုင်ဆောင်ပြီး တခဲနက်ကြိုဆိုခဲ့ကြပါတယ်၊

ဒါပေမယ့် ထိုင်းအာဏာပိုင်တွေရဲ့ လုံခြုံရေး စိုးရိမ်မှုကြောင့်
ဒေါ်အောင်ဆန်းစုကြည်ဟာ စကားပြောခွင့်မရတဲ့အတွက် လူထုက စိတ်မကောင်း ဖြစ်ကြရတယ်လို့ စခန်းကော်မတီ ဥက္ကဋ္ဌ
စောထွန်းထွန်းက ပြောပါတယ်။

“အားလုံးကတော့ ခံစားချက်တူမယ်လို့ ကျနော်တို့ထင်တာပေါ့လေ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ရဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်ကြီးက ကျနော်တို့စခန်းကို လာရောက်လေ့လာသွားတဲ့ အတွင်း ကျနော်တို့ကတော့ တကယ်ကို ဝမ်းမြောက်မှု ကြီးစွာနဲ့ပဲ ကြိုဆိုနေတာပေါ့ဗျာ၊ ကျနော်တို့ ဝမ်းလည်းဝမ်းမြောက်တယ်။
ဒေါ်စုကိုလည်း အရမ်းအရမ်းတွေ့ချင်တာပေါ့။ အခုလိုတွေ့ခွင့်ရတာလည်း ကျနော်တို့ စိတ်ထဲမှာ ပီတိတော့ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ စိတ်ပျက်မိတာတွေတော့ ရှိတာပေါ့ဗျာ၊ ကျနော်တို့ကလည်း ဒေါ်စုကို
ပြောချင်တာလေးတွေ ရှိတာပေါ့ဗျာ၊ မပြောနိုင်ခဲ့ဘူး ပြီးတော့လည်း လူထုကို ကျနော်တို့က ဒေါ်စုရဲ့ စကားတွေပေါ့လေ။ အားပေးနှစ်သိမ့်မှုတွေ၊ ဒေါ်စုရဲ့ အသံလေးတွေ ကျနော်တို့ ကြားချင်ပေမယ့် ကျနော်တို့ ဒုက္ခသည် လူထုတွေ ကြားခွင့်မရလိုက်တဲ့အတွက် စိတ်ထဲမှာပေါ့ နည်းနည်းတော့ မျှော်လင့်ထားသလို မဖြစ်တော့ စိတ်ပျက်မိတဲ့
သဘောပေါ့ဗျာ”

ဒေါ်အောင်ဆန်းစုကြည်ကို တက်ခရိုင်ဝန် ဆူရိယပရာဖတ်ဘန်းဒစ် အပါအဝင်၊ နိုင်ငံခြားရေး၊ စစ်နဲ့ ရဲဌာနတို့က တာဝန်ရှိသူများနဲ့ NGO တချို့က ကြိုဆိုခဲ့ကြပြီး စခန်းရုံးမှာ(၁)နာရီခွဲခန့် ဒုက္ခသည် အခြေအနေနဲ့ ပတ်သက်လို့ ခရိုင်ဝန်က ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်၊ ဒါပေမယ့် အစီအစဉ်အားလုံးဟာ ထိုင်းအာဏာပိုင်တွေကပဲ ဦးစီးတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ မျှော်လင့်သလို ဖြစ်မလာခဲ့ဘူးလို့ သူကအခုလိုဆက်ပြောပါတယ်။

“အစီအစဉ်တွေ အားလုံးဟာ ထိုင်းအာဏာပိုင်တွေပဲ အားလုံး စီစဉ်လိုက်တယ်၊ သူတို့က ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကြောင့် ဆိုပြီးတော့ ဒီလူထုနဲ့ စကားပြောတာတို့ အစီအစဉ်မရှိအောင်ကို သူတို့က ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာ၊ stage စင်ပေါ်မှာ ထွက်ရပ်တာမျိုး မရှိအောင် မိုက်ရိုဖုန်းတွေ အသုံးပြုခွင့်မရှိအောင် လူထုတွေကို စကားပြောနိုင်ဖို့ကတော့ အစီအစဉ်က ဘယ်လိုမှ ကျနော်တို့ စီစဉ်လို့ မရဘူး ဖြစ်နေတယ်ခင်ဗျ”

ဆွေးနွေးပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စခန်းတွင်းမှာရှိတဲ့
ဆေးရုံကိုသွားရောက်ပြီး လူနာတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်၊ အဲဒီနောက် နေ့လည်စာသုံးဆောင်ပြီးတဲ့နောက်မှာ သူမကို ကြိုဆိုနေတဲ့ လူထုကို မိနစ်အနည်းငယ် နှူတ်ခွန်းဆက်စကား ပြောကြားရာမှာ ဒုက္ခသည်တွေကို မေ့မထားကြောင်းနဲ့ လိုအပ်တဲ့ကျန်းမာရေး အကူအညီတွေ ပေးပို့နိုင်အောင် ကြိုးစားသွားပါမယ်
လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လူထုကတော့ (၃) နာရီကြာ စောင့်ဆိုင်းနေခဲ့ရတာဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် စကားကိုကြားချင်ပါတယ်လို့ပဲ ကြွေးကြော်နေခဲ့ ကြတယ်လို့လည်း စောထွန်းထွန်းက ပြောပါတယ်၊

“အမေစုကိုပေါ့လေ ကျနော်တို့ မြန်မာနိုင်ငံခေါင်းဆောင် တယောက်အနေနဲ့ ဘယ်လောက်ထိချစ်တဲ့အကြောင်း ကျနော်တို့ သိရတယ်လေ၊ ဘယ်နေရာပဲ
သွားသွား အမေစုဟာ ကျနော်တို့ရဲ့ခေါင်းမှာ ကြယ်ပွင့်ကြီးပမာ ထင်ရှားနေတယ်လို့ သုံးသပ်တဲ့အပြင် လူထုတွေက သူ့အပေါ်မှာ အများကြီး မျှော်လင့်တယ် ကျနော်ထင်ပါတယ်။ ဒုက္ခသည် လူထုရဲ့
မျှော်လင့်ချက်တွေဟာလည်း အမေစုအပေါ်မှာပဲ ရှိနေလိမ့်မယ်လို့လည်း ကျနော်တို့မြင်တယ်လေ။ ”

ဒေါ်အောင်ဆန်းစုကြည်ဟာ လူဦးရေ (၄) သောင်းခွဲကျော်ရှိတဲ့ ဒုက္ခသည်စခန်းကနေ နေ့လည်(၁း၁၅) မှာ ပြန်လည်ထွက်ခွာ သွားပါတယ်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )