22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

အရှုံးအနိုင် မပေါ်ခဲ့သည့် အင်္ဂလန်နှင့် ပြင်သစ် ~ ပထမဆုံး ဥရောပ ပြိုင်ပွဲတွင် အနိုင်ရသည့် ယူကရိန်း

ဥရောပ ဖလား အုပ်စု(D)၏ ဗွေဆော်ဦး ပွဲစဉ်များတွင် နာမည်ကြီး နှစ်သင်းဖြစ်သော အင်္ဂလန်နှင့် ပြင်သစ်တို့ အရှုံးအနိုင် မပေါ်ခဲ့ဘဲ အိမ်ရှင် ယူကရိန်းကမူ ၎င်းတို့၏ ပထမဆုံး ဥရောပ ဖလား ပွဲစဉ်တွင် အနိုင်ရလဒ်ကို ပိုင်ဆိုင်ကာ အုပ်စုအား ဦးဆောင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။

အင်္ဂလန် ၁ - ၁ ပြင်သစ်
အင်္ဂလန်သည် ဒန်နီဝဲလ်ဘက်ကို တိုက်စစ်မြားဦးတွင် တင်ကစားကာ အက်ရှ်လေယန်း၊ အဲလက်စ် အိုလိဒ် ချိန်ဘာလိန်၊ ဂျိမ်းစ်မီလ်နာတို့က ၀န်းရံ ထိုးဖောက်ခဲ့ပြီး ကွင်းလယ်တွင် စတီဗင်ဂျရတ်နှင့် စကော့ပါကားတို့ တာဝန်ယူ ကစားသွားသည်။ နောက်တန်းတွင် အက်ရှ်လေယန်၊ ဂျိုလီယန် လက်စ်ကော့တ်၊ ဂျွန်တယ်ရီ၊ ဂလင်းဂျွန်ဆင်တို့နှင့် လူစုံခဲ့သည်။ (၂၀၀၀)ပြည့်နှစ် ဥရောပ ချန်ပီယံ ပြင်သစ်တွင်မူ ကီရင်ဘန်ဇီးမားကို ရှေ့တင်ကာ ဖလော်ရင့် မာလူဒါ၊ ဆမ်မီ နာဆရီနှင့် ဖရန့်ခ်ရစ်ဘာရီ တို့က ပံ့ပိုးခဲ့ကြပြီး ကွင်းလယ်နှင့် ခံစစ်တွင် အလူဒီယာရာ၊ ယိုဟန် ကာဘာယီ၊ ပက်ထရစ် အီဗရာ၊ အဒီလ်ရာမီ၊ ဖိလစ်ပီ မက်ဆက်စ်၊ မက်သရူး ဒီဘူချီတို့ ပါဝင် ကစားခဲ့သည်။
အင်္ဂလန် Vs ပြင်သစ်

ပွဲချိန် (၁၅)မိနစ်တွင် အင်္ဂလန် အတွက် ကောင်းမွန်သော အခွင့်အရေး တစ်ခု ရရှိခဲ့သော်လည်း မီလ်နာ ဖြုန်းတီးပစ်ခဲ့သည်။ ယန်းထံမှ တိကျသော ပေးပို့မှုကို ပြင်သစ် ဂိုးသမား ဟူဂိုလောရစ် မကာကွယ်နိုင်ချိန်တွင် လူမရှိသော ဂိုးပေါက်ထဲ ကန်ခွင့်ရသော်လည်း မီလ်နာ၏ အားထုတ်မှု လွဲချော်ခဲ့သည်။ ချက်ချင်းလိုလိုပင် ကာဘာယီ၏ (၂၅)ကိုက် အကွာမှ ကန်ချက် ဝေ့၀ိုက်ပြီး ဂိုးပေါက်ကို ခြိမ်းခြောက်လာရာ အင်္ဂလန် ဂိုးသမား ဂျိုးဟတ် ဒိုင်ဗင်ထိုး ပုတ်ထုတ်ခဲ့ရသည်။ ထို့နောက်ပိုင်းတွင် နှစ်သင်းလုံး တိုက်စစ်ကို ပိုမို အားပြု ကစားလာပြီး မိနစ်(၃၀)တွင် အင်္ဂလန် ဂိုးစရသည်။ ဂျရတ် ကန်တင်ပေးသည့် ပြစ်ဒဏ်ဘောကို ဒီယာရာ Marking ကပ်ထားသည့် ကြားမှ ဖောက်ထွက်လာသည့် နောက်ခံလူ လက်စ်ကော့တ်က အားပါပြင်းထန်သည့် ခေါင်းတိုက်ချက်ဖြင့် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ (၃၅)မိနစ်တွင် နာဆရီ ကန်တင်ပေးလိုက်သော ထောင့်ကန်ဘောကို ဒီယာရာက အပြင်းခေါင်းတိုက်သော်လည်း ဟတ်က လက်စွမ်းပြ ပုတ်ထုတ် သွားနိုင်ခဲ့သည်။ သို့သော် (၃၉)မိနစ်တွင် ပြင်သစ်တို့ ချေပဂိုး ပြန်သွင်းသည်။ နာဆရီက ဘယ်ခြမ်းမှ အတွင်းသို့ ချိုးယူကာ ဧရိယာ ပြင်ပမှ တစ်ဆင့် အနိမ့်ဘော ခပ်ပြင်းပြင်း ကန်ကာ မန်ချက်စတာ စီးတီး အသင်းဖော်၏ ဂိုးပေါက်ထဲ ဘောလုံးရောက်သွား စေခဲ့သည်။

ပထမပိုင်း အပြီးတွင် (၁)ဂိုးစီ သရေကျနေခဲ့ပြီးနောက် ဒုတိယပိုင်းတွင် ပွဲမှာ အတန်ငယ် ထိန်းကစားပြီး အေးစက်စက် ဖြစ်လာခဲ့သည်။ အထူးသဖြင့် ယခုပွဲတွင် ရမှတ်ဆုံးရှုံးပါက အုပ်စုတက်ရေး ဖိအားတိုးသွားမည့် အနေအထားကြောင့် နှစ်သင်းလုံး စိုးရိမ်စိတ်ဖြင့် အမှားမရှိအောင် ထိန်းကစားနေရာ ပြင်သစ် ပရိသတ် အချို့ပင် သမ်းဝေနေသည်ကို တွေ့ခဲ့ရသည်။ မိနစ်(၈၀)တွင် ပြင်သစ် ကွင်းလယ်လူ ကာဘာယီက ဘောလုံးကို နည်းစနစ်ကျကျ ဆွဲထုတ်လာကာ လှမ်းကန်သော ဘောလုံး ၀ဲလ်ဘက်နှင့်ထိကာ လမ်းကြောင်းပြောင်း ထွက်သွားခဲ့သည်။ ပွဲပြီးခါနီးတွင် အင်္ဂလန် နောက်တန်း၏ အာရုံပျံ့လွင့်မှုမှတစ်ဆင့် ဘန်ဇီးမား အခွင့်အရေးတစ်ကြိမ် ရခဲ့သော်လည်း ဟတ်က ကာကွယ်နိုင်ခဲ့သည့်နောက် နှစ်သင်းလုံး (၁)မှတ်စီဖြင့် ကျေနပ်ခဲ့ရသည်။

ယူကရိန်း ၂ - ၁ ဆွီဒင်
အိမ်ရှင် ယူကရိန်းသည် ၎င်းတို့ ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့် ရလာသည့် ဥရောပဖလား ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်လာကာ အန်ဒရီ ဗိုရိုနင်၊ အန်ဒရီ ရှက်ဗ်ချန်ကို၊ အန်တိုလင် တိုင်မိုရှက်၊ အန်ဒရီ ယာမိုလန်ကို၊ ယက်ဗ်ဟန် ဆီလင်၊ အိုလက် ဂူဆက်ဗ်၊ တာရက်စ် မစ်ဟာလစ်ခ် အစရှိသော ကစားသမားများဖြင့် ခင်းကျင်းလာခဲ့သည်။ ဆွီဒင်မှာမူ မားကက်စ် ရိုဆန်ဘာ့ဂ်၊ အိုလာ တွိုင်ဗိုနန်၊ ဇလာတန် အီဘရာဟီမိုဗစ်၊ ဆီဘက်စတီယန် လာဆင်၊ ကင်မ် ကယ်လ်စထရွမ်၊ ရက်စ်မက်စ် အမ်းလ်၊ အိုလက်ဖ် မဲလ်ဘာ့ဂ် အစရှိသော ကစားသမားများ ပါဝင်လာသည်။

ယူကရိန်းသည် အိမ်ရှင် ပရိသတ် အားပေးမှုဖြင့် ဖိအားပေးရန် ကြိုးစားခဲ့သလို ဆွီဒင်ကလည်း ဥရောပ ၀ါရင့် အသင်းကောင်း တစ်ခုပီပီ ယူကရိန်းဘက်သို့ ထိုးဖောက် တိုက်စစ်ဆင် ကစားခဲ့သည်။ (၁၇)မိနစ်တွင် အီဘရာဟီမိုဗစ် ထံမှ ကန်တင်လိုက်သည့် အန္တရာယ် ရှိလောက်သော ဖြတ်တင်ဘောကို ယူကရိန်း ဂိုးသမား အန်ဒရီ ပြာတော့ဗ် ရှင်းထုတ်ခဲ့ရသည်။ ယူကရိန်းသည် ယခုပြိုင်ပွဲသို့ နိုင်ငံ၏ အကောင်းဆုံး ဂိုးသမား (၃)ဦး ဒဏ်ရာရ၊ ပွဲပယ် ပြဿနာများကြောင့် ခေါ်ယူလာနိုင်ခြင်း မရှိဘဲ ယှဉ်ပြိုင်နေရခြင်းဖြစ်သည်။ (၂၃)မိနစ်တွင် ယူကရိန်း အသင်းခေါင်းဆောင် ရှက်ဗ်ချန်ကို ဘောလုံးဆွဲယူလာပြီး ကန်ခွင့်ရသော်လည်း ဂိုးတိုင်ဘေးမှ ထွက်သွားခဲ့သည်။ (၃၅)မိနစ်တွင် ဗိုရိုနင်၏ လှပတိကျသော ကန်သွင်းချက်ကို ဆွီဒင် ဂိုးသမား အန်းဒရက်စ် အိုင်ဆက်ဆန် ကာကွယ်နိုင်ခဲ့သည်။ (၃၈)မိနစ်တွင် ရှက်ဗ်ချန်ကိုနှင့် ယာမိုလန်ကိုတို့၏ နှစ်ဆင့် အားထုတ်မှုများကို မဲလ်ဘာ့ဂ် ဦးဆောင်သော ဆွီဒင်နောက်တန်းက ရှင်းထုတ်ခဲ့သည်။ မိနစ်(၄၀)တွင် အီဘရာဟီမိုဗစ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရသော်လည်း ဘောလုံးမှာ ဂိုးပေါက်နှင့် လွဲချော်သွားခဲ့ပြီး ပထမပိုင်း အပြီးတွင် ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။

(၅၂)မိနစ်တွင် ဆွီဒင်တို့ ဂိုးစတင် သွင်းယူသည်။ ဘယ်ခြမ်းမှ ကယ်လ်စထရွမ် အနိမ့် ဖြတ်ချိုးပေးလိုက်သည့် ဘောလုံးကို အီဘရာဟီမိုဗစ်က အလိုက်သင့် အနီးကပ် ပိတ်သွင်းခဲ့ရာ ပြာတော့ဗ်၏ လက်အောက်မှ ဂိုးဝင်သွားခဲ့သည်။ သို့သော်လည်း (၃)မိနစ် အကြာတွင် အိမ်ရှင် ယူကရိန်းက အရှုံးဂိုးကို ချေပခဲ့သည်။ ယာမိုလန်ကို ကန်တင်ပေးလိုက်သော ထောင့်ဖြတ်ဘောကို ရှက်ဗ်ချန်ကိုက ခေါင်းတိုက်ရာ အိုင်ဆက်ဆန် မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရခြင်း ဖြစ်သည်။ ထို့နောက် (၆၁)မိနစ်တွင် ရှက်ဗ်ချန်ကိုကပင် ယူကရိန်းအတွက် (၃)မှတ်အပြည့် ရစေမည့်ဂိုးကို ထပ်မံ သွင်းယူသည်။ ယက်ဗ်ဟီနီ ကိုနိုပလန်ကာ၏ ထောင့်ကန်ဘောကို ကျောနံပါတ်(၇) တိုက်စစ်မှူးက အမှားအယွင်းမရှိ အသုံးချနိုင်ခဲ့ခြင်း ဖြစ်သည်။ (၇၅)မိနစ်တွင် အီဘရာဟီမိုဗစ် ဂိုးဧရိယာထိပ်မှ အားပါပြင်းထန်သော ကန်ချက်ဖြင့် ခြိမ်းခြောက်မှုသည် ပြာတော့ဗ်ထံ တည့်တည့် ရောက်သွားသည်။ မိနစ်(၉၀)တွင် ဆွီဒင်၏ လူစားဝင် တိုက်စစ်မှူး ဂျိုဟန် အယ်လ်မန်ဒါ တစ်ကြိမ်ကန်ခွင့် ရသော်လည်း ဂိုးပေါက်လွဲသွားသည့်နောက် ယူကရိန်းကပင် (၂-၁)ဖြင့် အနိုင်ရသွားခဲ့သည်။
Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )